29 March 2024 /

See today's Peace Related News

တိုင်းရင်းသားပါတီများ တစ်ခုတည်းသောတပ်ပေါင်းစုဖြစ်ရေး ကြိုးပမ်းမည်

စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNA နှင့် ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း NBF တို့ကို တစ်စုတစ်စည်းတည်းပေါင်းစည်းနိုင်ရေး ကြိုးပမ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD အလှည့်ကျဥက္ကဌ ဦးငိုင်ဆာခ့်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ပေါင်းစည်းပြီးဖြစ်သော ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KSDP ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD နှင့် မွန်ညီညွတ်ရေးပါတီ MUP စသည့်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများအားလုံး သီးသန့်တပ်ပေါင်းစုတစ်ခုလုပ်ဆောင်ခြင်းထက် ရှိပြီးသား UNA နှင့် NBF တပ်ပေါင်းစုနှစ်ခုပူးပေါင်းနိုင်ရန် ဆောင်ရွက်သင့်ကြောင်း ၎င်းက ဆိုသည်။

ဦးငိုင်ဆာခ့်က “အဲဒီပေါင်းစည်းတဲ့အဖွဲ့တွေပဲ သီးသန့်လုပ်နေပြန်ရင် တိုင်းရင်းသားတွေက ပိုပိုကွဲလာမယ်လေ၊ အခုက UNA ရှိတယ် NBF ရှိတယ်၊ သူတို့က ထပ်ပြီးသီးသန့်လုပ်လိုက်ရင် တတိယအင်အားစုတစ်ရပ် ထပ်ပေါ်လာရင် နောင်ပိုပိုကွဲယုံပဲရှိတော့မယ်၊ ဖြစ်နိုင်ရင်တော့ သီးသန့်မလုပ်ဘဲနဲ့ တိုင်းရင်းသားအားလုံးတစ်စုတစ်စည်းထဲဖြစ်ဖို့ကို NBF ရော UNA ပါ တစ်စုတစ်စည်းထဲဖြစ်အောင် ဆောင်ရွက်ဖို့လိုတယ်”ဟု ပြောသည်။

အဆိုပါပေါင်းစည်းပြီးတိုင်းရင်းသား ၅ ပါတီနှင့်ဆက်စပ်ပြီး တိုင်းရင်းသားပါတီများအနေဖြင့် တစ်ခုတည်းသောတပ်ပေါင်းစုဖြစ်လာစေရေး နည်းလမ်းရှာသွားမည်ဟုလည်း မွန်ညီညွတ်ရေးပါတီ MUP တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက ဆိုသည်။

နိုင်လယိတမ “ကျနော်တို့မွန်ပါတီဟောင်း ၂ ပါတီရဲ့ မဟာမိတ်ဖြစ်တဲ့ UNA နဲ့ NBF အနေနဲ့ ကျနော်တို့လောလောဆယ် မိတ်ဘက်အဖွဲ့အစည်းအနေနဲ့သဘောထားပြီးတော့ ဆက်စပ်ဆောင်ရွက်သွားဖို့ ရှိတယ်၊ နောက်တစ်ခုက ကျနော်တို့ မွန်ညီညွတ်ရေးပါတီကဲ့သို့သော အဲဒီပေါင်းစည်းထားတဲ့ ၅ ပါတီတွေ ကျနော်တို့ ဆက်စပ်ပြီးတော့ အင်အားစုတစ်ရပ်အနေနဲ့ ကျနော်တို့တိုင်းရင်းသားထဲမှာ တစ်ခုတည်းသောတပ်ပေါင်းစု ဖြစ်လာရေးကို ကျနော်တို့က ကြိုးပမ်းနေပါတယ်”ဟု ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများသည် UNA ၁၅ ပါတီနှင့် NBF ၂၂ ပါတီတွင် အသီးသီးပါဝင်လျှက်ရှိပြီး တိုင်းရင်းသားပါတီကြီး ၅ ခုက ပေါင်းစည်းနိုင်ခဲ့သဖြင့် ပါတီမှတ်ပုံတင်အသစ်ကျပြီးဖြစ်သော်လည်း ရှမ်းပါတီများနှင့် ရခိုင်ပါတီများ ပေါင်းစည်းနိုင်ခြင်းမရှိသေးဟု သိရသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒုတိယ ဥက္ကဋ္ဌ ဒူဝါ ကွမ်ဂေါင်အောင်ခမ်းက “ပထမတော့ ကျနော်တို့ပါတီတွေ ကိုယ့်ပြည်နယ်ထဲမှာ ပေါင်းစည်းဖို့ကြိုးစားတာပေါ့၊ ပေါင်းစည်းတဲ့ပါတီတွေနဲ့ ကျန်တဲ့ပြည်နယ်တွေမှာ ပေါင်းစည်းနေတဲ့ ပါတီတွေနဲ့ ပထမဦးဆုံးဆက်သွယ်တာပေါ့၊ ၅ ပြည်နယ်က ပေါင်းစည်းတဲ့ပါတီတွေက UNA နဲ့ NBF ကိုပေါင်းစည်းဖို့ကြိုးစားပါ့မယ်၊ နောက်တစ်ချက်ကတော့ ဒီဟာအကုန်လုံး ကြိုးစားပြီးမှ တစ်ခုတည်းတိုင်းရင်းသားအကုန်လုံးစုစည်းတဲ့နေရာတစ်ခုရောက်သွားပြီဆိုရင် ၂၀၂၀ မှာညွန့်ပေါင်းအစိုးရ လုပ်ဖို့ဘက်ကို ကြိုးစားဖို့လိုပါလိမ့်မယ်”ဟု ဆိုသည်။

သို့ရာတွင် အင်အားကြီးမားသော ရှမ်းပါတီများနှင့် ရခိုင်ပါတီများတွင် ပေါင်းစည်းရေးဖြစ်မလာသေးသည့်အတွက် UNA နှင့် NBF တပ်ပေါင်းစုနှစ်ခု ပေါင်းစည်းရန် မလွယ်ကူသေးကြောင်း စောင့်ကြည့်လေ့လာသူများက သုံသပ်ကြသည်။