စားနပ်ရိက္ခာခက်ခဲနေသည့် ပလက်ဝဒေသခံများထံမှ AA က အတင်းအဓမ္မ ဆန်တောင်းယူနေကြောင်း CHRO ထုတ်ပြန်

0
190

အောက်တိုဘာလ ၂၂ ရက်။ ၂၀၂၀ ခုနှစ်။

စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ရင်ဆိုင်နေကြရသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ ဒေသခံပြည်သူများထံသို့ ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့က အတင်းအဓမ္မ ဆန်တောင်းယူမှုများရှိနေသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က သတင်းထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလဝက်လောက်ကစ၍ ပလက်ဝမြို့မြောက်ဘက် ကုလားတန်မြစ်ကမ်းဘေးက ငါးရှားကျေးရွာအုပ်စုရှိ ကျေးရွာ (၅) ရွာထံမှ တစ်အိမ်ထောင်လျှင်ဆန် (၂) တင်းနှုန်းဖြင့် အတင်းဓမ္မကောက်ခံကာ ထိုကဲ့သို့ကောက်ယူသော ဆန်များကို တစ်ရွာလျင် ရွာသား (၁၀) ဦးစီဖြင့် ၎င်းတို့စခန်းနှင့် အနီးတစ်ဝိုက်သို့ သယ်ယူပို့ဆောင်ခိုင်းခဲ့ကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့က ထုတ်ပြန်သော CHRO ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

“ AA တွေက စက်တင်ဘာလ ၁၄ ရက်ကနေ ဆက်ကြေးကောက်တယ် တစ်အိမ်ကို ဆန်နှစ်တင်းစီပေးရ တယ်လို့ သိရတယ်၊ ဆန်ကိုတစ်တင်းအတွက် ကျပ်(၁၀၀၀၀) တော့ပြန်ပေးတယ်လို့ပြောတယ်ပြီးေတာ့ ဆန်ကို ငသိန်းရွာ အကျော်အထိ ထမ်းပို့ပေးရတယ်၊ ထမ်းအနေနဲ့တစ်တင်းအတွက် ကျပ် ၂၀၀၀ ပေးတယ်လို့ပြောပါတယ် ဆန်ကောက်တာက ငရှားရွာကနေ ရေချမ်းသာရွာအထိအကုန်ပါတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး၏ ပြောစကားကို ကိုးကား၍ CHRO ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့စစ်မက်ဖြစ်ပွားရာ ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် လုံခြုံရေးအခြေအေ နကြောင့် ရေလမ်း ကုန်လမ်းများပိတ်ဆို့ကာ ကုန်စည်ဝင်ရောက်မှုမရှိတော့သည့်အတွက် ယခုလက်ရှိတွင် ပလက်ဝမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀၀ ကျော်ဆန်ပြတ်လပ်မှုဒဏ်ကြုံတွေ့ေနကြရခြင်းဖြစ်သည်။

ထိုကဲ့သို့ ရိက္ခာပြတ်လပ်မှုကြောင့် စားဝတ်နေရေးအတွက် အခက်ကြုံနေကြရသည့်အချိန်တွင် ယခုကဲ့သို့ ဒေသခံပြည်သူများထံ အတင်းအဓမ္မ ဆန်တောင်းခံမှုအပေါ်ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့၏ Field Director Salai Tera ကပြောသည်။

“ ဒါဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိူးဖောက်မှုဖြစ်တယ်၊ ဆန်ပြတ်လပ်နေတဲ့ ပလက်ဝဒေသခံတွေအပေါ် လက်နက်အားကိုးပြီး အနိုင်ကျင့်တာကတော့ လုံးဝကိုယ်ချင်းစာတရားမရှိလွန်းရာကျပါတယ်၊ ကျနော်တို့အနေနဲ့ဒီလုပ်ရပ်အပေး အပြင်းအထန်းကန့်ကွက်ရှုတ်ချပါတယ်’’ ဟု Salai Tera ကပြောသည်။

ချင်းစစ်ဘေးရှောင်ပြည်သူများအေရးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီမှ မနန်းဝေကကလည်း ပလက်ဝမြို့နယ် ကုလားတန်မြစ်ကြောင်း အထက်ပိုင်း အောက်ဘလိုင်ကျေးရွာအုပ်စုရှိ ကျေးရွာများကို ရက္ခိုင့်တပ်တော် AA က ဆက်ကြေးပုံစံဖြင့် အခကြေးငွေမပေးပဲ ဆန်တောင်းယူမှုရှိကြောင်းပြောဆိုသည်။

“ကျမတို့ အောက်ဘလိုင်ကျေးရွာအုပ်စုတည်းမဟုတ်ဘူး ကုလားတန်မြစ်ကြောင်းတစ်လျှောက် လိုလိုခံစားနေတယ် အခုဆိုရင် တောင်ပြိုအထက်ပိုင်းလည်းပါလာတယ် အောက်ဘလိုင်အုပ်စုပေါ့ အောက်ဘလိုင်ဆိုရင် ကျမတို့ သတ်မှတ်ထားတဲ့ တောင်ပြိုနဲ့ ထရိန်အိုင်ရွာကြားမှာဆိုလည်း အုပ်စုက သုံးလေးငါးခုလည်းရှိမယ်၊ သူတို့က အခကြေးငွေကမပေးရဘူးထင်တယ် ကျမတို့ဆီ သတင်းပို့သလောက်လေ အခကြေးငွေရတာတော့ ရှိကောင်းရှိလိုက်မယ် ဒါပေမဲ့ ရွာကလူတွေပြောတာတော့ ဆန်အိတ်ပို့ခတို့ တစ်ထောင်တို့ နှစ်ထောင်တို့ သတ်မှတ်တာလည်းရှိတယ် ပေးမပေးတော့ ကျမတို့ မသိဘူး ဒေသခံဆီကနေ ကျမတို့ သိတာတော့ မပေးဘူးလို့ထင်တယ် ပေးရင်လည်း ထက်ဝက်စျေးပဲပေးတယ် အပြည့်ကိုမပေးဘူးလို့ သိရတယ်” ဟု မနန်းဝေကပြောသည်။

ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံရွာသားမျာသည် ဆန်ဝယ်လိုပါက ကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူးများ၏ ထောက်ခံချက်နှင့်အတူ ပလက်ဝမြို့ထွေ/အုပ်ရုံးသို့ တင်ပြပြီး ခွင့်ပြုချက်ရမှသာ ဆန်ဝယ်ယူ၍ရကြောင်း ဆန်အရေအတွက်ကိုမူ အခြေအနေပေါ်မူတည်၍ ထွေ/အုပ်က လူတစ်ဦးအတွက် ဆန်မည်မျှဝယ်နိုင်သည်ကို သတ်မှတ်ပေးလေ့ရှိကြောင်းသိရသည်။ ယခုလက်ရှိ ပလက်ဝမြို့နယ်တွင် ဆန်တစ်အိတ်လျင် ကျပ်ငွေ (၇၅၀၀၀) ခန့်ဖြင့်စျေးပေါက်ပြီး ဝယ်ချင်တိုင်း ဝယ်ယူ၍မရကြောင်းဒေသခံများကပြောသည်။

AA တပ်ဖွဲ့မှ ဆန်အတင်းအဓမ္မကောက်ယူနေသော ငရှားကျေးရွာအုပ်စုသည် ပလက်ဝမြို့မှ စက်လှေဖြင့် ၅ နာရီခရီးခန့်သွားရပြီး ငရှားကျေးရွအုပ်စုအတွင်းရှိ ကျေးရွာ ၅ ရွာမှာ ငရှား အိမ်ခြေ ၁၀၉၊ ကြောင်ချောင်း အိမ်ခြေ ၅၆၊ အဘောင်ဝ အိမ် ၄၊ နှုံးဘူးကြီး အိမ်ခြေ ၃၀ နှင့် နှုံးဘူးငယ် အိမ်ခြေ ၇၄ ရှိသည်ဟု CHRO ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

လားနွန် (KMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here