တရားရုံးဆုံးဖြတ်ချက် သွေဖည်လုပ်ဆောင်မှုကြောင့် စောကျော်ကောင်းမြတ်အား ဝရမ်းထုတ်ဖမ်းဆီးရခြင်းဖြစ်ဟု KNU ပြော

0
220

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကျုံဒိုးမြို့နယ် စည်းရုံးရေးကော်မတီဥက္ကဌဟောင်းဖြစ်ခဲ့သူ မွန်ပြည်နယ် ကျိုက်မ ရောမြို့နယ် ကျုံကွယ်ကျေးရွာနေ စောကျော်ကောင်းမြတ်သည် ခရိုင်တရားရုံး၏ တရားစီရင်ဆုံးဖြတ်ချက်ကို သွေဖည်လုပ် ဆောင်သည့်အတွက် ဝရမ်းထုတ်ဖမ်းဆီးရခြင်းဖြစ်ဟု ကေအဲန်ယူ ဒူးပလာယာ ခရိုင်အတွင်းရေးမှူးက ပြောသည်။

စောကျော်ကောင်းမြတ်သည် ကျေးရွာ စားကျက်မြေကို မိမိပိုင်ဆိုင်ကြောင်း ပြုလုပ်သည့်အမှု၊ မြေသိမ်းပြီး ရာဘာပင်စိုက်ပျိုးထား သည့် မြေယာအငြင်းပွားတိုင်ကြားလာမှုအပါအဝင် ကေအဲန်ယူ ကျုံဒိုးမြို့နယ်တွင် တာဝန်ထမ်းဆောင်စဉ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးအား ကြိုးတုပ်ဖမ်းဆီးကာ ရိုက်နှက်ခဲ့သည့်ကိစ္စတိုင်ကြားလာမှုအပြင် ယခင်က ဖြစ်ပွားခဲ့သည့် မြေယာအမှု တစ်ခုတွင် တရားရုံးက ချမှတ်လိုက်သော တရားစီရင်ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အတွက် ဝရမ်းထုတ်၍ ဖမ်း ဆီးရခြင်းဖြစ်သည်ဟု ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုမန်းကနေဒီက ဇူလိုင်လ ၈ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

“ရွာစားကျက်မြေကို ပိုင်ဆိုင်မှုဂရမ်ခိုးထုတ်ပြီး သိမ်းတာ။ ရွာသားမကျေနပ်တော့ တရားရုံးရောက်လာတယ်။ သက်ဆိုင်တဲ့ ပိုင်ရှင်တွေကို မြေတွေပြန်လွှဲပေးဖို့ပေါ့နော်။ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို သွေဖည်ပြီး မြေတွေပြန်မပေးတဲ့အပြင် သက်ဆိုင်ရာတွေကို သွားခေါ်ပြီး ရွာသားတွေကို ပြန်ခြိမ်းခြောက်တယ်။ မြေသိမ်းပြီး ရာဘာပင်စိုက်လိုက်လို့ ဒေသခံတစ်ဦးက တိုင်ကြားလာပြန်ရော။ ၃ မှု တိုင်ကြားထား တယ်။ တစ်မှုပဲ ချမှတ်နိုင်သေးတယ်။ ရိုက်နှက်မှုက ခုထိ တရားစီရင်လို့ မရသေးဘူး။”ဟု ပဒိုမန်းကနေဒီက ပြောသည်။

စောကျော်ကောင်းမြတ်သည် ကေအဲန်ယူ ကျုံဒိုးမြို့နယ် လူငယ်ဥက္ကဌ၊ စည်းရုံးရေးကော်မတီဥက္ကဌ၊ သစ်တောမှူးတာဝန်များကို ထမ်းဆောင်ခဲ့ပြီ ၂ဝဝ၈ ခုနှစ်တွင် ကေအဲန်ယူမှ တရားဝင်နုတ်ထွက်ကာ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကျေးရွာ အလုပ်အမှုဆောင်တစ်ဦးဖြစ်သည်ဟု သိရသည်။

ကျုံကွယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နန်းထက်ထက်အောင်က “ KNU မှာနေတုန်းက သူလုပ်ခဲ့တဲ့ကိစ္စတွေ ရှိရင်လည်းရှိမယ်။ အတိအကျတော့ မသိဘူးပေါ့နော်။ သူတို့မြေကလည်း သူနိုင်ကိုယ်နိုင်နဲ့ အမှုဖွင့်ထားဆဲဖြစ်တယ်။ ကျောင်းဒကာတွေ ရွာသူရွာ သားတွေဘက်ကတော့ ကျော်ကောင်းမြတ်က သူတို့ကို အနိုင်ကျင့်တဲ့ပုံစံဖြစ်နေတယ်ပေါ့နော်။ သူ့ကိုဖမ်းသွားတာက အဲ့ဒီ မြေ ကိစ္စမဟုတ်ဘူး။ အခြားရန်ငြိုးရန်စ ရှိမလားမသိဘူးပေါ့နော်” ဟု ဇူလိုင် ၈ ရက်နေ့က ကေအိုင်စီသို့ ပြောသည်။

စောကျော်ကောင်းမြတ်သည် မြေယာပိုင်ဆိုင်အငြင်းပွားမှု ၂ မှုနှင့် ရိုက်နှက်ဖမ်းဆီးမှု ၁ မှုဖြင့် ကေအဲန်ယူ ဒူးပလာ ယာခရိုင်တရားရုံး၌ တိုင်ကြားခံထားရသည့်အပြင် ကျုံကွယ်ကျေးရွာရှိ နွတ်နန်အင်း ပိုင်ဆိုင်သည့်ကိစ္စနှင့်ပတ်သက်၍ ကျောင်းဒကာနှင့် ရွာသားများအကြား အငြင်းပွားမှုတစ်ရပ်ဖြစ်ပွားလျက်သည်ဟု သိရသည်။

စောကျော်ကောင်းမြတ်၏ ညီမဖြစ်သူ နန်းခင်လှသိန်းက “အဖိုးတို့ပိုင်တဲ့အင်းကို ၂ဝဝ၂ခုနှစ်မှာ လူတစ်ယောက်က ပုံစံ ၁ဝ၅ ထုတ်သွားတယ်။ ဘုန်းကြီးအင်းဆိုပြီး ပြောတယ်။ သူများ အမျိုးမျိုး သွားတိုင်ထားတယ်။ အခုအိမ်မှာ မနေရဲဘူး။ အရမ်း ကြောက်တယ်။ အစ်ကို ကေအဲန်ယူမှာ လုပ်တုန်းက သစ်ခိုးတဲ့လူတွေ ရိုက်တယ်လို့ ပြောတယ်။ စည်းမျဉ်းစည်းကမ်းနဲ့မလုပ်ရင် အထက်က သူ့ကို ပြန်ကိုင်မှာပေါ့နော်။ လယ်သမား ကိစ္စဆိုရင် ဒီလောက်အထိ မဖမ်းသင့်ဘူး။ ဖြေရှင်းစရာရှိရင် နှစ်ဦးနှစ်ဖက် ခုံရုံးမှာပဲ ဖြစ်စေချင်တယ်။ အပြစ်မရှိရင် အမြန်ဆုံးပြန် လွတ်ပေးစေ ချင်တယ်။”ဟု ဇူလိုင် ၉ရက်နေ့က ကေအိုင်စီသို့ ပြောသည်။

သူမ၏အစ်ကိုသည် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကရင်စာပေယဉ်ကျေးမှုအရေးကိစ္စများတွင် ပါဝင်ဆောင် ရွက်နေသူတစ်ဦး ဖြစ်သလို အငြင်းပွားမှုဖြစ်သည့် မြေနေရာများသည် မိဘဘိုးဘွားပိုင်နှင့် ငွေကြေးအရ ဝယ်ယူခဲ့ခြင်းသာရှိပြီး သူကေအဲန်ယူတွင် တာဝန်ထမ်းဆောင်စဉ်က တစ်ပါးသူမြေအား အဓမ္မရယူခဲ့မှုရှိသည်ဟု ပြောဆိုမှုနှင့်ပတ်သက်၍ ကေအဲန်ယူ တရာရုံးအနေဖြင့် အချိန်မရွေးစစ်ဆေးမေးမြန်နိုင်သည်ဟု နန်းခင်လှသိန်းက ဆက်ပြောသည်။

အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သက်၍ ကေအဲန်ယူကို အမှုဖွင့်တိုင်ကြားထားမှုများရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် ကေအိုင်စီက နယ်မြေခံ ချောင်းနှစ်ခွရဲစခန်း၏ စခန်းမှူးလှထွန်းအား ဆက်သွယ်မေးမြန်းကြည့်ရာတွင် ၎င်းက “အမှုဖွင့်ထားတာ မရှိပါဘူးခင်ဗျ။ သူတို့က အရင်တုန်းကပေါ့လေ။ ကျုံဒိုးမြို့နယ် ကေအဲန်ယူ ဥက္ကဌဟောင်းလို့တော့ ပြောတာပဲ။ သူတို့အဖွဲ့က သူတို့လာယူတာပဲ။ သူတို့အချင်းချင်းပါပဲ။ ဘာကြောင့်ဖမ်းသွားတာတော့ မသိသေးဘူးခင်ဗျာ။”ဟု ဇူလိုင် ၈ရက်နေ့က ပြောဆိုသည်။

စောကျော်ကောင်းမြတ်ကို ဖမ်းဆီးခေါ်ဆောင်သွားသည့်ကိစ္စသည် ကေအဲန်ယူ၏ တရားရေးလုပ်ထုံးလုပ်နည်းအတိုင်း ဆောင် ရွက်နေခြင်း ဖြစ်သလို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်-NCA လမ်းကြောင်းအတိုင်း သက်ဆိုင်ရာ အစိုးရ ဌာနဆိုင်ရာများနှင့်လည်း အသိပေးကာ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုလည်း ကေအဲန်ယူဘက်က ပြောသည်။

လက်ရှိအချိန်တွင် စောကျော်ကောင်းမြတ်အား ကေအဲန်ယူ ဒူးပလာယာခရိုင်တွင် ထိန်းသိမ်းထားရှိပြီး မြေယာပိုင်ဆိုင်မှု ပြုလုပ် သည့်ကိစ္စ ရပ်များနှင့်ပတ်သက်သော နောက်ဆက်တွဲပြဿနာများမှာ ကေအဲန်ယူ တရားရေးဘက်သို့ ရောက်ရှိလာပြီဖြစ်၍ လူထုနစ်နာ မှုမရှိအောင် ကေအဲန်ယူ၏ ဥပဒေအရ ဖြေရှင်းဆောင်ရွက်ပေးရခြင်းသာဖြစ်သည်ဟု သက်ဆိုင်ရာ ခရိုင်တာဝန်ရှိသူများက ပြောဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here