ကျပ် (၆) သိန်း တောင်းယူခဲ့သည်ဟုဆိုကာ ရဲတပ်ကြပ်တစ်ဦးအား အဂတိကော်မရှင် နှင့် နိုင်ငံတော်အကြီးအကဲများထံ တိုင်ကြား

0
285

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝယ်သွန်ချောင်ကျေးရွာ၌ ဘိန်းစာရွက်ဖမ်းဆီးရမိခဲ့သဖြင့် အမှုရင်ဆိုင်နေရသူတစ်ဦး၏ မိသားစုဝင်ထံမှ ရဲတပ်ကြပ်တစ်ဦးက ငွေကျပ် ၆ သိန်း လက်ခံတောင်းယူခဲ့သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ရုံးနှင့် နိုင်ငံတော်အကြီးအကဲများထံသို့ တိုင်ကြားစာပေးပို့ထားကြောင်း သတင်းရရှိသည်။

သံဖြူဇရပ်မြို့မရဲစခန်း၌ ဘိန်းစာရွက်မှုနှင့်ပတ်သက်၍ ပုဒ်မ ၁၆ (ဂ) ၊ ၂၀ (က) တို့ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရသော မောင်ဟိန်းမင်းလတ်၏ မိခင်ဖြစ်သူ ဒေါ်ညွှန့်ရီက ရဲတပ်ကြပ် ကျော်ဇင်ဦးနှင့် ဝယ်သွန်ချောင်ကျေးရွာ ရပ်မိရပ်ဖအဖွဲ့ဝင်နှစ်ဦးတို့ထံ အသိသက်သေရှေ့မှောက်တွင် ငွေကျပ် (၆) သိန်းတိတိကို မေလ ၂၀ ရက်နေ့က ပေးအပ်ခဲ့ရကြောင်း ၎င်းတို့၏တိုင်ကြားထားသော မိတ္တူစာများတွင် ဖော်ပြသည်။

တိုင်ကြားသူ နိုင်တင်မောင်ဦးက “ဒီကိစ္စကို ကျွန်တော်မတိုင်လိုက်လို့ရှိရင် သူတို့ထပ်ခါထပ်ခါ ငွေလာညှစ်နေဦးမယ်။ အရှေ့မှာလည်း ထိုနည်းတူစွာပဲ သူတို့ လုပ်လာတာ သုံးလေးကြိမ်ရှိနေပြီး၊ ဒါကြောင့် ဆွေမျိုးတွေအားလုံးနဲ့ တိုင်ပင်ပြီးတော့ တိုင်ကြားလိုက်တယ်”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းကိစ္စသည် လာဘ်စားမှုမြောက်သဖြင့် မကြေနပ်သောကြောင့် တိုင်ကြားရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံတော်သမ္မရုံး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ထံလည်း အလားတူ တိုင်ကြားစာများပေးပို့ထားကြောင်း ၎င်းက ဆက်ပြောသည်။

ဒေါ်ညွှန်ရီက “သားကဘိန်းစာရွက်သောက်နေတာ သူတို့တွေ့တယ်၊ အရွက်ကိုလည်းရသွားတယ်၊ သားကို ဖမ်းသွားပြီးတဲ့နောက်မှာ ရွာက ရပ်မိရပ်ဖလာတယ်။ သူပိုက်ဆံ (၁၀) သိန်း တောင်းတယ်။ ကျွန်မတို့မှာ ငွေမရှိဘူးဆိုတော့ ညှိပေါ့လို့ ရပ်မိရပ်ဖက ပြောတယ်။ အဲဒါဆို (၆) သိန်းတဲ့၊ (၆) သိန်းလဲ မနိုင်တော့ (၅) သိန်းတဲ့၊ အဲဒါနဲ့ မနက်ရောက်တော့ ရွာအုပ်ချုပ်ရေးမှူးရုံးမှာ ချိန်းတယ်။ (ရပ်မိရပ်ဖ)သူတို့ရောက်လာတော့ (၅) သိန်းမရဘူး၊ ကတိပေးထားတာ မျက်နှာပျက်မယ်တဲ့ (၆) သိန်းမှရမယ်ဆိုပြီးတော့ ခရစ်ယာန်ဘုရားကျောင်းအနားကို ခေါ်သွားတယ်။ အဲဒီဘုရားကျောင်းဘေးက လမ်းမှာပဲ ပိုက်ဆံ (၆)သိန်း ပေးခဲ့တယ်”ဟု ပြောသည်။

မောင်ဟိန်းမင်းလတ်ထံမှ ဘိန်းစာရွက်များကို အဆိုပါရဲတပ်ကြပ်နှင့် ရပ်မိရပ်ဖနှစ်ဦးတို့က နေအိမ်တွင် မေလ ၁၉ ရက်နေ့က လာရောက်ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ မွန်သတင်းအေဂျင်စီမှ သံဖြူဇရပ်မြို့မရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းဦးကို သွားရောက်မေးမြန်းရာ၌ တိုင်ကြားထားသည့်ကိစ္စကိုသာ သတင်းများကြားရကြောင်း၊ တစ်စုံတရာသိရှိထားခြင်းမရှိသည့်အပြင် သက်ဆိုင်ရာမှ တရားဝင်စာများရောက်လာခြင်း မရှိသေးကြောင်း ပြောသည်။

အလားတူ သက်ငယ်မုဒိန်းမှုတစ်ခုနှင့်ပတ်သက်၍ အမှုစစ်အဖြစ်ဆောင်ရွက်
ခဲ့သော မုဒုံမြို့မရဲစခန်းမှူး ဒုရဲမှူး ခင်မောင်ထွန်းသည် ကျူးလွန်သူနှင့် နစ်နာသူ၏ ဖခင်ထံမှ ငွေကျပ်တစ်သိန်း တောင်းခံခဲ့သည်ဟု တိုင်ကြားခံရသဖြင့် မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့က မေလ ၂၂ ရက်နေ့တွင် စစ်ဆေးခဲ့ကြောင်း တွေ့ရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here