“မိုင်းကိုင်ကျတော့ ဒီလိုရှိတယ်။ ကျနော်တို့အမြင်နဲ့ ပြောရရင် ဒါက cut off မလုပ်ခင်ကတည်းက ကန့်သတ်ခံနေရတယ်၊ ကန့်ကွက် ခံနေရတယ်၊ ခြိမ်းခြောက်ခံနေရတဲ့ အနေအထားမျိုးမှာ ရှိတယ်” ဦးညီစိန် (TNP ဥက္ကဋ္ဌ)

0
209

တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) ဥက္ကဋ္ဌ ဦးညီစိန်နှင့် ဆက်သွယ်မေးမြန်းချက်

၂၀ အောက်တိုဘာ ၂၀၂၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က အောက်တိုဘာလ ၁၆ ရက်နေ့က ပြည်နယ် ၅ ခုနဲ့ တိုင်း ဒေသကြီး ၁ ခုထဲမှာရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၅၈၁ မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့မဖြစ်နိုင်ဘူးဆိုပြီး ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားပါတီတွေက တရားမျှတမှုမရှိဘူးဆိုပြီး ဝေဖန်နေတာတွေလည်း ရှိနေပါတယ်။ UEC ၏ ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်တဲ့ နယ်မြေများ သတ်မှတ် ထုတ်ပြန်ချက်ဟယ တရားမျှတမှု မရှိတဲ့အပြင် တိုင်းရင်းသားပါတီတွေကို နှိပ်ကွပ်နေတဲ့ ပုံစံဖြစ်နေတယ်လို့လည်း တိုင်းရင်းသားပါတီ အချို့ က ပြောပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် စစ်ရေး ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေကို ကြည့်ပြီး ရွေးကောက်ပွဲ ကျင်းပရန် နယ်မြေသတ်မှတ်ထုတ်ပြန်တာဟာ တိုင်းရင်းသားမဲဆန္ဒရှင်တွေအတွက် တရားမျှတမှုမရှိသလို လွတ်တော်ပြင်ပ နိုင်ငံရေး နည်းလမ်းများကို ရွေးချယ်ရန် တွန်းပို့ရာရောက်တယ်လို့လည်း တိုင်းရင်းသား ပါတီ တွေက ပြောဆို ထောက်ပြနေကြပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမှာ အခြေဆိုက်တဲ့ တိုင်းရင်းသား ပါတီ တစ်ခုဖြစ်တဲ့ တအာင်း(ပလောင်) အမျိုးသားပါတီ TNP ဥက္ကဋ္ဌ ဦးညီစိန်ကို ဆက်သွယ် မေးမြန်းထား ပါတယ်။

မေး- UEC ကနေပြီးတော့ ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ နယ်မြေတွေ ထုတ်ပြန်တဲ့အခါမှာ ရွေးကောက်ပွဲ ကျင်းပ လို့ရတဲ့နယ်မြေတွေကိုပါ ထည့်သွင်းထုတ်ပြန်ထားတယ်ဆိုပြီး ဝေဖန်တာတွေကိုရှိနေတယ်ပေါ့နော်။ ဆို တော့ ဦးညီစိန်တို့ အနေနဲ့ UEC ရဲ့ ထုတ်ပြန်ချက်အပေါ် ဘယ်လိုမြင်သလဲ။

ဖြေ – ဘယ်လိုမြင်သလဲဆိုတော့ အဲဒါက မတရားဘူးလို့မြင်တယ်။ မတရားဘူးဆိုတာက အမှန်မှာက သူတို့ အသုံးအနှုန်းကိုက လွတ်လပ်၍ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုပြီးတော့မှ ကြေညာတယ်လေ။ အမှန်မှာ လွတ်လပ်၍ တရားမျှတ၍ ဆိုတာ အမှန်မှာ တရားမျှတမှ လွတ်လပ်မယ်လေ တရားမျှတမှ လွတ် လပ်မယ်ဆိုတဲ့ အနေအထားမှာ အခုလည်း အဲလိုပုံစံမျိုး ဖြစ်လာတဲ့အခါကျတော့ တရားမျှတမှု မရှိဘူး။ တရားမျှတမှု မရှိဘူးဆိုတဲ့အတွက် မလွတ်လပ်နိုင်ဘူးလို့ ကျနော်တို့ မြင်တယ်။ ဒီအတိုင်းပဲ ထားမယ်ဆိုလို့ ရှိရင်လည်း အကောင်းဖြစ်သွားမယ့် ဥစ္စာကို အခုပုံစံမျိုး အဲလိုပြန်ပြီး လုပ်လိုက်ခြင်းအားဖြင့် ဘယ်လိုဖြစ် လာသလဲ ဆိုလို့ရှိရင် ပါတီကြီးတွေက တိုင်းရင်းသားပါတီတွေကို နှိပ်ကွပ်တဲ့ သဘောလို့ ကျနော်တို့က ယူ ဆတယ်။

မေး – အဲဒါဆိုရင် အခု UEC ရဲ့ ထုတ်ပြန်ချက်က တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မလာနိုင်ဘူးလို့ ပြောချင် တာလား။

ဖြေ – အခုန ကျနော်ပြောတဲ့ အတိုင်းပါပဲ ဒီအတိုင်းပဲ ထားလိုက်မယ်ဆိုလို့ရှိရင် အဲဒါကို မထုတ်ပြန်ဘဲနဲ့ ဒီ အတိုင်းပဲ ရွေးကောက်ပွဲ လုပ်သွားတယ်ဆိုလို့ရှိရင်တော့ တရားမျှတမှုဆိုတာ ဖြစ်လာနိုင်တယ်။ မအေး ချမ်းဘူး ဆိုပါအုံးတော့ မအေးချမ်းဘူးဆိုလို့ရှိရင်လည်းပဲ အေးချမ်းနိုင်အောင် တစ်ခြားနည်းနဲ့ တစ်ခြားဟာနဲ့ လုပ်သွားမယ် ဆိုလို့ရှိရင် အဆင်ပြေနိုင်မယ့် သဘောရှိတာကို အခုလိုကန့်သတ်လိုက်တဲ့ အခါကျတော့ ပို ပြီးတောင် တရားမျှတမှု မရှိနိုင်ဘူးလို့ ကျနော်တို့က မြင်ပါတယ်ဗျာ။

မေး – UEC က ထုတ်ပြန်ထားတဲ့ ရှမ်းပြည်နယ်ထဲက နယ်မြေတွေက တကယ်ပဲ ရွေးကောက်ပွဲ မကျင်းပ သင့်တဲ့ နေရာတွေလား။ ရွေးကောက်ပွဲကျင်းပလို့ရသလား။ ဦးညီစိန် တို့ ဘယ်လိုသိထားသလဲပေါ့ နယ်မြေ ခံ ပါတီအနေနဲ့က UEC ထုတ်ပြန်ချက်နဲ့ မြေပြင်အခြေအနေ ဘာတွေ ကွာနေတာရှိလား။

ဖြေ – နယ်မြေခံ ပါတီ အနေနဲ့ ကျတော့ ခုနက ပြောတဲ့အတိုင်း ၂၀၁၅ တုန်းက ပုံစံလိုမျိုးပဲ ကျင်းပ သွားမယ်ဆို လို့ရှိရင် သူ့အလိုလို အဆင်ပြေသွားနိုင်မယ့် အနေအထားရှိနိုင်ပါတယ်။ ဒီအနှောက်အယှက် တွေ အဟန့်အတားတွေကျတော့ နည်းနည်းလေးချင်းတော့ ရှိမှာပေါ့။ ကန့်သတ်တာတွေ ပြုတာတွေတော့ နည်းနည်းစီ ရှိမှာပေါ့။ ဒါပေမယ့် အဆင်ပြေသွားနိုင်တဲ့ အနေအထားမျိုးရှိပါတယ်။ အဲလိုပုံစံမျိုး cut off လုပ်လိုက်တဲ့ အခါကျတော့ ပိုပြီးတော့မှတောင်မှ ပြည်သူလူထုအနေနဲ့လည်း စိတ်မကြေမချမ်း ဖြစ်မှာပေါ့ နော်။ ပါတီအနေနဲ့လည်း စိတ်မကြေမချမ်း ဖြစ်မယ်လေ။ အဲလိုပုံစံမျိုးဖြစ်တဲ့အခါကျတော့ နောင် အနာဂတ် အဖို့ကတော့ သိပ်မကောင်းဘူးဗျာ။

မေး – နောက်တစ်ခုက မိုင်းကိုင်လိုမျိုးဒေသဆိုရင် တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး။ နယ်မြေတည်ငြိမ် အေးချမ်းနေတဲ့ အနေအထားကို တွေ့ရတယ်။ အဲဒါကို UEC က အဲဒီဒေသကို ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်ဘူး ဆိုပြီး ထုတ်ပြန်လိုက်တယ်။ ဒါကရော ဘယ်လို အခြေအနေရှိလဲ။

ဖြေ – မိုင်းကိုင်ကျတော့ ဒီလိုရှိတယ်။ ကျနော်တို့ အမြင် အနေနဲ့ ပြောရမယ်ဆိုရင် ဒါက ကျနော်တို့ cut off မလုပ်ခင်ကတည်းက ကန့်သတ်ခံနေရတယ်။ ကန့်ကွက် ခံနေရတယ်။ ခြိမ်းခြောက်ခံနေရတဲ့ အနေအထားမျိုးမှာ ရှိတယ်။ ခြိမ်း ခြောက်တယ်ဆိုတာက လက်နက်ကိုင် အဖွဲ့အစည်းကနေပြီးတော့မှ ကျနော်တို့ကို ခြိမ်းခြောက်တယ်။ ခြိမ်း ခြောက်တယ်ဆိုတာက ဥပမာ စည်းရုံးရေး မထွက်ရဘူး။ စည်းရုံးရေး မလာရဘူး။ စည်းရုံးရေး လာတဲ့ လူရှိ ရင် စည်းရုံးရေးလုပ်တဲ့ ရွာလို့ရှိရင် ရွာအနေနဲ့ကနေပြီးတော့ ဒဏ်ငွေ ဆယ်သိန်း တပ်မယ်ဆိုပြီးတော့ အဲလို ပုံစံမျိုး ကန့်ကွက်ခံရတာတွေ ခြိမ်းခြောက်ခံရတာတွေရှိတယ်။ အဲဒါကြောင့်မို့လို့ မိုင်းကိုင်ကိုကျတော့ ကျနော်တို့က သိပ်မပြောလိုဘူး။

မေး – UEC ရဲ့ အခုလိုမျိုး ထုတ်ပြန်ချက်က တအာင်း(ပလောင်) အမျိုးသားပါတီ TNP မဲရရှိမယ့် အနေအ ထားကို ဘယ်လောက်အထိ ထိခိုက်နစ်နာသွားနိုင်သလဲ။

ဖြေ – ဒါက မြို့နယ်အဆင့်နဲ့ ခရိုင်အဆင့်နဲ့ ကျနော်တို့က တွဲဖက်ပြီးတော့မှ အဖြေပေးရမယ့် သဘော ဖြစ်တယ်။ မြို့နယ်အဆင့်မှာကျတော့ ကျနော်တို့ တအာင်းပါတီ အခုက တအားကြီးတော့ မနစ်နာဘူး ပေါ့ လေ။ နစ်နာတာကတော့ ကျနော်တို့က အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖို့ နစ်နာတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ မဲဆန္ဒနယ်ဟာ နမ့်ခမ်းပါတယ်။ မူဆယ်ပါတယ်။ ကွတ်ခိုင်ပါတယ်။ နမ့်ခမ်းမှာကျတော့ cut off လုပ်ထားတဲ့ ဥစ္စာတွေတော့ မပါဘူးပေါ့။ အခုမူဆယ်လည်း တအားကြီးလည်း မများဘူး။ များတာက ကွတ်ခိုင်က များတယ်။ ကွတ်ခိုင်က cut off လုပ်ထားတဲ့ နေရာတွေက ကျနော်တို့က ပလောင်အများကြီးဖြစ်တဲ့နေရာ ပလောင်မဲတွေ အများကြီး ရမယ့် နေရာ အဲဒါကို ပါတီကြီးတွေက သူတို့ မဲမရနိုင်တဲ့ နေရာကိုပဲ သူတို့က cut off လုပ်ပစ်တဲ့ အနေအထားဖြစ် လို့ ကျနော်တို့ အမျိုးသားနေရာမှာ တော်တော်လေးနစ်နာတာကို ကျနော်တို့ လေ့လာတွေ့ရှိရတယ်ဗျာ။

မေး – အဲလိုနစ်နာသွားတဲ့အပေါ်မှာ ပါတီအနေနဲ့ UEC ကို စာရေးတောင်းဆိုတာတို့ ကန့်ကွက်တာတို့ လုပ် ဆောင်သွားဖို့ ရှိသလား။

ဖြေ – ကျနော်တို့ ကန့်ကွက်ဖို့ကျတော့ အစီအစဉ်တော့ ကျနော်တို့က အစည်းအဝေး ထိုင်ရအုံးမယ့် သဘော ရှိတယ်။ ဒီ CEC အနေနဲ့ အစည်းအဝေးထိုင်ရမယ် ဒါမှ ကျနော်တို့က ပြောလို့ရမယ် အခုလော လောဆယ်တော့ ပြောလို့ မကောင်းသေးဘူးဆိုတော့ ကျနော်တို့ အဖြစ်နိုင်ဆုံးကတော့ ကျနော်တို့ statement ထုတ်ဖို့တော့ အစီအစဉ်ရှိတယ်။ ဘာဖြစ်လဲ ဆိုလို့ရှိရင် ဥပမာပြောရမယ်ဆိုရင် ကျနော်တို့ တအာင်း (ပလောင်) အမျိုးသားပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက နမ့်ဆန်မှာရှိတယ်။ ကျောက်မဲမှာလည်း ရှိတယ်။ ကျောက်မဲမှာ ဆိုလို့ရှိရင် ၁၂ အုပ်စုစလုံးက ကျနော်တို့ ပလောင်လူထုရှိတဲ့ ပလောင်တွေရဲ့ နေရာတွေဖြစ်တယ်။ နမ့်ဆန်ဆိုလို့ရှိရင်လည်း ကျနော်တို့ ပလောင်လူထုများတဲ့ နေရာတွေ ကျနော်တို့ မဲရနိုင်တယ်ဖြစ်ပြီး တော့လေ မဲများများ ရနိုင်တဲ့ နေရာတွေကို cut off လုပ်ထားတဲ့ အခါကျ တော့ ကျနော်တို့ အဖို့ အင်မတန် နစ်နာလို့ ကျနော်တို့က statement ထုတ်ဖို့ရှိတယ်။ ကန့်ကွက်ဖို့ statement ပေါ့။

မေး – ဦးညီစိန် အနေနဲ့ တခြားဘာများဖြည့်စွတ်ပြောစရာများရှိသေးသလဲ။

ဖြေ – ဒါက UEC အနေနဲ့ ကျနော်တို့က ပြောချင်တာကတော့ ၂ ခုရှိတယ်ဗျာ။ တစ်ခုကျတော့ ခုန ပြော တဲ့ အသုံးအနှုန်းပေါ့ လွတ်လပ်၍ တရားမျှတသော ပြောတဲ့နေရာမှာ အမှန်မှန် တရားမျှတမှ လွတ်လပ် မယ်။ ဆိုတော့ တရားမျှတပြီးတော့မှ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်တယ်။ နောက် တစ်မျိုးကျ တော့ UEC ကို ဖွဲ့စည်းတဲ့နေရာမှာ ပါတီကြီးတစ်ခုအနေနဲ့ သူတို့ဆန္ဒအရပဲ ဖွဲ့စည်းထားတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ ဖြစ်စေချင်တာက UEC ကို ဒီပြည်ထောင်စု ကော်မရှင်ကို ပါတီစုံကနေပြီးတော့မှ ရွေးကောက် တင်မြောက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်စေချင်တယ်။ အဲလိုဖြစ်မှပဲ တရားမျှတမှု ဆိုတာ ဖြစ်လာမယ်။ ရှိလာမယ်။ အဲ့လိုအနေအထားမျိုးပဲ ကျနော်တို့က ပြောချင်တယ်ဗျာ။

အားမီ(NMG) – မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here