ပလက်၀တစ်မြို့နယ်လုံး၏ ၇၈ ရာခိုင်းနှုန်းကျော်တွင် ရွေးကောက်ပွဲကျင်းပနိုင်သည့်အနေအထားဖြစ်ကြောင်း ချင်းစည်ပင်ဝန်ကြီး ပြောဆို

0
138

၂၆ အောက်တိုဘာ ၂၀၂၀

တပ်မတော်နှင့် ရကိ္ခုင့်တပ်တော်(AA) တို့သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ နယ်မြေအားလုံးတွင် တိုက်ပွဲဖြစ်ပွားနေခြင်း မဟုတ်သဖြင့် ပလက်ဝ တစ်မြို့နယ်လုံး၏ ၇၈.၄၃ ရာခိုင်နှုန်းတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်သည့် အနေအထားမှာရှိနေကြောင်း ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဉီးစိုးထက်ကပြောသည်။

“ပလက်ဝမှာ ရွေးကောက်ပွဲကျင်းပဖို့က ဖြစ်နိုင်ပါတယ်၊ ပြည်ထောင်စုကိုလည်း တင်ပြပြီးသွားပြီ၊ တိုက်ပွဲဖြစ်တာလည်းမှန်တယ်၊ နယ်မြေမအေးချမ်းတာလည်းမှန်တယ်၊ ဒါပေမယ့် တစ်နယ်လုံး မအေးချမ်းတာမဟုတ်ဘူး၊ တစ်နယ်လုံး တိုက်ပွဲဖြစ်နေတာမဟုတ်ဘူး၊ ပြည်ထောင်စုကိုလည်း ၇၅ရာခိုင်နှုန်းလောက် ကျင်းပနိုင်မယ်လို့ တင်ပြထားတယ်၊ ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ဝေဖန်တာတစ်ချို့လည်းရှိနေတယ်၊ ကော်မရှင်ကနေပြီးတော့ အမ်းနဲ့ ပလက်ဝကို ပြန်သုံးသပ်မယ်လို့ပြောတယ်၊ အဲဒီအပေါ်မှာတော့ ကော်မရှင်က ဆုံးဖြတ်တဲ့အပေါ်မှာတော့ ဘာမှပြောစရာမရှိပါဘူး၊ ဒါပေမယ့် လုံးဝကျင်းပလို့မရတဲ့ အခြေအနေမဟုတ်ဘူး၊ ကျင်းပလို့ရတဲ့ အတိုင်းအတာတစ်ခုထိရှိပါတယ်”ဟု ၀န်ကြီးဉီးစိုးထက်ကပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ်မြေများကိုကြေညာရာတွင် စစ်မဖြစ်ပွားသည့် မြို့နယ်အချို့ပါဝင်ခဲ့ပြီး စစ်ဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပရန် ခွင့်ပြုပေးလိုက်သည့်အပေါ် ဝေဖန်မှုတစ်ချို့ရှိခဲ့သည်။

ပလက်ဝမြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၁၀၂ အုပ်စုရှိပြီး မဲဆန္ဒနယ် အမှတ် (၁) အုပ်စုတွင် ၄၅အုပ်စု၊ အမှတ်(၂) တွင် (၅၇) အုပ်စုရှိပြီး ရက္ခိုင့်တပ်မတော် (AA) အဖွဲ့လှုပ်ရှားနေသည့် ကျေးရွာအုပ်စုမှာ ၂၂အုပ်စု ရှိသဖြင့် ကျေးရွာအုပ်စုပေါင်း ၈၀ အုပ်စုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်သည့် အနေအထားမှာရှိသည်ဟု ဝန်ကြီး ဉီးစိုးထက်ကပြောသည်။

ပလက်ဝမြို့နယ်ရှိ နယ်မြေအချို့တွင် လုံခြုံရေးအခြေအနေအရ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် အခက်အခဲရှိနေသော်လည်း ပလက်ဝမြို့နယ်အနေဖြင့် လွှတ်တော်ကိုယ်စာလှယ် ဆုံးရှုံးမှု မရှိစေရန် လုံခြုံသည့် နေရာများတွင် ရွေးကောက်ပွဲ ကျင်းပစေလိုကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဇာနီကပြောသည်။

“ကျနော်တို့ပလက်ဝနယ်မှာ လုံခြုံတဲ့နေရာရှိတယ် မလုံခြုံတဲ့နေရာရှိတယ်၊ ဘာဘဲဖြစ်ဖြစ်လုံခြုံတဲ့နေရာကို ရွေးကောက်ပွဲကော်မရှိက ကျင်းပပေးနိုင်ရင်တော့ ကျနော်တို့ ပလက်ဝမြို့နယ်အတွက် လွှတ်တော်ကိုယ်စားလှယ် ရရှိဖို့အတွက် ဆုံးရှုံးမှုတွေ ရှိမှာ မဟုတ်တော့ဘူး၊ ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပလက်ဝမြို့နယ်မှာ ဘယ်နေရာတွေကို ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာ မသေချာသေးဘူးဖြစ်နေတယ်၊ ရွေးကောက်ပွဲက ၂ပတ်သာသာဘဲ လိုတော့တဲ့အခါမှာ ပလက်ဝမြို့နယ်မှာ ဘယ်နေရာတွေက ကျင်းပနိုင်လဲ ဘယ်နေရာတွေက မကျင်းပနိုင်လဲဆိုတာ အမြန်ဆုံးထုတ်ပြန်ပေးစေချင်တယ်”ဟု ဦးဇာနီကပြောသည်။

ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC)မှဦးစောမြကလည်း ပလက်၀တစ်မြို့နယ်လုံးတွင် ရွေးကောက်ပွဲ ကျင်းပနိုင်သည့်အနေအထားတွင်မရှိသော်လည်း ကျင်းပလို့ရသည့်နေရာများတွင် ကျင်းပပေးစေလိုကြောင်း ယခုလိုပြောဆိုသည်။

“ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲက ကျင်းပနိုင်မှာပါ၊ ပလက်ဝတစ်နယ်လုံး လုပ်လို့မရရင်တောင် လုပ်လို့ရတဲ့နေရာတွေ အများကြီးရှိတယ်လေ၊ ဒီနေရာမှာတော့ ရွေးကောက်ပွဲကောက်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို သဘောတူတယ်၊ ဘယ်လောက်ဘဲလုပ်နိုင်လုပ်နိုင် ရတဲ့နေရာတော့ လုပ်ရမှာပေါ့၊ ငါးနှစ်တစ်ကြိမ်ဘဲလုပ်တာဆိုတော့လေ၊ လုံခြုံရေးအပိုင်းမှာလည်း အစိုးရတပ်တွေ နေရာယူထားတဲ့နေရာတွေအများကြီးရှိတာဘဲဆိုတော့ အဲဒီနေရာတွေမှာတော့ လုပ်လို့ရမယ်”ဟုပြောသည်။

လွှတ်တော် မဲဆန္ဒနယ်မြေ (၅) ခုရှိသည့် ပလက်၀မြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၆) ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄ ဦး၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာ ၁၆ရက် ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉မြို့နယ်နှင့် ရှမ်းပြည်နယ်ရှိ မြို့နယ် ၆မြို့နယ်တွင် လုံခြုံရေးအခြေအနေအရ တစ်မြို့နယ်လုံးရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ခိုနူမ်းသုန်မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here