ဝါးခုတ်သွားသည့် ပလက်ဝဒေသခံ အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိ ဒဏ်ရာရ

0
267

၁၄ ဇန်နဝါရီ ၂၀၂၁

ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့တွင် တောထဲသို့ ဝါးခုတ်ရန်သွားသည့် အမျိုးသမီးတစ်ဦးသည် မြေမြုပ်မိုင်းနင်းမိပြီး ဘယ်ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပလက်ဝမြို့ နယ်၊ တိုက်ပွဲရှောင်နှင့်သဘာဝဘေးကူညီရေးအဖွဲ့မှ ဦးဇာနီ ကပြောသည်။

“သူ့အမျိုးသားက ၂၈၉ တပ်ဖက်ကပါ၊ မနေ့ကနေ့လယ် (၁း၃၀) ပတ်ဝန်းကျင်လောက်ကဖြစ်တာ၊ သူတို့က ဝါးခုတ်ဖို့ အသွားမှာမိုင်းနင်းတာ၊သူဖြစ်ဖက်တဲ့နေရာက ကုလာတန်းမြစ်အရှေ့ဖက်ခြမ်း ၂၈၉ တပ်ရင်း ဖက်ခြမ်းမှာဖြစ်တာ၊ ဘယ်ဖက်ခြေသလုံး ထိခိုက်သွားတယ်လို့ပြောတယ်၊ ခုလောလောဆယ် တပ်ဆေးရုံမှာကုပေးတယ် ဒီနေ့တော့ စစ်တွေဆေးရုံကို ပို့ဆောင်သွားမယ်လို့သိရတယ်” ဟု ဦးဇာနီကပြောသည်။

မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာရသွားသူမှာ ပလက်ဝမြို့ ခလရ အမှတ်(၂၈၉) တပ်ရင်းတွင်နေထိုင်သူ ကလေးငါးယောက်မိ ခင် ဒေါ်တိုးတိုးဝင်း (အသက် ၃၈နှစ်) ဖြစ်ပြီး ၎င်း၏အမျိုးသားဖြစ်သူမှာ အမှတ် ၂၈၉ တပ်ရင်းတွင် တပ်မတော်သား အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရသွားသူ ဒေါ်တိုးတိုးဝင်းအား လက်ရှိတွင် ပလက်ဝမြို့ရှိ အမှတ် ၂၈၉ တပ်ရင်းတွင် ဆေးကုသပေးလျက်ရှိပြီး စစ်တွေမြို့သို့ ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ကာ ဆေးကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပလက်ဝမြို့နယ်တွင် မြေမြုပ်မိုင်းကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရနေမှုအပေါ် ချင်းလူ့အခွင့်ရေးအဖွဲ့မှ တာ၀န်ရှိသူ တစ်ဦးဖြစ်သည့် ဆလိုင်းဆန်နှင်းလျန်က “တိုက်ပွဲမှာ မြေမြုပ်မိုင်းတွေသုံးနေတာက နိုင်ငံတကာ စစ်ရာဇဝတ်မှု ရောက်တယ်၊ မသုံးသင့်တဲ့ဟာဖြစ်တယ်၊ ပြည်သူတွေသွားလာတဲ့နေရာမျိုးမှာ မြေမြုပ်မိုင်းမြုပ်တာကို အတတ်နိုင်ဆုံးရှောင်သင့်တယ်လို့ပြောချင်တယ်၊ နှစ်ဘက်တပ်အနေနဲ့ လိုက်နာရမယ့်ဟာလည်းဖြစ်တယ်၊ မြေမြုပ်မိုင်းဆိုတာက တိုက်ပွဲပြီးသွားရင်တောင် အန္တရာယ်ရှိတဲ့ဟာဖြစ်တဲ့အတွက် လုံး၀မသုံးသင့်ဘူး” ဟုပြောသည်။

မြန်မာ့တပ်မတော့နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ ပလက်၀မြို့နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၁၅ ခုနှစ်မှ လက်ရှိအချိန်ထိ မြေမြုပ်မိုင်းနင်းမိသည့်ဖြစ်စဉ် ၁၄ ခုရှိပြီး သေဆုံးသူ ၉ ဦး ထိခိုက်ဒဏ်ရာရသူ ၇ ဦးရှိကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့၏ မှတ်တမ်းအရသိရသည်။

ခိုနူမ်းသုန် မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here