“ကျွန်တော်တို့ပြောတဲ့ ယုံကြည်မှုတည်ဆောက်ရေးဆိုတာက မိတ်ဆွေဖွဲ့တာ မဟုတ်ဘူး” ပဒိုစောတာဒိုမှူး (KNU)

0
304

KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးနှင့် အင်တာဗျူး

၁၄ ဇန်နဝါရီ ၂၀၂၁

(၈၃) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ ပေးပို့သော ကရင် အမျိုးသားအစည်းအရုံး အရုံး KNU ဥက္ကဌ၏ သဝဏ်လွှာပါအကြောင်းအရာနှင့်အတူ လက်ရှိမြန်မာ့ငြိမ်းချမ်းရေးအခြေအနေနှင့် ပတ် သက်၍ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးကို မွန်သတင်းအေဂျင်စီမှ ဆက်သွယ်မေးမြန်းခဲ့ပါ တယ်။

မေး – တိုင်းရင်းသားလက်နက်ကိုင်အချို့ က လက်ကိုင်တော်လှန်ရေးတိုက်ပွဲဝင်တဲ့ နည်းလမ်းကို ရပ်ဆိုင်းထား ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာကြတာ ဘယ်အတိုင်းအတာထိ ရောက်နေပြီလို့ ပြောလို့ရလဲ။

ဖြေ – အခုက ရောက်တော့မရောက်သေးဘူး။ လှမ်းမြင်နေရတဲ့အနေအထားပါ၊ ပြောချင်တာက ကျွန်တော် တို့ ဘယ်လိုပြောမလဲ အဖြေက ညှိနှိုင်းဆွေးနွေးတဲ့ စားပွဲဝိုင်းပေါ်မှာပဲ ရှိတယ်၊ ဒါပေမယ့် မှန်ကန်ပြီး တရားမျှတတဲ့ ဆွေးနွေးပွဲတော့ ဖြစ်ဖို့လိုတာပေါ့။အဲဟာကိုတော့ ရအောင်ဖန်တီးကြဖို့လိုတာပေါ့ ပြောချင်တာက တစ် ယောက်ကိုတစ်ယောက် တစ်ဖက်ကိုတစ်ဖက် အနိုင်ယူပြီး သတ်ကြဖြတ်ကြတာလည်း နှစ်၆၀၊ ၇၀ ရှိနေပြီလေ အဖြေက မထွက်ကြဘူးလေ နောက်ဆုံးနိုင်ငံပဲ ဒုက္ခရောက်တာပေါ့။အဓိကတော့ အခုအစိုးရအသစ် လည်း တက်တဲ့ ကာလဖြစ် တော့ အစိုးရအသစ်အနေနဲ့လည်း ဘယ်လောက်အ ထိ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကို လိုလားသလဲဆိုတာ ကျွန်တော်တို့ တီးခေါက်ကြည့်ရင်ကောင်းမလားဆိုတဲ့ သဘောလဲ ပါပါတယ်။

မေး – ခုနောက်ပိုင်း တိုက်ပွဲတွေ ပြန်ဖြစ်လာတာရော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် ဘယ်လိုသက်ရောက်မှုရှိ လဲ။

ဖြေ- တိုက်ပွဲတွေ ဖြစ်တဲ့အခြေခံကတော့ ယုံကြည်မှုတွေ ကျဆင်းတဲ့အပိုင်းပေါ့နော်။ ယုံကြည်မှုတွေ ယိုယွင်းတဲ့ အပိုင်းက ဖြစ်တာပေါ့။ ဒါတွေကို ပြန်တည်ဆောက်ရမှာပေါ့။ ပြောချင်တာက ကျွန်တော်တို့ တိုက်ခိုက်နေကြ တာပဲ။ အမှန်တကယ်က တိုက်ချင် ခိုက်ချင်လို့‌တော့မဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေးရပ်တည်ချက် မှာ ကျွန်တော် တို့ အဖြေရှာနိုင်တဲ့ Space ဟာ အကန့်အသတ်ဖြစ်လာတာဆိုတော့ ဒါမျိုးဟာ ဖြစ်ပေါ်တတ်တယ်လေ ဒါပေမယ့် Space ဟာ ရှိနေပြီဆိုရင် Space ကို ချဲ့ထွင်ဖို့လိုတာပေါ့နော် ကျွန်တော်တို့မှာက Space က ရှိတယ်ဆိုပေမယ့် မြင်ရတာပဲရှိတာလေ အဲကို မရောက်နိုင်ဘူးလေ ကျွန်တော်တို့ တပ်မတော်နဲ့ Bilateral တွေ့ဖို့ဆိုတာ ၂၀၁၂ က တည်းကနေ တစ်စိုက်စိုက်မတ်မတ် ကျွန်တော်တို့ သဘောတူစာချုပ်တွေလည်းရထားတယ် ဒါပေမယ့် အခုထက်ထိမတွေ့နိုင်တာလည်း အဲလိုဟာတွေက အခက်အခဲတွေပေါ့နော်၊

မေး-အပြန်အလှန်တည်ဆောက်မှု အပိုင်းမှာရော လက်တွေ့ပိုင်းမှာ အလုပ်ဖြစ်တယ်လို့ မြင်လား။

ဖြေ-ဒီလိုပါ ယုံကြည်မှုတည်ဆောက်တယ်ဆိုတာက နှစ်ဖက်က လိုတာပေါ့နော်။ ဘာကြောင့် ယုံကြည်မှု တည် ဆောက်တယ်လို့ ပြောရတယ်ဆိုရင် ကျွန်တော်တို့က ဒီငြိမ်းချမ်းရေးကို သွားချင်တာကိုး ကျွန်တော်တို့ အဓိပ္ပာယ်ဖွင့်တဲ့ ငြိမ်းချမ်းရေးဆိုတာက ငြိမ်းချမ်းရေးဒီကမ္ဘာမှာ ငြိမ်းချမ်းတဲ့ နိုင်ငံဆိုတာကတော့ ငြိမ်းချမ်းအောင် အခြေခံတွေနဲ့ တည်ဆောက်ရတာပဲ ဥပမာ အမေရိကန်နိုင်ငံကိုပဲ ကြည့်ပါ ငြိမ်းချမ်းတယ်ဆိုတဲ့ အနေအထားကတော့ ဒီကမ္ဘာမှာ လူသားတွေ အချင်းချင်းမှာ သဟဇာတရှိစွာနဲ့ ပြဿနာဖြစ်လာရင် ဖြစ်လာတဲ့ ပြဿနာကို သတ်မှတ်ထားတဲ့ သဘောတူလက်ခံတဲ့ ဥပဒေတွေနဲ့ ယန္တာရားတွေနဲ့ ညှိနှိုင်းဖြေရှင်းကတဲ့ဓလေ့ကို ကျင့်သုံးတဲ့ နေရာမှာ တင် ငြိမ်းချမ်းနိုင်တာကိုး ဆိုတော့ အဲဓလေ့က ကျွန်တော်တို့ နိုင်ငံမှာ မရှိနေသေးတဲ့အခါကျတော့ အဲကိုရောက်အောင်သွားတဲ့နေရာမှာတော့ အဲလိုမျိုးပြဿနာကို ငြိမ်းချမ်းစွားဖြေရှင်းပြီးတော့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လောက်တဲ့ ယန္တရားနဲ့ ဥပဒေတွေ စိုးမိုးဖို့အတွက်ကတော့ အားလုံးတည်ဆောက်ရမယ်ဆိုတဲ့ ပထမအချက်ကိုတော့ အားလုံးလက်ခံဖို့လိုတာပေါ့နော်၊ အဲဒီအခြေခံက မရှိပဲနဲ့ တစ်ဖက်ဖက်က အနိုင်ယူသွားတာနဲ့ ငြိမ်းချမ်းတယ်လို့ မသတ်မှတ်ဘဲနဲ့ တစ်ဖက်ဖက်က ရှုံးနိမ့်သွားလို့ သေနတ်သံတွေ ပျောက်သွားတာကလည်း ငြိမ်းချမ်းတာဆိုတာက ငြိမ်းချမ်းရေးမဟုတ်ဘူး၊ ဒီနေ့သေနတ်သံပျောက်တယ် တစ်ချိန်ချိန်ပြန်ပေါ်လာတာပဲ ဘာလို့လည်းဆိုတော့ ငြိမ်းချမ်းရေးက လူသားတွေအားလုံးရဲ့ ရင်ထဲမှာ ရှိတယ်ဆိုရင်ပဲ ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့အပိုင်းမှာတော့ ခုနပြောတဲ့ တကယ်ငြိမ်းချမ်းလိုတဲ့ဆီကိုသွားချင်တယ်ဆိုရင်တော့ ယုံကြည်မှုတည်ဆောက်ခြင်းဆိုတဲ့ ခုနပြောတဲ့ ရန်ဖက်ကြားက ကျွန်တော်တို့ အဖွဲ့အစည်းတွေပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ပုဂ္ဂိုလ်ကြားမှာပဲ ဖြစ်ဖြစ် ဒါတွေကို ကျွန်တော်တို့ နှစ်ဖက်လက်ခံတဲ့ သဘောတူညီချက်တွေကို သဘောတူညီချက်အရ လိုက်ပါလုပ်ဆောင် ခြင်းကို‌တော့ ကျွန်တော်တို့ အဲလိုသတ်မှတ်ပါတယ်။ ဒါကြောင့် ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ က လူတစ်ဦးနဲ့ တစ်ဦး ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးတည်ဆောက်တာမဟုတ်ဘူး။ ကျွန်တော်တို့ အဲလိုမမြင်ဘူး။ ကျွန်တော်တို့ နားလည်တဲ့ ယုံကြည်မှုတည်ဆောက်ခြင်းဆိုတာက နှစ်ဖက်လက်ခံထားတဲ့ သဘောတူညီချက်တွေကို ဘယ်လောက်အထိ လိုက်ပါပြီးတော့ အကောင်အထည်ဖော်နိုင်တယ်ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့သတ်မှတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပြောတဲ့ ယုံကြည်မှုတည်ဆောက်ခြင်းဆိုတာက ကျွန်တော်တို့ ၂၀၁၂ မှာ Bilateral ထိုးထားတယ်၊ ဒီ Bilateral အရ ဆက်ပြီးဆွေးနွေးမယ့်ဟာတွေ ကျွန်တော်တို့ ဘာမှမလုပ်နိုင်ဘူး။ နောက် ကျွန်တော်တို့ ၂၀၁၅ မှာ NCA ထိုးထားတယ်။ ထိုးထားတဲ့အတိုင်း လုပ်တဲ့ဟာတွေကလည်း အခန်း(၅)ကိုတော့ လုပ်နိုင်တယ် ကျန်တဲ့အခန်းတွေက ကိုးရိုကားယားတွေ ဖြစ်နေတယ်၊ ပြောလိုတာက ကျွန်တော်တို့ပြောတဲ့ ယုံကြည်မှုတည်ဆောက်ရေးဆိုတာက မိတ်ဆွေဖွဲ့တာမဟုတ်ဘူး။ မူဝါဒနဲ့ ကျွန်တော်တို့ အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက်နဲ့ နှစ်ဖက်သဘောတူညီချက်အပေါ်မှာ ဘယ်လိုအဖြေရှာမလဲဆိုတဲ့ ရလဒ်ထွက်လာတဲ့အပေါ်မှာ မူ တည်ပါတယ်။

မေး-ပြီးခဲ့တဲ့ ရက်ပိုင်းက ဖာပွန်မှာ တပ်မတော်တပ်စခန်းတွေ ရုပ်သိမ်းပေးဖို့ ကရင်လူထုတွေ ဆန္ဒပြတောင်းဆို မှုတွေ အပေါ် ဘယ်လိုလုပ်ဆောင်သွားဖို့ရှိလဲ၊ ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးသွားဖို့ရှိလား။

ဖြေ-ပထမတစ်ချက် က ဒီလိုမျိုးလူထုတွေက ကိုယ့်အရေးကိုယ့်အရာမှာ ကိုယ့်ဟာကို ရပ်တည်ပြီး ဖော်ဆောင် သင့်တယ်ဆိုတဲ့ အယူအဆတွေဝင်လာတယ်၊ ဒါကိုလည်း ဒီမိုကရေစီကို ယုံကြည်သက်ဝင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူပြည်သားတွေအနေနဲ့ တိုးတက်မှုတစ်ခုလို့ ကျွန်တော်တို့ ပြောလို့ရတာပေါ့၊ ကျွန်တော်တို့ကတော့ ပြည်သူလူထုတွေ ဆန္ဒပြတောင်းဆိုတာကို ထောက်ခံတယ်၊ Statement လည်းထုတ်ထားတာပေါ့။ ဆွေးနွေးဖို့ဆိုတာက ဒီလိုမျိုး နှစ်ဖက်ယုံကြည်မှုတည်ဆောက်နိုင်ဖို့ ဆိုတာက ငြိမ်းချမ်းရေးလုပ်ငန်းတွေကို သွားပြီဆိုရင် အရင်ဦးဆုံး အပစ်အခတ်ရပ်စဲရေးကနေသွားတယ်၊ အပစ်အခတ်ရပ်စဲရေးသည် ကျွန်တော်တို့ ခုနပြောသလို နှစ်ဖက်သေနတ်သံလေးပျောက်သွားရုံနဲ့ မဟုတ်ဘူး။ အပစ်အခတ်ရပ်စဲရေးဆိုတာ နှစ်ဖက်တည်ရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးနယ်မြေမှာ ရှိနေတဲ့ တင်းမာမှုတွေကို ပထမဦးဆုံး တည်ရှိတဲ့နေရာမှာ ရပ်တန့်ပေးပြီးတော့ နောက်ဆုံးကျွန်တော်တို့ တိုက်စစ်အနေအထားကနေပြီးတော့ ခံစစ်အနေအထား ထားပြီးတော့ လူထုတွေ ပိုသွားလာ လှုပ်ရှားနိုင်တဲ့ အနေအထားကို ကျွန်တော်တို့ လမ်းဖွင့်ပေးဖို့လိုတယ်။ အခုက အဲလိုဟာမျိုးတွေ မရှိတဲ့အခါကျတော့ အဲလိုအယူအဆမျိုးကို လက်မခံလိုတဲ့အတွက်ကြောင့်ပဲ ဆွေးနွေးပွဲကို ရှောင်ရှားလိုတဲ့သဘောလို့ပဲ ကျွန်တော်တို့ သုံးသပ်ရမလားတော့ မသိဘူးပေါ့နော်။ အဲတော့ ဘာပဲဖြစ်ဖြစ် ဒီဟာကတော့ ကျွန်တော်တို့ တွေ့ဆုံပြီး ဖြေရှင်းရမယ် ဒီကိစ္စတွေ ဖြေရှင်းဖို့အတွက်လည်း ကျွန်တော်တို့ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကို စာပို့ထားပြီးပါပြီ။ ပြီးခဲ့တဲ့ နိုဝင်ဘာလက တစ်စောင် ဒီဇင်ဘာလတုန်းက တစ်စောင် ဘာမှတော့ အကြောင်းပြန်ကြားချက်တော့ မရသေးပါဘူး။

မေး-ကရင်နှစ်သစ်ကူးအ တွက် ပေးပို့တဲ့သဝဏ်လွှာမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ဆိုရင် ပြည်ထောင်စု အတွင်း နေထိုင်တဲ့ တိုင်းရင်းသားလူမျိုးစုတွေကို လေးစားအသိအမှတ်ပြုပြီး တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရရှိတဲ့အချိန်မှသာ ဖြစ်နိုင်မယ်လို့ဖော်ပြထားတော့ ဘယ်အချိန်အတိုင်းအတာအထိရောက်သွားနိုင်လည်း။

ဖြေ-ဒါတွေက တည်ဆောက်သွားရမယ့် ကိစ္စတွေလေ ကျွန်တော်တို့ ပြောချင်တာက ဒီဟာတွေကို တည်ဆောက် သွားဖို့ အတွက် ပထမအဆင့်ကတော့ ဗျာ တည်ဆောက်နိုင်ဖို့အ တွက် ဆွေးနွေးရမယ့် အဲအခြေအနေတစ်ခုဖြစ် လာဖို့ လိုတာပေါ့နော်။ ဆွေးနွေးတဲ့အခြေအနေရပြီဆိုရင် ဆွေးနွေးတဲ့ အခြေအနေကနေပြီးတော့ တည်ဆောက်တဲ့ဖက်ကို ဦးတည်သွားတဲ့ ကျွန်တော်တို့ အဖြေတွေထွက်ဖို့ လိုတာပေါ့။ ဆွေးနွေးမှုကနေ အဖြေတွေထွက်လာပြီဆိုရင် ထွက်လာတဲ့အဖြေတွေပေါ်မှာ မူတည်ပြီးတော့ ခုန ကျွန်တော်တို့အားလုံးရဲ့ ဘုံရည်မှန်းချက်ကို ဦးတည်တဲ့ နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းမှုတွေကိုပေါ့နော် ဒါကြောင့် ကျွန်တော်တို့ ပြောချင်တာက ဘယ်ဟာမှတော့ ၁-၂-၃ ဝုန်း ဆိုပြီးတော့မှ ဆေးကြိမ်လုံးနဲ့ တို့ပြီးတော့မှ ဘယ်ဟာမှတော့ ချက်ချင်းပြောင်းလဲသွားမှာ မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပြောလိုတာက ဒီတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်က ပထမဦးဆုံး ဘယ်ကနေလာခဲ့သလဲဆိုရင်တော့ ကျွန်တော်တို့ ဖြစ်နေကြတဲ့ တိုက်နေခိုက်နေကြတာကနေ ရပ်ပြီးတော့ ဒီတိုက်နေခိုက်နေတဲ့ ကိစ္စတွေဟာ တကယ်မှန်ကန်ပြီးဆွေးနွေးမှုလမ်းစဉ်နဲ့ ကျွန်တော်တို့ အဖြေရှာဖို့လိုတယ်။ အဲဒီလို အဖြေရှာဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့လိုတယ်။ အဲနိုင်ငံရေးဆွေးနွေးပွဲတွေက မှန်ကန်ပြီး တရားမျှတမှုရှိဖို့တော့ လိုတယ်။ ဘယ်အဖွဲ့က ဘယ်အဖွဲ့ကို လွမ်းမိုးချုပ်ကိုင်တာတို့ ယန္တရားကို အခြေခံပြီးတော့ ထိန်းချုပ်ပြီးတော့ မူဝါဒအရ လွမ်းမိုးတာတို့လည်း ကင်းဝေးဖို့လိုတယ် အဲပုံစံကနေ တဆင့် တရားမျှတတဲ့ အဖြေတွေထွက်လာဖို့လိုတယ် တရားမျှတတဲ့အဖြေတွေကနေတဆင့် အကောင်အထည်ဖော်မှုဆိုတာလည်း ပြန်လိုတာတယ် ဒီနေ့ကျွန်တော်တို့ UPC(ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) မှာ ထွက်လာတဲ့ဟာတွေဟာ အနိမ့်ဆုံးအဆင့် ကျွန်တော် တို့ အကောင် အထည်ဖော်နိုင်တဲ့ဟာတွေ က မရှိပါဘူး။ ဒါတွေ က အကောင်အထည်ဖော်ဖို့လိုတယ်။ ဒါတွေကနေ ကျွန်တော်တို့ Institution တွေပြောင်းလဲသွားတဲ့ ပုံစံလောက်အထိ ဆက်သွားဖို့လိုတယ်။ ပြောလိုတာက ပြုပြင်ပြောင်းလဲမှုဆိုတာ အဆင့်လိုက်သွားဖို့ လိုတာပေါ့နော် သူ့ပြောင်းလဲမှုက သူ့အရှိန်အဟုန်နဲ့ ဝေ့သွားပြီး လိုင်းပုံစံနဲ့ တစ်လိုင်းပြီးတစ်လိုင်း သွားကြည့်ပြီးမှသာလျှင် အားလုံးမျှော်လင့်တဲ့နေရာကို ရောက်မှာဖြစ်တယ်။ အဲအတွက်ကြောင့် ကျွန်တော်တို့ အနေနဲကတော့ ဒီဖြစ်စဉ်အဖွဲ့အစည်း တစ်ဖွဲ့နှစ်ဖွဲ့နဲ့တင် မရပါဘူး။ လူထုအားလုံးရဲ့ပါဝင်မှု သက်ဆိုင်ရာ ကျွန်တော်တို့ အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီတွေ အစိုးရတပ်မတော်တွေ မကဘဲနဲ့ နိုင်ငံရေးပါတီတွေ လူနည်းစု တိုင်းရင်းသားခေါင်းဆောင်တွေ စသဖြင့် အကုန်လုံးပါဝင်နိုင်တဲ့ ပြုပြင်ပြောင်းလဲမှုတစ်ခုကို သွားပြီးတော့မှသာလျှင် နာတာရှည်ခံစားနေရတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး မပေါက်ကွဲအောင် ကိစ္စရပ်ကြီး ဖြေရှင်းလို့ရမှာ ဖြစ်ပါတယ်။

မေး-နောက်ဆုံးဖြည့်စွက်ပြောပေးပါဦး

ဖြေ-အဓိက ကျွန်တော်တို့ ပြောလိုတာက ဒီနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု ဒီနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ကျွန်တော် တို့ တကယ်လိုချင်တယ်ဆိုရင်တော့ အစည်းအဝေးဆုံးဖြတ်ချက်လေးတွေ ထွက်လာတာနဲ့ပဲ ပြီးသွားပြီဆိုတာ ထက်ပေါ့နော် အနုတ်လက္ခဏာဆောင်တဲ့ ကျွန်တော်တို့ရဲ့ ပဋိပက္ခတွေကို အပေါင်းလက္ခဏာဆောင်တဲ့ ပဋိပက္ခအသွင်ကို ပထမဦးဆုံးပြောင်းဖို့လိုတယ်။ ဒီအပေါင်းလက္ခဏာဆောင်ထားတဲ့ ပဋိပက္ခကနေပြီးမှ တစ်ခါ နှစ်ဖက်ကြားထဲမှာ ပြုပြင်ပြောင်းလဲမှုက ဖြည်းဖြည်းချင်း ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးကအစ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု ဆက်ဆံရေး၊ နောက်နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ သဘောသဘာဝတွေနဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာအခင်းအ ကျင်းတွေနဲ့ တိုးတက်မှုဖက်ကို ဦးတည်သွားပြီးတော့မှ နောက်ဆုံး ငြိမ်းချမ်းရေးတည်ဆောက်တဲ့ဖက်ကို သွားဖို့လိုတယ်ဆိုတဲ့ ဟာလေးကိုတော့ လက်ခံထားတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူလူထုကို ပြောလိုတာက တော့ KNU လက်ခံထားတဲ့ ယုံကြည်ထားတဲ့ ငြိမ်းချမ်းရေးဆိုတာ သေနတ်မပေါက်ရေးဆိုတာထက် ကျွန်တော်တို့ရဲ့ ပဋိပက္ခတွေကို အသွင်ပြောင်းလိုက်ပြီးတော့ ငြိမ်းချမ်းတဲ့ လူဘောင်ကို အတူတကွဘယ်လိုချီတက်မလဲဆိုတဲ့ ဦးတည်ချက်နဲ့ သွားနေပါတယ်ဆိုတာကိုတော့ ပြောလိုပါတယ်။

မေး-ကျေးဇူးတင်ပါတယ်။

MNAမှ ပေးပို့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here