ဌာနေ တိုင်းရင်းသားများပေါ် ထိခိုက်နေသည့် ဥပဒေနှင့် စီမံကိန်းများကို ဖျက်သိမ်းရန် တောင်းဆို

0
161

မြန်မာနိုင်ငံ အစိုးရအနေဖြင့် ဌာနေတိုင်းရင်းသားများအပေါ် ထိခိုက်နေသည့် မြေယာ၊ သစ်တောဆိုင်ရာ ဥပ ဒေများနှင့် စီမံကိန်းများကို ဖျက်သိမ်းရန် ကော်သူးလေတစ်ခုလုံးဆိုင်ရာ ကျေးရွာလူထုပိုင် ဘုံသစ်တော ကိုယ်စားလှယ်များမှ ယမန်နေ့ (ဇူလိုင် ၃ ရက်)တွင် ကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပီးတခ ကျေးရွာတွင် ဇူလိုင်လ ၁ ရက်မှ ၃ရက်နေ့အထိ ပြုလုပ်ခဲ့ သည့် ကော်သူးလေတစ်ခုလုံးဆိုင်ရာ ကျေးရွာလူထုပိုင်ဘုံသစ်တော ပထမဦးဆုံးအကြိမ် နှီးနှောဖလှယ်ပွဲပြီး ထုတ်ပြန်သည့် ကြေညာချက်၌ ဒေသအသီးသီးမှ တက်ရောက်လာသည့် ကိုယ်စားလှယ်များက ထိုသို့ တောင်း ဆို လိုက်ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်၏ ပြောခွင့်ရ နော်နေဆဲဖောက“အစိုးရက ထုတ်ပြန်လိုက်တဲ့ ဥပဒေတွေက ကျမတို့ ဌာနေ တိုင်းရင်းသားကို ထိခိုက်စေတယ်။ ဘာဖြစ်လဲဆိုတော့ ငွေရှင် ကြေးရှင်စီးပွားရေးသမားတွေက နေပြည်တော် ကိုသွားပြီး စိုက်ခင်းစီမံကိန်းလိုဟာမျိုး လုပ်ခွင့်ရဖို့သွားတောင်တဲ့အခါ နေပြည်တော်အစိုးရက ဂျီပီအက် (GPS) မြေပုံ ပေါ်မှာပဲကြည့်ပြီး ဒီနေရာက မြေလွတ်မြေလပ်ပဲဆိုပြီး လုပ်ခွင့်ပေးလိုက်တယ်။ တကယ့်လက်တွေ့မှာက ကျမတို့ရဲ့ လုပ်ကိုင်စားသောက်တဲ့နေရာမျိုးတွေဖြစ်နေတယ်။ ဒါကြောင့် ဒါကိုတောင်းဆိုတာပါ”ဟု ကေအိုင်စီ သို့ ပြောသည်။

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးကို ချောမွေ့စွာ ဖေါ်ဆောင်နိုင်ရန်အတွက် အစိုးရအနေဖြင့် ဌာနေ တိုင်းရင်း သားများနှင့် ၎င်းတို့၏အခွင့်အရေးများကို လေးစားရမည်ဖြစ်ပြီး ဒေသခံပြည်သူလူထုများနှင့် တိုင်ပင် ညှိနှိုင်း ခြင်းမရှိဘဲ တဖက်သတ် ဖော်ဆောင်နေသည့် ဥပဒေရေးဆွဲပြဌာန်းမှုများနှင့် အမျိုးသားဥယျာဉ်၊ ကျွန်းပြင် ကာကွယ်တော၊ သဘာဝထိန်းသိမ်းသစ်တောများ တိုးချဲ့ချထားမှုစီမံကိန်းများသည် ဒေသခံဌာနေ ပြည်သူ များ၏ အသက်မွေးဝမ်းကျောင်းနှင့် ကျေးရွာလူထုပိုင်ဘုံသစ်တောလုပ်ငန်းများကို ကြီးမားစွာထိခိုက်နေသည်ဟု လည်း ထုတ်ပြန်ချက်၌ ဆိုသည်။

ဌာနေတိုင်းရင်းသားများ၏ အဆိုအရ ၎င်းတို့ကိုယ်ပိုင် စီမံအုပ်ချုပ် ထိန်းသိမ်းထားသည့် ထိန်းသိမ်းတောများ၊ အစုအဖွဲ့ပိုင်သစ်တောများသာရှိပြီး မြေလွတ်မြေရိုင်များမရှိကြောင်း ကြွေးကြော်ပြောဆိုမှုများရှိသော်လည်း မြန်မာနိုင်ငံအစိုးရအနေဖြင့် မြေသိမ်းဥပဒေအပြင် မြေလွတ်၊ မြေလပ် နဲ့မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြဌာန်း အတည်ပြုလိုက်သည်။

၎င်းပြဌာန်းသတ်မှတ်လိုက်သည့် ဥပဒေများကြောင့် ဥပဒေကြောင်းအရ ကျူးကျော်နေထိုင်သူများအနေဖြင့် မြေမတရားအသိမ်းခံရမည်ကို စိုးရိမ်ကြသည့် ဒေသခံဌာနေတိုင်းရင်းသားများနှင့်အတူ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ တက်ကြွလှုပ်ရှားသူများက အပြင်းအထန် ကန့်ကွက်ကြသလို ကရင်အမျိုးသား အစည်းအရုံး-KNU အနေဖြင့်လည်း ၎င်းဥပဒေများအပေါ် လက်မခံကြောင်းလည်း ကြေညာချက်ထုတ်ကာ ပြောဆိုထားမှုများရှိ သည်။
သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သည့်အဖွဲ့အစည်းများ၏ ၂၀၁၁ မှ ၂၀၁၉ ခုနှစ်အထိ ပြုစုထားသော စစ်တမ်းများအရ ကေအဲန်ယူခရိုင်နှင့် မြို့နယ်အသီးသီးတွင် ကျေးရွာလူထုပိုင်ဘုံသစ်တော ၁၅၁ ခု ဖွဲ့စည်း နိုင်ခဲ့ပြီး စုစုပေါင်း ဧရိယာ (၂၄၄,၅၉၈ ဒသမ ၀၃) ဧကရှိသည်။ သို့သော် မြန်မာနိုင်ငံအစိုးရ၏ မြေယာနှင့်သစ်တော ဥပဒေများ၊ အကြီးစား ဖွံ့ဖြိုးရေးနှင့် စီးပွားရေးစီမံကိန်းများကြောင့် ဒေသခံ ဌာနေ လူထု တို့၏ ရေရှည်တည်တံ့ ခိုင်မြဲသော ကျေးရွာလူထုပိုင်ဘုံသစ်တော စီမံအုပ်ချုပ်မှု စနစ်များမှာ ကြီးမားစွာ ခြိမ်း ခြောက်ခြင်းခံနေရကြောင်းလည်း ယမန်နေ့ ထုတ်ပြန်ကြေညာချက်က ဆိုထားသည်။

သုံးရက်တာပြုလုပ်သည့် ၎င်း ဆွေးနွေးပွဲကို ကေအဲန်ယူ ခရိုင် (၇)ခုအတွင်းရှိ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စု အသီးသီးမှ ကေအဲန်ယူသစ်တော တာဝန်ရှိသူများ၊ ကျေးရွာပိုင် ဘုံသစ်တော ထိန်းသိမ်းသည့် ဒေသခံကိုယ်စား လှယ်များ၊ အခြားသော ကရင်လက်နက်ကိုင်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရပ်ဖက်အဖွဲ့ အစည်းများ၊ ကရင်လူငယ်များ၊ NGOအဖွဲ့ အစည်းအချို့နှင့် လေ့လာသူများစုစုပေါင်း ၂၄၄ ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။

နှီးနှောဖလှယ်ပွဲကို တက်ရောက်လာသူ ဒေသခံ ကျေးရွာပိုင် ဘုံသစ်တော ကော်မတီ ခေါင်းဆောင် စော ကျော်ကန့်က “ဒီ ကျေးရွာပိုင်ဘုံသစ်တောက ကျနော်တို့ရဲ့ မြေ၊ ရေ၊ သစ်၊ ဝါးတွေ ပျောက်ကွယ်မှာစိုးလို့ ဒီအ ပေါ်မှာပဲ ဘိုးဘွားစဉ်ဆက်ကနေ နောက်လာမဲ့ မျိုးဆက်တွေအထိ လုပ်ကိုင်စားသောက်နေရမဲ့ နေရာဖြစ် တဲ့အတွက် ကျတို့အတွက် အရမ်းအရေးကြီးပါတယ်။ ဒါတွေ မရှိဘူးဆိုရင် ကျနော်တို့အတွက် နေထိုင် စားသောက်ဖို့ ဆင်းရဲဒုက္ခမျိုးစုံကို ကြုံတွေ့ရမှာအမှန်ပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းနှီးနှောဖလှယ်ပွဲ၌ ခရိုင်တစ်ခုချင်းစီ၏ ကျေးရွာလူထုပိုင်ဘုံသစ်တောများကို စီမံအုပ်ချုပ် ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား ဆွေးနွေးနှီးနှောဖလှယ်ခြင်းနှင့်အတူ လေ့လာသင်ယူမှုများပြုလုပ်ခြင်းအပြင် နိုင်ငံတကာရှိ ဌာနေတိုင်းရင်းသားများ၏ ကျေးရွာလူထုပိုင် ဘုံသစ်တောများအပေါ် ထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ နည်းလမ်းများနှင့် ၎င်းတို့၏ စီမံအုပ်ချုပ်ခြင်းအပေါ် ပြန်လည်ရယူသုံးစွဲခြင်းကို ၎င်းတို့ဒေသ အခြေ အနေနှင့် ကိုက်ညီသည်များကို ပိုမိုသိရှိနားလည်ရန် လေ့လာသင်ယူမှုပြုခဲ့သည်။

ထို့အပြင် ကျေးရွာလူထုပိုင် ဘုံသစ်တောဆိုင်ရာ အားနည်းချက်၊ အားသာချက်များ၊ အခွင့်အရေး ၊ စိန်ခေါ်မှုများ နှင့်အတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူမှုအကျိုးဖြစ်ထွန်းမှု၊ ရိုးရာဓလေ့နှင့် စီးပွားရေးဆိုင်ရာ တိုးတက်ဖြစ် ထွန်းနိုင်မှုများအပေါ် ပြန်လည်သုံးသပ်ပြီးနောက် ကျေးရွာလူထုပိုင် ဘုံသစ်တောဆိုင်ရာ ရှေ့လုပ်ငန်းစဉ် (၁၈) ရပ်ကိုလည်း နှီးနှောဖလှယ်ပွဲတွင် ချမှတ်ခဲ့သည်ဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here