29 March 2024 /

See today's Peace Related News

ဖာပွန်ဒေသခံ ကျောင်းအုပ်ဆရာတစ်ဦးအား ဖမ်းဆီးခြင်းကိစ္စအပေါ် KNU ဖြေရှင်း

အောက်တိုဘာ ၂၆ရက်၊ ၂၀၂ဝပြည့်နှစ်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မထောကျေးရွာအုပ်စု၊ မထောကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအုပ် ဆရာဖြစ်သူ ဦးမြင့်ဇော်ကို KNU ဘက်မှ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ သည်ဟု အောက်တိုဘာလ ၂၆ရက်နေ့တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့သည်။

ကျောင်းအုပ်ဆရာ ဦးမြင့်ဇော်ကို KNUမှ ဖမ်းဆီးပြီး ၎င်း၏ သားဖြစ်သူကို KNU တွင် စစ်သားပြုလုပ်ရန် ထိကော်ထ ကျေးရွာ၌ ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ရက်နေ့က လဲလှယ်ရေး ပြုလုပ်နေကြောင်းကို ပညာရေး ဆုံးရှုံးမည်ကို မလိုလားသည့် ဒေသခံ ရွာသားများမှ နီးစပ်ရာ တပ်စခန်းများမှတဆင့် တိုင်ကြားခဲ့ သည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်မှု၌ ဖော်ပြထားသည်။

ထို့အပြင် အဆိုပါ ကိစ္စအပေါ် သက်ဆိုင်ရာ တိုင်းစစ်ဌာနာချုပ်က KNU ဗဟို နှင့် အမျိုးသား ပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) အခန်း(၃)၊ အပိုဒ် (၆)၊ စာပိုဒ်ခွဲ(၉)(ခ) ကို ဖောက်ဖျက်မှုအတွက် အဖမ်းဆီးခံထားရသည့် ကျောင်းအုပ်အား အမြန်ဆုံးပြန်လွှတ်ပေးရေး ကန့်ကွက်အကြောင်းကြားထားကြောင်းလည်း ဆက်လက်ဖော်ပြ ထားသည်။

အဆိုပါ ကိစ္စ နှင့်ပတ်သက်ပြီး ၎င်းကျောင်းအုပ်ဆရာကို အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ ၎င်း၏ စိတ်ဆန္ဒအရ သားဖြစ်သူ ကိုယ်စား သွားရောက်ပေးရန် KNU အောက်ခြေတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေး နွေးခဲ့ခြင်း သာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၅)၊ မူတြော်(ဖာပွန်) ခရိုင်ဘက်က တုံ့ပြန်ပြောဆိုသည်။

မူတြော်ခရိုင် ဥက္ကဌ ပဒို စောထဲဒယ် က “အမှန်က အဓမ္မဖမ်းတာမဟုတ်ပါဘူး။ တခြားရွာတွေလိုပဲ ကျနော်တို့ရဲ့ ဖြည့်တင်းအင်အား လိုအပ်ချက်မှာ အဲ့ဒီ ဆရာရဲ့ သားလည်း ပါဝင်ရမယ်လို့ ကျေးရွာအုပ်စုက ရှု့မြင်တဲ့ အပေါ် မှာ သူ့ရဲ့သားကိုယ်စား ဒီကျောင်းပိတ်ရက်ကာလမှာ သွားလုပ်မယ်ဆိုပြီး တာဝန်ရှိသူတွေနဲ့ လာဆွေး နွေးတယ် ။ အဲ့မှာ ရွာဥက္ကဌကော သူ့မိန်းမလည်းပါတယ်။ ဆွေးနွေးတဲ့အခါ သူ့သားမရောက် နိုင်သေးတဲ့ အချိန်မှာ သူခန လာနေပေးမယ်။ အခုက ရပ်မိရပ်ဖကနေ မဲရုံကိစ္စအတွက် ပြန်လာကူဖို့ ပြောလာ တော့ တပ်ရင်းကနေ ပြန်ခိုင်း လိုက်တယ်။ ဒီကိစ္စတွေပြီးလို့ သူကိုယ်တိုင်မဟုတ်ရင် သူ့သားတစ်ယောက်ယောက် ပြန်တက်လာရ မယ်လို့ ပြောတော့ ဒါကိုသူက သဘောတူတဲ့အတွက် ရွာကိုပြန်သွားခိုင်းတာမျိုးပါပဲ” ဟု ကေအိုင်စီသို့ ပြော သည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားသည့် မထောကျေးရွာသည် KNU တပ်မဟာ (၅) ထိန်းချုပ် နယ်မြေ၊ ဒွယ်လိုးမြို့နယ် အတွင်း တွင်တည်ရှိနေခြင်းဖြစ်ပြီး KNU တပ်ပိုင်းဆိုင်ရာအုပ်ချုပ်ရေး လုပ်ငန်းစဉ်အရ ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း၏ မြို့နယ်၊ ကျေးရွာအသီးသီးရှိသော အိမ်ထောင်စု တစ်ခုစီတိုင်းရှိ အမျိုးသားတိုင်း စစ်မှုမထမ်းမနေရ မူဝါဒရှိကြောင်း KNUဘက်က ဆိုသည်။

အဆိုပါ တပ်မတော်၏တိုင်ကြားကန့်ကွက်စာ နှင့်ပတ်သက်ပြီး ယခုအချိန်ထိ သက်ဆိုင်ရာ ခရိုင်၊တပ်မဟာ သို့ တရားဝင် ရောက်ရှိလာခြင်းမရှိသေးသည့်အပေါ် တစ်စုံတရာပြန်လည်ရှင်းလင်းရန် မရှိသေးကြောင်းနှင့် တရား ဝင်ကန့်ကွက်စာ ရောက်ရှိလာပါ တရားဝင် ပြန်လင်းရှင်းလင်းတုံ့ပြန်သွားမည်ဖြစ်ကြောင်းလည်း ပဒို စောထဲဒယ် က ဆက်ပြောသည်။

ထို့အပြင် ၎င်းကိစ္စနှင့်ပတ်သက်ပြီး KNU ဗဟိုသို့ တစ်စုံတစ်ရာ အကြောင်းကြား ကန့်ကွက်စာ ရောက်ရှိခြင်း မရှိသေးကြောင်းနှင့် သက်ဆိုင်ရာ တပ်မဟာ ခရိုင်ဘက်သို့ ၎င်းဖြစ်စဉ်အပေါ် ပြန်လည်စီစစ်၍ တင်ပြ ခိုင်းသွားမည်ဖြစ်ကြောင်း KNU ဗဟိုက ပြောသည်။

KNU တွဲဘက် အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက “တကယ်လို့ ကန့်ကွက်စာရောက်လာရင် ခုနက ပြောတဲ့ ခရိုင် တပ်မဟာရဲ့ ဆောင်ရွက်မှု ဟုတ်မဟုတ်ပေါ့ နောက်တစ်ခုက ဆောက်ရွက်ရင်လည်း ကိုယ့် KNUရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခြင်းမျိုး ဟုတ်၊ မဟုတ်အပေါ် ပြန်စီ စစ်ခိုင်းမယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

NCA သဘောတူစာချုပ်ပါ အခန်း(၃) အပိုဒ် (၆)အရ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ၏ လူသစ်စု ဆောင်းခြင်းကိစ္စကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုနှင့် လုံခြုံရေး ဆိုင်ရာ ပြန်လည်းပေါင်းစည်းရေး လုပ်ငန်းစဉ်များနှင့် အညီ ဆွေးနွေး ညှိနှိုင်း အကောင်ထည် ဖော်ဆောင်ရွက်သွားရန် ပါရှိသည်။

ထို့အပြင် အပိုဒ်(၉)(ခ)အရလည်း ပြည်သူ လူထုအား တစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိပါးစေသည့် လုပ်ရပ်၊ အကြမ်းဖက်ခြင်း ၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လူသား မဆန်စွာပြုမူခြင်း ၊ အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းနှင့် ဖျောက်ဖျက်ခြင်းမပြုလုပ်ရဟု ဖော်ပြပါရှိသည်။

အလားတူ ပြီးခဲ့သည့် မေလ ၁၉ရက်နေ့တွင်လည်း KNU/KNLA တပ်မဟာ (၅)အဖွဲ့၏ ဒေသတွင်း လူသစ်စု ဆောင်းမှုများ ပြုလုပ်ခြင်းကြောင်း ဒေသခံ ကျေးရွာသား ၁၂၈ ဦးခန် ၎င်းတို့ နီးစပ်ရာ ဆွေမျိုးနေအိမ်များသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ဖူးသည်။

ထိုသို့ တပ်မတော်၏ ထုတ်ပြန်ပြောဆိုသကဲ့သို့ တပ်သားသစ် စုဆောင်းခြင်းမဟုတ်ဘဲ တပ်သားဟောင်းများကို ပြန်လည်စုစည်းရာတွင် နားလည်မှုလွဲမှားခြင်းကြောင့် ထွက်ပြေး တိမ်းရှောင်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည် KNU တပ်မဟာ (၅)ဘက်က ပြန်လည် တုံ့ပြန်ခဲ့သည်။

KNU နှင့် အစိုးရ ၊ တပ်မတော်တို့အကြား NCAအပစ်ရပ်လက်မှတ်ထိုးခြင်း (၅)နှစ်ပြည့်သွားခဲ့သော်လည်း ယနေ့ အချိန်ထိ လုံခြုံရေး နှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ နယ်မြေပိုင်းခြားသတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များ မဆွေး နွေး နိုင်သေးသောကြောင့် KNU နှင့်တပ်မတော်အကြား အလားတူ ကိစ္စရပ်များ အကြိမ်ကြိမ် ဖြစ်ပွားလျက်ရှိပြီး အပြန်အလှန် ကန့်ကွက်တိုင်ကြာမှုများလည်း မကြာခဏ ပြုလုပ်ကြသည်။

စအိုင်ဆူး (KIC) – ရေးသည်။