အစိုးရခွင့်ပြုချက်မရဘဲ KIA နယ်မြေ စစ်ပြေးတွေကို ကူညီရင် အရေးယူခံရမည်

0
216

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေရှိ စစ်ပြေးဒုက္ခသည်စခန်းတွေဆီ အစိုးရရဲ့ခွင့်ပြုချက်မရဘဲ အကူအညီသွားပေးရင် အရေးယူခံရနိုင်တယ်လို့ နယ်စပ်လုံခြုံရေးဝန်ကြီးက ပြောပါတယ်။

“ကချင်ပြည်နယ်အစိုးရက ဒီဒေသရဲ့ ကအစိုးရအဖွဲ့ဖြစ်ပါတယ်။ ကျနော်တို့လိုအပ်သလို စီစစ်တာ ပေါင်းစပ်တာတွေ လုပ်ဆောင်ရမှာဖြစ်တယ်။ ဒါကြောင့်မို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို မတင်ပြဘဲနဲ့ မတရားအသင်းအဖွဲ့ဖြစ်တဲ့ KIA အဖွဲ့ကို သွားဆက်သွယ်တယ်ဆိုတာ တည်ဆဲ ဥပဒေကို ထိစွန်းတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် သေသေချာချာပြောလိုပါတယ်။ လူသားချင်းစာနာ အကူညီတွေ ပေးအပ်ချင်တယ်ဆိုရင် တရားဝင် ဖွဲ့စည်းထားတဲ့ နိုင်ငံတော်အစိုးရ ရဲ့ တစ်စိတ်တပိုင်းဖြစ်တယ် ပြည်နယ်အစိုးရကို တင်ပြသွားရမှာ ဖြစ်တယ်။ အဲဒီ တိမ်းရှောင်စခန်းတွေမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီထောကပံ့တာဟာ ပြဿနာ မဟုတ်ပါဘူး။ လိုအပ်ရင် ကျနော်တို့လည်း ပါဝင် ပ ူးပေါင်း ဆောင်ရွက်လို့ရပါတယ်။ ကျနော်တို့ မထိန်းချုပ်နိုင်တဲ့ မသိနိုင်တဲ့ နောက်ကွယ်က မတရားအသင်းဖြစ်တဲ့ KIA နှင့် အဲသွားတဲ့ လူတွေ ဆက်ဆံတာဟာ ၁၇/၁ နှင့် ညှိ့စွန်းနိုင်တယ်။ ဒါကြောင့် မသွားသင့်ဘူးလို့ အကြောင်းကြားခြင်း ဖြစ်ပါတယ်။” ဟု နယ်လုံ ဝန်ကြီးက ပြောပြသည်။

ဇွန်လ ၂၀ ရက်နေ့ ကချင်ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ အစိုးရ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောသွားတာဖြစ်ပါတယ်။

ဝိုင်းမော် တရုတ်နယ်စပ် မိုင်တိုင် ၆ နဲ့ ၈ ကြားရှိ စစ်ဘေးရှောင်စခန်းတွေဆီ ဝိုင်းမော်ခရစ်ယာန်အသင်းတော်က ဆရာတော်တွေ ဇွန်လ ၄ ရက်နေ့မှာ အကူအညီသွားပေးခဲ့တဲ့အတွက် နောက်နောင် အစိုးရရဲ့ခွင့်ပြုချက်မရဘဲသွားရင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့ အရေးယူခံရနိုင်တယ်လို့ နယ်စပ်လုံခြုံရေးဝန်ကြီးက အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။

ခရစ်ယာန်ခေါင်းဆောင် အသင်းတော်များအနေဖြင့် ငြိမ်းချမ်းရေးအတွက် KIA အဖွဲ့သာမက တပ်မတော် ခေါင်းဆောင်များနှင့်ပင် တွေ့ဆုံမှု လိုအပ်ချိန် တွေ့ဆုံနိုင်သဖြင့် ယခုကိစ္စကို နားလည်ပေးလိုကြောင်း မြစ်ကြီးနား ခရစ်ယာန် ဂိုဏ်ပေါင်းစုံ ဥက္ကဌ ဆရာတော ပီတာခါးအောင်က ပြောပါသည်။

“တော်လှန်ရေးအဖွဲ့တွေကို တွေ့ဆုံတယ်ဆိုတာလည်း သူတို့အတွက် ဆုတောင်းပေးရမယ်။ သူတို့လမ်းလွဲနေရင်လည်း ပြန်တည့်ပေးရမယ်။ မြန်မာ့တပ်မတော်ပိုင်းကိုလည်း လိုအပ်ရင် သွားတွေ့တယ်။ အရင်တိုင်းမှူးကိုလည်း ကျွန်တော်တို့ သွားတွေ့ပါတယ်။ သူတို့ကို ပြောပြစရာ အကူအညီတောင်းစရာရှိရင် ပြောပါတယ်။ KIA ကိုလည်း ငြိမ်းချမ်းရေးကို စားပွဲပေါ်မှာပဲ ဆွေးနွေးရင်း ယူရအောင်လို့ ပြောပါတယ်။ သူတို့ဘက်ကတော့ အဆင်ပြေတဲ့အချိန် ဖက်ဒရယ်ဒီမိုကရေစီအတွက် လက်မှတ်ရေးထိုးသွားမယ်လို့ ပြောသွားပါတယ်။”

LEAVE A REPLY

Please enter your comment!
Please enter your name here