အောင်လော့ဒ်ရွာမှ ခရစ်ယာန် ဓမ္မအမှုတော်ဆောင် ဆရာ မဆိုင်းဂျာ အား KNG က တွေ့ဆုံမေးမြန်းခြင်း

0
260

တနိုင်းအောင်လော့ဒ် စစ်ပြေးဒုက္ခသည်များသည် ယခုချိန် တနိုင်း၊ နမ္မတီး နှင့် မြစ်ကြီးနား မြို့နယ်များတွင် ခိုလှုံနေကြပါသည်။ တနိုင်းတွင် ကတ်သလစ် စစ်ရှောင်များကို နေရာချထားပြီ၊ မြစ်ကြီးနားတွင် နှစ်ခြင်းအများစုကို နေရာပေးထားပါသည်။ ယခု မြစ်ကြီးနား ဂျော်မဆပ် တွင် စစ်ရှောင် ၁ ထောင်ခန့်ရှိပြီး ၄င်းတို့အထဲ ကလေးများ၏ စိတ်ကျန်းမာရေး နှင့် ပညာရေးတွင် ကူညီထောက်ပံ့ပေးရန် လိုအပ်မှုများ လိုအပ်နေဆဲ ဖြစ်ပါသည်

တိုက်ပွဲ စဖြစ်လာသော အချိန်မှ စပြီး ယနေ့အချိန် ထိ အခြေအနေ အခက်အခဲများကို ယခု မြစ်ကြီးနား ဂျော်မဆပ် ဘုရားကျောင်းတွင် ရောက်နေသော အောင်လော့ဒ်ရွာမှ ခရစ်ယာန် ဓမ္မအမှုတော်ဆောင် ဆရာ မဆိုင်းဂျာကို မေးမြန်းထားပါသည်။

KNG။ ။ ဆရာမတို့ရွာမှာ တိုက်ပွဲ ဖြစ်လာပြီး ဒီဘက်ကို ရောက်အောင် ထွက်ပြေးလာရတဲ့ လမ်းခရီးကို အကျဉ်းချုပ် ပြောပြပါ။

ဖြေ။ ။ ဟုတ်ကဲ့ ကျွန်မတို့ရွာမှာ ဧပြီလ ၁၁ ရက်နေ့ ကစပြီး လေယဉ်ပျံ ၄ စင်းနဲ့ ပြီးတော့ လက်နက်ကြီးတွေနဲ့ ကျွန်မတို့ရွာကို ပစ်ခက်လာတယ်။ ရွာမှာ ၂ နာရီလောက်က စပြီးတိုက်ပွဲ စဖြစ်လာတယ်။ အဲ့တာကြောင့် ကျွန်မတို့ တချို့က လယ်တောဘက်ထဲကိုထွက် ပြေးတယ်။တစ်ချို့ကတော့ တနိုင်းချောင်း အထက်ဘက်ကို ထွက်ပြေးတယ်။ တစ်ချို့တွေက ကိုယ့်ရဲ့ တောင်ယာတွေ ရှိတဲ့ ဘက်ကို အဲ့ညမှာဘဲ ထွက်ပြေးကြတယ်။ အဲ့ဒီချိန်မှာ ညနေ ၅ နာရီလောက်မှာ လက်နက်ကြီး ကျည်ဆံ တွေကြောင့် ရွာသူ/သား ၃ဦး ဒဏ်ရာ ရခဲ့တယ်။ တစ်ယောက်ကတော့ အသက် ၂၂နှစ် အရွယ် လူငယ် အင်ပေါပ့် နော်ရိန် သူကတော့ ၅ နာရီမှာဘဲ အသက် ဆုံးရှုံးခဲ့ရတယ်။ သူ့အဖေ အင်ပေါပ့် ယောယန် ကတော့ ခေါင်းနဲ့ ဒူးမှာ ဒဏ်ရာ ရခဲ့တယ်။ နောက်တစ်ယောက် ဦးကရင်လှ။ သူကတော့ မှေးမှာရော ပခုံး မှာရော ဒဏ်ရာ ရခဲ့တယ်။ အဲ့လို ၃ဦး ဒဏ်ရာ တွေရတော့ ရွာသူ/သား တွေ က ကြောက်လှန့် ပြီးတော့ ခြေဦး လှည့်ရာကို ထွက်ပြေးကြတယ်။

ရွာသားတချို့က တိုက်ပွဲမဖြစ်ခင် တနိုင်း RC ဘုရားကျောင်းမှာ ဂျုဗလီ မနောပွဲ သွားလိုက်ကြတယ်။ ဒီကRC အသင်းသား ၂ဝဝလောက်က အဲ့ဒီ ပွဲကို သွားကြတယ်။ အဘိုး အဖွား တွေနဲ့ ကလေးငယ် တွေကို အိမ်မှာထားခဲ့ ကြတယ်။ အဲ့လို မိဘတွေ နဲ့ တကွဲတပြား ထွက်ပြေးတဲ့ အချိန်မှာ တစ်ချို့တွေက လယ်တော ထဲမှာ နေနေတယ် တစ်ချို့က လဲ ဘုရားကျောင်းမှာ နေတယ်။ အဲ့ညမှာ အားလုံး တကွဲ တပြား ဖြစ်သွားကြတယ်။ ကျွန်မကတော့ လယ်တောထဲ ကိုထွက်ပြေးတဲ့ အဖွဲ့မှာ ပါတာ ပေါ့နော်။ လယ်တောထဲ မှာ ၃ ည အိပ်လိုက်ရတယ်။ ကျွန်မတို့မှာ ၄ လပို်င်းဆိုတော့ ရေတွင်းနဲ့ ချောင်းရေတွေ အားလုံး ခမ်းကုန်တဲ့ ချိန်ဆိုတော့ အခက်ခဲ ပို ရှိသွားတယ်။ အဲဒီမှာနေတဲ့ ၃ ရက်မှာ ရေကို ဆိုင်ကယ်နဲ့ တင်တဲ့သူကတင်၊ ပလို််င်းထဲမှာ ပုံးထည့် ပြီးလွယ်တဲ့ သူက လွယ်တယ်။ ဒီလိုနဲ့ ချက်ပြုတ်စားသောက်ဖို့ အတွက်တောင်မှ အနိုင်နိုင် ဖြစ်ခဲ့ရတယ်။ အဲ့ကြောင့် ကျွန်မတို့ ချောင်းရှိတဲ့ ဘက်ကို ရွေ့မယ် ဆိုပြီးတော့ ခမာ ချောင်းဆို တဲ့ဘက် ကို ရွေ့ သွားတယ်။ ခမာ ချောင်းမှာလဲ ၃ ရက်နေတယ်။ ကျွန်မတို့ လယ်တောနဲ့ ခမာ ချောင်းမှာ နေတဲ့ အချိန်မှာရော ကျွန်မတို့ကို အစိုးရတပ်မတော် က ညဆိုရင် ဒရုန်း နဲ့ လိုက်ကြည့်တယ်။ ဒရုန်းနဲ့ လိုက်ကြည့်တဲ့ အချိန်မှာ ကလေးတွေကို မီးမဖွင့်ခိုင်းဘူး။ အမှောင်ထဲ မှာဆို ကလေးတွေမနေ တတ်တော့ ကြောက်ပြီးအော်ငိုကြတယ်။ တတောလုံးမှာ ကလေးတွေရဲ့ အော်ငို သံ တွေချည်းဘဲ ကြားနေရတယ်။ အဲ့ ချောင်းမှာနေရင်လဲ ကျွန်မတို့ကို ညဆိုရင် ဒရုန်းနဲ့ လိုက်ကြည့်တယ် နေ့မှာ ဆို လေယာဉ်နဲ့ လာတယ်။ ဒီလိုနဲ့ လက်နက်ကြီးသံက ကျွန်မတို့ နဲ့ပိုပြီး နီးလာတယ် ဆိုတော့ အဲ့ဒီမှာ နေရင်လဲ ကျွန်မတို့ အတွက်က မလုံခြုံဘူး ဆိုပြီး တောင်တစ်တောင်ကို ကျော်ပြီး မှ ပြန်ရွေ့ရတယ်။ အဲ့တောင်က အရမ်း အမြင့်ကြီးဆိုတော့ အတက်မှာတောင် ၁နာရီလောက် တက်ရတယ်။ တောင်ပေါ်ဘက် ထွက်ပြေးတဲ့ အထဲမှာ အသက်ကြီး တဲ့သူတွေ ကိုယ်လက် မသန်စွမ်းတဲ့ သူတွေ ၉၀ ယောက် လောက် ပါတယ်ဆိုတော့ ကျွန်မတို့ က ကိုယ့် အထုပ်အပိုးတွေလဲ သယ်ရတယ် သူတို့ကို လဲ ထမ်းစင်တွေနဲ့ ထမ်း၊ ကုန်းပိုး တဲ့သူက ပိုးရနဲ့ မနိုင်တော့ အဲ့ညမှာ အဘိုးအဖွား ၃ယောက်ကို တောင်ထိပ်မှာ ဘဲ ထားခဲ့ရတယ်။

ညမိုးချုပ်တော့ ကျမတို့က ခမောက်ချောင်းဆိုတဲ့ ဘက်ကိုရောက်သွားတယ်။ အဲဒီကိုရောက်တော့ မိုးချုပ်သွားတဲ့အတွက် ထမင်းချက်စားဖို့လည်း ခက်သွားတယ်။ ကလေးတွေက မိဘတွေဆီ မုန့်တွေတောင်းတယ်။ မိဘတွေက မုန့်မပေးနိုင်တော့အချင်းချင်းဖက်ပြီးတော့ ငိုကြတာပေါ့။ အဲဒီချောင်းမှာ ကျမတို့ ၃ ရက်နေတယ်။ ပြီးနောက် ကျမတို့က လေယာဉ် တစ်စီးနှင့် ပြန်လာကြည့်တယ်။ အဲဒီမှာလည်း မလုံခြုံတော့တဲ့အတွက် ရုတ်ခ ဆိုတဲ့ချောင်းဆုံ ၂ ခုဘက်ကို ပြန်ရွှေ့တယ်။ ဒီချောင်း ၂ ချောင်းက သစ်ရွက်တွေကြွေပြီး ပုတ်နေတဲ့အတွက် ရေက မသန့်ရှင်းဘူး။ အကောင်တွေပါတဲ့ ရေကို ခပ်သောက်ရတော့ ကျမတို့တွေ ဝမ်းလျှောဝမ်းပျက်ကြတယ်။ ကျမတို့ ထွက်ပြေးလာတဲ့အခါ ခြင်ထောင်လည်း ပါမလာဘူး။ အဝတ်အစားတွေ မပါဘူး။ အဲကြောင့် ခြင်ကိုုက်လို့ ဖျားတာတွေ အများကြီး ဖြစ်တယ်။ ကျမတို့ ရွာသားတွေ အဲမှာ အများကြီး ဒုက္ခရောက်ခဲ့တယ်။ ဝမ်းလျှောဝမ်းပျက် ဆေးဝါးတွေ မရှိတဲ့အတွက် ကျမတို့ က ခါး၊ ဖန်တဲ့ သစ်ခေါက်တွေ ၊ အရွက်တွေ ခူးယူပြီး ဝါးမှာ ပြုတ်သောက်တယ်။ အဲမှာနေတဲ့အချိန် ကိုယ်ဝန်ဆောင် မိခင် ၂ ဦးက ကလေးမွေးတယ်။ ကျမတို့ အဲမှာ ၂ ပတ်လောက် နားလိုက်တယ်။ ဖျားတာ နာတာ အရမ်းများလာတော့ ဘယ်လိုမှ ခရီးရှေ့ဆက်လို့ မရဘူး။

မြို့မှာနေတဲ့ ဘာသာရေးအဖွဲ့တွေ၊ PCG တွေ၊ NGO အဖွဲ့တွေ၊ ကြက်ခြေနီတွေ ကျမတို့ကို ကယ်ထုတ်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ တောထဲမှာ နေနေခဲ့တာ။ နောက်တော့ တပ်မတော် အစိုးရ က ခရစ်ယာန် ဂိုဏ်းဂဏ အဖွဲ့အစည်းတွေကိုရော အာလုံးကို မဝင်ခိုင်းဘူးဆိုတာ ကျမတို့ သိခဲ့ရတယ်။ အဲမှာ ၂ ပတ်လောက်နေပြီ အဲဒီသတင်းကြားရတော့ ဒီမှာ ဆက်နေလို့ မရတော့ဘူးဆိုတာ သိလာတယ်။ ဘာလို့ဆိုတော့ ကျမတို့ ရိက္ခာတွေ ပြတ်ကုန်ပြီ။ တချို့ဆို ဆန်ပြုတ်ပြုတ်သောက်နေရတဲ့ အဆင့်ဖြစ်သွားတယ်။ အဲမှာ ဖျားတာနာတာ များလာတယ်။ ချောင်းဆုံမှာနေတဲ့အချိန် မိုးနဲ့ လေအရမ်းထန်တယ်။ တချို့တွေက မိုးကာ အကြည်တွေနဲ့ မိုးတာရှိတယ်။ ရောက်တာနဲ့ တဲဆောက်တော့ တဲကိုလည်း ခိုင်ခိုင်မဆောက်နိုင်ဘူး။ တဲတွေက ယိင်ပြီး အမိုးတွေလန်သွားတယ်။ စောင်တွေ စိုစိုရွဲရွဲနဲ့ တစ်ညလုံး ထိုင်ခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့တယ်။

ကူညီရေးအဖွဲ့တွေက ကျမတို့ဆီ မလာနိုင်မှန်းသိတော့ ကျမတို့ လူများတဲ့အတွက် ၂ ဖွဲ့ခွဲလိုက်တယ်။ လူ ၅ ရာကျော်ကနေ တစ်ဖက်ကို ၂ ကျော် ခွဲပြီး တချို့က တနိုင်းဘက်ကို ဆင်းသွားတယ်။ တနိုင်းက နီးပေမယ့် တပ်ဖွဲ့ ၂ ဖွဲ့ တိုက်ပွဲကြား ညှပ်သွားတဲ့အတွက် ကျမတို့အဖွဲ့ မြစ်ကြီးနားရောက်ပေမယ့် သူတို့က နောက်ကျတာပေါ့။ သူတို့အဖွဲ့နဲ့ ခွဲပြီး ကျမတို့က တနိုင်းချောင်းအတိုင်း အထက်ဘက်ကို ဆင်းတယ်။ အဲချိန်မှာ ကလေးငယ်တွေလည်း ပါတယ်။ ကိုယ့်ရဲ့ အထုတ်အပိုးကိုလည်း ထမ်းရတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေက ရှေ့မှာလည်း ဗိုက်ကြီး တစ်လုံး နဲ့ နောက်မှာလည်း ပလိုင်းချင်းနဲ့ အဝတ်အစားတင်တယ်။ အဲအပေါ်မှာ ကိုယ့်ရဲ့ တစ်နှစ်ကျော် ကလေးအရွယ်တွေကို ပြန်တင်တယ်။ ကမ်းပါးတွေကို လျှောက်ရတယ်။ ကျောက်ဆောင်တွေကိုလည်း ဖြတ်ရတယ်။ တောင်တက်တောင်ဆင်း အရမ်းမြင့်တဲ့တောင်တွေကိုလည်း ဖြတ်ရတယ်။ မပြောပြနိုင်လောက်ရအောင် ဒုက္ခတွေ များခဲ့ရတယ်။ ဒီလိုနဲ့ မေ ၈ ရက်နေ့ကို ကျမတို့ ဒွမ်ဘန်ကို ရောက်တယ်။ အဲကိုရောက်တော့ ဒွမ်ဘန်က အသင်းတော်တွေကို ကျမတို့ကို ထမင်းကျွေးတယ်။ အဲဒီနောက် တနိုင်းကားနဲ့ အခု ကျမတို့ ရှိနေတဲ့ ယာယီစစ်ရှောင်စခန်းကို ရောက်လာတာ ဟုတ်တယ်။

KNG။ ။ အခုလောလောဆယ် ဒီစခန်းမှာ ဘာအခက်အခဲတွေ ရှိနေလဲ။

ဖြေ။ ။ ကျွန်မတို့ စစခြင်း ရောက်ခဲ့တဲ့ အချိန်မှာကျတော့ လူနည်းပါသေးတယ်။အခုတော့ ၅ဝဝကျော် ရောက်ရှိနေပါပြီ။ လောလောဆယ် စားဝတ်နေရေး အတွက်တော့ အဆင်ပြေပါတယ်။ဒါပေမယ့် ကိုယ်ရပ် ကိုယ်ဒေသ မဟုတ်ဘဲ Camp အတွင်းနေတာဆိုတော့ သွားလာမှုအတွက် လွတ်လွတ်လပ်လပ် သွားလာ ပိုင်ခွင့် မရှိတော့ အခက်အခဲ ဖြစ်နေတယ်။

KNG။ ။ ဒီcamp အတွင်းမှာ ရှိတဲ့ ကလေးတွေရဲ့ ပညာရေးအတွက် ဘယ်လို အခက်ခဲ တွေ ရှိနေလဲ။

ဖြေ။ ။ ကလေးတွေရဲ့ ပညာရေးကို ကြည့်ရင် ကျွန်မတို့ အောင်လောဒ့် ကျေးရွာက ကလေးတွေက KIO အုပ်ချုပ်တဲ့ ကျောင်းမှာ တက်ခဲ့ရ တယ်ဆိုတော့ ခုမြို့ပေါ် ရောက်တော့ အစိုးရ ကျောင်းကို တက်ဖို့ ဆိုရင် ၁၀ တန်းတက်မဲ့ ကလေးတွေ က ၉ တန်းစာကိုလဲ ပြန်ဖြေရမယ်၊၈တန်း စာကိုလဲ ပြန်ဖြေရမယ် ဖြစ်နေတော့ ကလေးတွေက စိတ်ညစ်နေကြတယ်။KIO ကျောင်းမှာလဲ အစ်ိုးရ ရဲ့ သင်ရိုးညွန်းတန်း အတိုင်းဘဲ သင်တယ်၊ ဒါပေမယ့် ကချင်စာ ဘာသာရပ် တစ်ခုတိုးသွားတာဘဲ ရှိတယ်။ ခုဒီမှာ ကိုယ်ဒေသ က ဆရာတွေ မဟုတ်တော့ဘူးဆိုတော့ ကလေးတွေမှာ ရဲတင်းတဲ့ စိတ်မရှိတော့ဘူး ဖြစ်နေတယ်။ဆရာမတွေ အနေနဲ့ ကလေးတွေ အတွက် ဘယ်လို ပြင်ဆင်ပေး မယ် ဆိုတာ ကိုတော့ မသိသေးဘူး။

KNG။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စစ်ရှောင်တစ်ဦးအနေနဲ့ခံစားချက်နဲ့ အဖြစ်ချင်ဆုံး ဆန္ဒ ကို ပြောပြ ပေးပါ။

ဖြေ။ ။ စစ်ရှောင်တစ်ဦး အနေ နဲ့ ပြောရရင် ၂၀၁၁ ကတည်းကနေ ၂၀၁၈ ခုနှစ် ဒီ ၇ နှစ်အတွင်းမှာ တိုက်ပွဲ ကြားမှာ ပြည်သူတွေ အမြောက်အများ ဒုက္ခရောက် ဆုံးရှုံး ခဲ့ရတယ်။ကိုယ့်ရဲ့ နေအိမ် ပစ္စည်း စည်းစိမ် ဥစ္စာ တွေကို ထားခဲ့ပြီးတော့ အခြားနေရာမှာ နေထိုင်ခဲ့ရတယ်။စစ်ရှောင်ဆိုပေမယ့် အစိုးရတပ်မတော်မှ ကျွန်မတို့ကို စစ်ရှောင်လို့ မသတ်မှတ်ဘူး၊ ဒီလိုလုပ်တာကို မကြုက်ဘူး။စစ်ရှာင်ဆိုတာ ကို ကမ္ဘာသိ ကြေညာ ပေးတာကို လိုချင်တယ်။ဘာဖြစ်လို့လဲ ဆိုတော ကျွန်မတို့ က ကိုယ့်ရဲ့ နေရပ် ဒေသ စည်းစိမ်တွေ ကို ထားခဲ့ရတာလေ။အစိုးရက ခု ယာယီ စစ်ရှောင် စခန်းလို့ ဘဲ သတ်မှတ်ပေးထားတော့ ဘယ်အဖွဲ့ အစည်းတွေက ဘာများလာ လုပ်ကြ မလဲ ဆိုတာကို စိုးရိမ်နေရတယ်။ တကယ်လို့ ဖြစ်နိုင်ရင် ဒုက္ခ အမျိုးမျိုး ခံစားခဲ့ရတဲ့ စစ်ရှောင်ပြည်သူတွေကို အသက်ဘေး အန္တရာယ် ဘေးကင်း လုံခြုံစွာနဲ့ ကိုယ့်နေအိမ် ဒေသကို ပြန်နိုင်အောင် ပြင်ဆင်ပေး မယ်ဆိုရင် တော့ ပိုပြီး ကောင်းပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here