မြန်မာ့ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းခြင်းအနုပညာ

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် အစိုးရအစုအဖွဲ့ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးဦးခင်ဇော်ဦး (ငြိမ်း)က”ငြိမ်းချမ်းရေးဆွေးနွေးမှုများသည်ဟန်ဆောင်မှုများလား” ဆိုခြင်းအပေါ် ပြန်လည်သုံးသပ်သင့်ကြောင်း ပြောသည်။

ထိုစကားကို ဇွန်လ ၁၃ ရက်နေ့က ရန်ကုန်မြို့ရှိ NRPC ရုံးမှာ ပြုလုပ်သည့် UPDJC အတွင်းရေးမှူးအဖွဲ့ အလွတ်သဘောအစည်းဝေးမှာ အဖွင့်အမှာစကားပြောစဉ် ထည့်ပြောသွားခြင်းဖြစ်သည်။

ဦးခင်ဇော်ဦးက“NCA စာချုပ်မှာအဓိကအချက်၂ ချက်ပဲ ရှိပါတယ်၊ ၁- အပစ်အခတ်ရပ်စဲရေးနဲ့ အဆိုပါအပစ်အခတ်ရပ်စဲထားမှုကို ခိုင်မာအောင်ဆောင်ရွက်ရေး၊၂- နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရေးဖြစ်ပါတယ်၊ ဒီနေရာမှာကျနော့်အနေနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု တနည်းအားဖြင့်စေ့စပ်ညှိနှိုင်းမှုအပိုင်းမှာ အဓိကအရေးကြီးဆုံးအချက်က ယုံကြည်မှုတည်ဆောက်ရေးပဲ ဖြစ်ပါတယ်၊ မည်သည့်စေ့စပ်ညှိနှိုင်းမှုမျိုးမှာမဆို တဖက်နဲ့တဖက်ဟာ ယုံကြည်မှုမြင့်မားနေရပါမယ်၊ အနှစ်သာရမရှိတဲ့ ဟန်ဆောင်ယဉ်ကျေးမှု၊ ရင်းနှီးဖော်ရွေမှုနဲ့တော့ တကယ့်စေ့စပ်ညှိနှိုင်းမှုကို မလုပ်ဆောင်နိုင်ပါဘူး၊ ဒီနေ့ကျနော်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ဟန်ဆောင်ရင်းနှီးမှုတွေလားလို့တောင်လည်း ပြန်လည်သုံးသပ်ဖို့လိုအပ်နေပါတယ်” ဟု ဆိုသည်။

အလားတူ အဆိုပါအလွတ်သဘောဆွေးနွေးမှုပထမနေ့တွင် တိုင်းရင်းသားလက်နက်ကိုင်(EAO) အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက တိုင်းရင်းသားအဖွဲ့အစည်းများမှ ဖက်ဒရယ်မူကို အဆင့်အမြင့်ဆုံးတင်ထားပြီး ရပ်တည်ဆွေးနွေးခဲ့သလို တပ်မတော်ကလည်း တစ်ခုတည်းသောတပ်မတော်နှင့် ခွဲမထွက်ရေးအထိမခံပဲ ကျားကုတ်ကျားခဲ မဆုတ်တမ်းဆွေးနွေးသဖြင့် မိမိတို့သည်ဆုံမှတ်ရှာမတွေ့ဘဲ တစ်ဦးကိုတစ်ဦးအပြစ်ဆိုရင်းနှင့်သာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က တဝဲလည်လည်ဖြစ်နေရသည်ဟု ဆိုသည်။

အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့်NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တရားဝင်ဆွေးနွေးပွဲများ မဆောင်ရွက်နိုင်ခဲ့သည်မှာ (၈) လခန့်ကြာမြင့်သွားသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်မသွားနိုင်ဖြစ်ခဲ့ပြီး အလွတ်သဘောဆွေးနွေးမှုများဖြင့်သာ ယုံကြည်မှုကိုတဖန် အသစ်ပြန်လည်တည်ဆောက်နေရသော အနေအထားသို့ ရောက်ရှိသွားခဲ့ရသည်။

လက်ရှိမြန်မာ့ငြိမ်းချမ်းရေးခရီးသည် သမ္မတဦးသိန်းစိန်လက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၁) ကြိမ်နှင့် NLD အစိုးရလက်ထက် (၂၁) ရာစုပင်လုံအစည်းအဝေး (၃)ကြိမ်တိုင်တိုင်ကျင်းပခဲ့သော်လည်း တဖက်မှာ ပြည်တွင်းစစ်ရှောင်စခန်းများနှင့် ဒုက္ခသည်ဦးရေက ပို၍ပို၍တိုးပွားလာနေသည်။

ဒုက္ခသည်စာရင်းဝင် အရေအတွက်မည်မျှရှိမည်ကို မသိနိုင်သော်လည်း အစိုးရထုတ်ပြန်ချက်အရ တိုင်းရင်းသားဒေသများမှာ စခန်းပေါင်း ၁၄ဝ ခန့်ရှိပြီး စစ်ဘေးဒုက္ခသည် စုစုပေါင်း ၁ သိန်း ၆ သောင်းကျော် ရှိနေသည်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ၂၁ ရက်နေ့မှ ယခုဇွန်လ ၈ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် မိနစ် ၃၀ အထက် နှစ်ဘက်ရင်ဆိုင်တိုက်ပွဲပေါင်း ၂၃၀ ကျော်၊ အရပ်သားထိခိုက်သေဆုံးမှုလူ ၆၀ ခန့်၊ ထိခိုက်ဒဏ်ရာရပြီး ဆေးရုံတက်ကုသခဲ့သူ ၁၀၀ ကျော်ရှိသလို စစ်ဘေးသင့်လူဦးရေ ၄ သောင်းကျော်ရှိနေကြောင်း ဖော်ပြထားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူညီချက် NCA အကောင်အထည်ဖော်ဆောင်ရာတွင် Political Framework နိုင်ငံရေးဆွေးနွေးမှုမူဘောင်အရ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက်၊ ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို အခြေခံ၍ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရမည်ဟု ဆိုထားသည်။

သို့သော် NCA စာချုပ်လက်မှတ်ရေးထိုးပြီးသော သျှမ်း RCSS နှင့် ရခိုင် ALP တို့၏ လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမကျင်းပနိုင်ပဲဖြစ်နေခြင်းကလည်း အထူးသဖြင့်ယုံကြည်မှုလျော့ကျစေပြီး နိုင်ငံရေးဆွေးနွေးပွဲများအပေါ် လာရောက်ရိုက်ခတ်လေသည်။

တိုင်းရင်းသားလူမျိုးစု ၁၀၀ ကျော်နေထိုင်သောမြန်မာပြည်မှာ ကရင်၊ ချင်း၊ ပအိုဝ်း၊ မွန် စသည့်တိုင်းရင်းသား ၄ မျိုးတို့၏ လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ တစ်ကြိမ်စီကျင်းပ၍ (၂၁) ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကျင်းပခဲ့သည်မှာ အပေါ်ယံဟန်ပြလုပ်ဆောင်ချက်များလားဟု ထောက်ပြသူများလည်း ရှိပါသည်။

လက်ရှိမှာတော့ ထိုညီလာခံများကနေ ပြည်ထောင်စုသဘောတူညီချက် (၅၁) ချက်ကို စုစည်းရယူထားပြီးလည်း ဖြစ်သည်။

အဆိုပါ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁) ရာစု ပင်လုံအစည်းအဝေးများမှ ပြည်ထောင်စုစာချုပ်သဘောတူညီချက် ၅၁ ချက်၏ ၈၀ ရာခိုင်းနှုန်းခန့်မှာ၂၀၀၈ အခြေခံဥပဒေတွင်ပါပြီးသား အချက်များဖြစ်နေသည်ဟု အခြေခံဥပဒေရေးရာကျွမ်းကျင်သူ ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန်က ထောက်ပြထားသည်။

ဥပမာအားဖြင့် ပြည်ထောင်စုစာချုပ်ပါ နိုင်ငံရေးကဏ္ဍမူဝါဒ သဘောတူညီချက် (၂၀၁၇ခုနှစ်၊မေလ၂၉ရက်)။ ဖက်ဒရယ်စနစ်တွင် အခြေခံရမည့်မူများအခန်း၌ “၁-အချုပ်အခြာ။ ။နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး ပြည်ထောင်စုတစ်ဝန်းလုံး၌တည်သည်”ဟု ပါရှိသည်။

ထို့အတူ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူများအောက်တွင်လည်း နိုင်ငံတော်ကိုဖွင့်ဆိုရာ၌ “၄။နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်” ဟုဆိုသည့်အတွက် ဝါကျနှစ်ကြောင်းမှာ “ပြည်ထောင်စု= နိုင်ငံတော်” စကားရပ်သာ ကွဲပြားပါသည်။

ထိုသို့ညီလာခံကျင်းပပြီး မကြာခင်မှာဘဲ ဗဟိုချုပ်ကိုင်မှုတင်းကျပ်သည့် မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာလက ပြဌာန်းလိုက်သဖြင့် ပြည်ထောင်စုစာချုပ်တွင်ပါရှိသော မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ မူဝါဒသဘောတူညီချက် ၁၂ ချက်ကို လုံးဝဥပေက္ခာပြုသည်ဟု တိုင်းရင်းသားအရေးလှုပ်ရှားသူ အရပ်ဖက်လူမှုအဖွဲ့အစည်းများက ဆိုသည်။

အဆိုပါ မြေလွတ်မြေလပ်မြေရိုင်းစီမံခန့်ခွဲရေး ဥပဒေကိုပြင်ဆင်သည့်ဥပဒေမှာ ပါရှိသောအချက်များသည် တိုင်းရင်းသားအခွင့်အရေး၊ ဓလေ့ထုံးတမ်းအရစီမံပိုင်ခွင့်များကို အသိမှတ်မပြုသည့်အပြင် လယ်ယာမြေလုပ်ကိုင်သူများကို ကျူးကျော်နေထိုင်စိုက်ပျိုးသူများအဖြစ် သတ်မှတ်သည့်ဥပဒေဖြစ်နေသည်ဟု တိုင်းရင်းသားအရေးလှုပ်ရှားသူများက ဝေဖန်ထောက်ပြခဲ့သလိုKNU မှလည်း ကြေညာချက်ထုတ်ပြန်၍ ကန့်ကွက်ခဲ့သည်။

ထို့နောက်၂၀၁၈ခုနှစ်၊ အောက်တိုဘာ ၁၅-၁၆ ရက် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ ၁၀+၁၀ သီးသန့်တွေ့ဆုံမှုအပြီး နှစ်ဖက်ထိတွေ့ဆက်ဆံမှုများ အေးတိအေးစက်ဖြစ်လာသည်ကို သတိပြုမိလာသည်။

တဆက်တည်းမှာပဲ ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများတွင် ပါဝင်မှုအား ယာယီဆိုင်းငံ့ထားပြီး အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းမှတဆင့် ဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း၂၀၁၈ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းတွင် ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဥက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားပေးပို့ခဲ့သလို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA ကလည်း ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေး ပူးတွဲကော်မတီ JMC ပါဝင်မှုမှ ရပ်ဆိုင်းကြောင်း နိုဝင်ဘာလထဲမှာ ထုတ်ပြန်ခဲ့သည်။

လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်မှုသည် ဖက်ဒရယ်ပြည်ထောင်စုအားတည်ဆောက်မည်ဟု သဘောတူထားသည့်တိုင် အမှန်တကယ်ဖက်ဒရယ်တစ်ခုလုံးကို သွားရမည့် Frame Work- လမ်းပြမြေပုံ Road Map မရှိကြောင်း၊ NCA တွင် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပဆွေးနွေးရမည့် Frame Work သာရှိသေးကြောင်း KNU ခေါင်းဆောင်တစ်ဦးက ထောက်ပြခဲ့သည်။

ထို့အတူ KNU ဥက္ကဌဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကလည်း“လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ ရောက်ရှိနေတဲ့ NCA အကောင်အထည်ဖော်မှုလမ်းကြောင်းဟာ မူလကကျနော်တို့ရည်မှန်းထားတဲ့ အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ၊ အာမခံချက်တွေအပြည့်အဝရှိပြီး ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို ရောက်ရှိစေမယ့်လမ်းကြောင်းကနေ သွေဖီသွားပြီဖြစ်ပါတယ်” ဟု PPST ဥက္ကဌတာဝန်မှ နုတ်ထွက်သည့် အထူးအစည်းအဝေး၌ ပြောခဲ့သည်။

ထိုနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့PPST ကိုလည်းဖျက်သိမ်း၍ PPCM (Peace Process Consultative Meeting) ဖွဲ့စည်းသွားရန် KNU မှ အဆိုပြုလာခဲ့သည်။

ထိုအဆိုပြုမှုအပေါ် NCA ထိုးထားသော လက်နက်ကိုင်၁၀ဖွဲ့က ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အစည်းအဝေးကျင်းပ၍ ဆွေးနွေးအဖြေရှာရန်စီစဉ်ခဲ့သော်လည်း ဇွန်လ ၈ ရက်နေ့မှာပဲ မြန်မာစစ်သံမှူး၏ကန့်ကွက်မှုကြောင့် မကျင်းပနိုင်ခဲ့ပေ။

KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက “ပထမဆုံးကယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာလုပ်ငန်းစဉ်ကို ထိခိုက်စေတာပေါ့။ နောက်ပြီး NCA အပေါ်ထားရှိတဲ့ သူတို့(အစိုးရ၊တပ်မတော်) သဘောထားကို မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ငြိမ်းချမ်းရေးကို ရှုမြင်တဲ့သူတို့ရဲ့အမြင်က ကျွန်တော်တို့မြင်သလို မဟုတ်ဘူးဆိုတာကိုလည်း ပိုသေချာလာစေတယ်၊ ကျွန်တော်တို့အနေနဲ့ လက်မှတ်ထိုးတဲ့အဖွဲ့တွေကလည်း သူ့ဘာသာသူသီးခြားမနေဘဲ ထိုးခြင်း၊မထိုးခြင်းကို စည်းမခြားဘဲ ဘယ်လိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ကြရမလဲဆိုတာကို အဖြေရှာဖို့လိုတယ်။ ဒါကြောင့်အခုလိုအစည်းအဝေးမလုပ်ဖို့ တားမြစ်စေတဲ့အတွက် အစိုးရ၊ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးအပေါ် ရှုမြင်တဲ့နိုင်ငံရေးဆန္ဒအပေါ် မေးစရာဖြစ်လာပါတယ်” ဟု ပြောသည်။

ဇွန်လ၁၃-၁၄ရက်များက ကျင်းပပြီးစီးခဲ့သည့် UPDJC အတွင်းရေးမှူးများ အလွတ်သဘောဆွေးနွေးပွဲမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ပါဝင်သည့်အစိုးရအစုအဖွဲ့ ၁၀ ဦး၊ နိုင်ငံရေးပါတီအစုအဖွဲ့ ၁၀ ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ ၉ ဦးသာ တက်ရောက်ခဲ့ပြီး KNU ကိုယ်စားလှယ်တက်ရောက်ခဲ့ခြင်း မရှိပေ။

အဆိုပါအလွတ်သဘောဆွေးနွေးမှုတွင် တစ်ဆို့မှုများကိုကျာ်လွှားနိုင်ရေးအတွက် ၁-NCA အကောင်အထည်ဖော်ဆောင်နေမှုကို ပြန်လည်သုံးသပ်ရန်။ ၂-ဖက်ဒရယ်ပြည်ထောင်စုတွင်ပါဝင်ရမည့်အခြေခံမူနှင့်လုပ်ငန်းစဉ်များ။ ၃- ၂၀၂၀ မတိုင်ခင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ၂၀၂၀အလွန်မှာ မပြီးပြတ်သေးသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကု ိအာမခံချက်ရှိရှိ ဆက်သွားနိုင်ရန်။ ၄- ကြားကာလအစီအစဉ်များတွင် NCA လက်မှတ်ထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်များ၏ သက်ဆိုင်ရာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ၎င်းတို့၏ပြည်သူလူထုများနှင့် ထိတွေ့ဆက်ဆံရေး စသည့်သဘောထားများ စုစည်းနိုင်ခဲ့ပြီး အဆိုပါအချက် ၄ ချက်ကို ဆက်လက်ဆွေးနွေးသွားရန် EAO များအား အစိုးရဘက်မှ အဆိုပြုထားသည်။

အစိုးရငြိမ်းချမ်းရေး အကြံပေးပုဂ္ဂိုလ်ဦးလှမောင်ရွှေက “စုစည်းချက်တွေကတော့ ဒီလိုမျိုးတစ်ဆို့မှုတွေရှိနေတာကို အားလုံးကလက်ခံတယ်၊ ဒါတွေကို ကျော်လွှားဖို့ကိုလည်း သဘောတူတယ်၊ ညီလာခံကိုလည်း အမြန်ဆုံးကျင်းပဖို့ သဘောထားရှိကြတယ်၊ အဲဒီတော့ ဒီဘက်မှာတော့ကျနော်တို့လုပ်စရာရှိတာကို တပြိုင်နက်တည်းလုပ်နေမယ်၊ နောက်တစ်ကြိမ်ဆွေးနွေးပွဲကိုတော့ ဇူလိုင်လထဲမှာ ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တာပေါ့နော်၊ အဲဒါပြီးရင်တော့လည်း ပုံမှန်လုပ်ငန်းစဉ်တွေ Formal Meeting တွေ ပြန်စနိုင်ပြီးတော့ လုပ်နေကျပုံမှန် UPDJC အစည်းဝေးတွေခေါ်နိုင်မယ်၊ ပြီးရင်တော့လည်း ညီလာခံကို ကျနော်တို့ဆောင်ရွက်နိုင်မယ်” ဟု ဆိုသည်။

ထို့ကြောင့် အထက်ပါအခြေအနေများကို ခြုံငုံလေ့လာကြည့်လျှင် စေ့စပ်ညှိနှိုင်းခြင်းအနုပညာသည် လွန်စွာအရေးပါလှကြောင်း တွေ့ရှိရပြီး လက်ရှိငြိမ်းချမ်းရေးဆွေးနွေးမှုများသည်လည်း ဟန်ဆောင်မှုများနှင့် တဝဲလည်လည်ဆက်ဖြစ်နေဦးမှာလား ဆိုသည်ကို ရှေ့လာမည့်ဇူလိုင်လအထိ တဖန်စောင့်ကြည့်ရဦးမည်။

ကိုးကားချက်
-မွန်သတင်းအေဂျင်စီ MNA
-ကရင်သတင်းစဉ် KIC
-အသံနှင့် သတင်းမှတ်တမ်းများ