29 March 2024 /

See today's Peace Related News

‘ကော်’ ရိုးရာဓလေ့ နယ်မြေစီမံအုပ်ချုပ်မှုစနစ် ပိုမိုအားကောင်းလာရန် ပြင်ဆင်

၃ ဇွန် ၂၀၁၉

‘ကော်’ ရိုးရာဓလေ့ နယ်မြေစီမံအုပ်ချုပ်မှုစနစ် ပိုမိုအားကောင်းလာရန် ထိရောက်စွာ အကောင်အထည်ဖော်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင် လေးဝါး(လော်ခီးလာ)တွင် မေလ ၂၉ရက်မှ ၃၀ရက်နေ့အထိ ပြုလုပ်သည့် ‘ကော်’ ရိုးရာဓလေ့ နယ်မြေစီမံအုပ်ချုပ်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲ ၌ ဆုံးဖြတ်လိုက်သည်။

ဒေသခံလူမှုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အလှူရှင်များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်များ၊ ကေအဲန်ယူထိပ်ပိုင်းခေါင်းဆောင် ကိုယ်စားလှယ်များအပါအဝင် အဖွဲ့အစည်းပေါင်း (၅၆) ဖွဲ့မှ စုစုပေါင်း ကိုယ်စားလှယ်(၅၁၉) တက်ရောက်သည့် ၎င်းနှီးနှောဖလှယ်ပွဲတွင် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နှီးနှောဖလှယ်ပွဲ၏ ပြောခွင့်ရသူ ပဒိုစောနေသဘလေးက “ဒီကနေ့ သွားနေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ် အပေါ် နိုင်ငံရေးဆွေးနွေးမှုမှာ ကျနော်တို့ရဲ့ ရပ်တည်ချက်က အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက် ရေးဖြစ်ပြီး အခြားတစ်ဖက်မှာက ဒေသအတွင်း ကိုယ်ပိုင်စီမံအုပ်ချုပ်မှု အခွင့်အရေး နဲ့ ချိတ်ဆက် နိုင် ဖို့ အတွက်နဲ့ ‘ကော်’ ဆိုတဲ့ သဘောသဘာဝကို ပိုမိုနားလည်သိရှိအောင်လို့ ဒါကိုရည်ရွယ်တယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ၎င်းနှီးနှောဖလှယ်ပွဲ ပြုလုပ်ရခြင်းမှာလည်း ကော်သူးလေး နယ်မြေအတွင်း ‘ကော်’ စနစ်နဲ့ ကိုယ့်ဌာနေ နယ်မြေကို ကိုယ်တိုင် စီမံအုပ်ချုပ်မှုများစွာရှိနေသေးသည့်အပေါ်မှာ ၎င်းကို ပိုမိုအားကောင်းလာစေရန် ထုတ်ဖော်လိုသည့် ရည်ရွယ်ချက်ဖြစ်ကြောင်းလည်း ပဒိုစောနေသဘလေးက ဆက်ပြောသည်။

‘ကော်’ ရိုးရာဓလေ့ နယ်မြေစီမံအုပ်ချုပ်မှုဆိုသည်မှာ စုပေါင်းပိုင်ဆိုင်ခြင်း၊ စုပေါင်းအသုံးပြုချင်း၊ စုပေါင်းလိုက် နာဆောင်ရွက်ခြင်း၊ စုပေါင်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းကိုအခြေခံသည့် မြေ၊ ရေ၊ သစ်တော နှင့် သဘာဝ သယံဇာတအရင်းအမြစ်များကို ရေရှည်တည်တံ့စေရန် စီမံခန့်ခွဲခြင်း အပါအဝင် ဓလေ့ထုံးတမ်း တရားစီရင်ခြင်း၊ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းခြင်း၊ ဓလေ့ထုံးတမ်းကိုးကွယ်ယုံကြည်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ကို တန်ဖိုးထားခြင်းစနစ်များ ပေါင်းစပ်ထားသော အုပ်ချုပ်မှုစနစ်ဖြစ်သည်ဟု ဆိုသည်။

၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ သုတေသနလေ့လာချက်အရ ကော်သူးလေ နယ်မြေတွင် ‘ကော်’ ကိုယ်ပိုင်စီမံ အုပ်ချုပ်မှုစနစ် (၁၉၈)ကော်ရှိပြီး ၎င်းစနစ်ကို ကေအဲန်ယူ၏ မြေယာမူဝါဒနှင့် သစ်တောမူဝါဒတွင် အသိအမှတ် ပြုထားသည်။ စီမံအုပ်ချုပ်မှုစနစ် ပြန်လည်ဖွံ့ဖြိုးရေးနှင့် ထိရောက်စွာထိန်းသိမ်းကာကွယ်ရန်အတွက် လည်း ကေအဲန်ယူ အနေဖြင့် လုပ်ငန်းစီမံချက်များ ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်ဟုလည်း နှီးနှောဖလှယ် ပွဲအပြီး ထုတ်ပြန်သည့် ထုတ်ပြန်ချက်၌ ဆိုသည်။

ထို့အပြင် ၎င်းထုတ်ပြန်ချက်၌ ‘ကော်’ ရိုးရာ ကိုယ်ပိုင်စီမံအုပ်ချုပ်မှုစနစ်နှင့် လက်ရှိငြိမ်းချမ်းရေး တည်ဆောက်မှု၊ အနာဂတ်ဖက်ဒရယ် တည်ဆောက်မှုနှင့် ကိုက်ညီမှုမရှိသည့် မြန်မာနိုင်ငံအစိုးရ၏ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှုဥပဒေ၊ မြေတိုင်းဥပဒေ(မူကြမ်း)တို့ကို ဆန့်ကျင်ကန့်ကွက်ကြောင်းလည်း ဖော်ပြပြောဆိုထားသည်။

အဆိုပါ မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှုဥပဒေ အတည်ပြုပေါ်ထွက်လာခြင်းအပေါ် ကေအဲန်ယူအပြင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်များနှင့် တက်ကြွလှုပ်ရှား သူများမှ သဘောထားများထုတ်ပြန် ကန့်ကွက်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) အပိုဒ် (၃၇)၊ (က)အရ နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး မြေပေါ်မြေအောက်၊ ရေပေါ်ရေ အောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်ကြောင်း ပါရှိသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသူ မူတရော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်မှ စောမောင်ကူးက “ဒီ ‘ကော်’ ကို ကောင်းမွန်အောင် လုပ်ဆောင်တဲ့အပေါ် လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ ကြည့်မယ်ဆိုရင် အရမ်းကို အရေးကြီးတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ ကရင်တိုင်းရင်းသားတွေရဲ့ အသက်ရှင်နေထိုင်ရေးက မြေ ယာတွေနဲ့အများကြီး ဆက်နွှယ်နေသလို သဘာဝ ပတ်ဝန်းကျင်အပေါ် ရယူသုံးစွဲမှုမှာလည်း အများကြီး သက်ဆိုင်တယ်” ဟု ကေအိုင်စီသို့ပြောသည်။

အလားတူ ဓလေ့ထုံးတမ်းအရ မြေယာစီမံခန့်ခွဲမှုဆိုင်ရာ နှီးနှော ဖလှယ်ပွဲတစ်ခုကို ပြီးခဲ့သည့် ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၅ရက်မှ ၂၇ရက်နေ့ အထိ ကရင်အမျိုးသားအစည်းအရုံး-KNU၊ မူတရော် (ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ တမေထ ကျေးရွာတွင် ပြုလုပ်ခဲ့သည်။