ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်ရန် လုပ်ငန်းစဉ်ပါ အစုအဖွဲ့များနှင့် ဆက်လက်ညှိနှိုင်းမည်ဟု KNU ထုတ်ပြန်

0
248

ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှေ့ဆက်သွားရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်-NCA ပေါ်ရပ်တည်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း စသည့် အစုအဖွဲ့ များနှင့် ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ပြောဆိုလိုက်သည်။

ကေအဲန်ယူ၊ တပ်မဟာ (၇)နယ်မြေ၊ လေးဝါး(လော်ခီးလာ)တွင် ဇူလိုင်လ ၂၂ရက်မှ သြဂုတ်လ ၉ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့ သည့် ကေအဲန်ယူ ၁၆ကြိမ်မြောက် ကွန်ဂရက်အပြီး တတိယအကြိမ်မြောက် ဗဟိုအမြဲတမ်း ကော်မတီအစည်းအဝေး(ပထမ ပိုင်း)၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ကေအဲန်ယူ ဒု-ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက “အထူးသဖြင့် ကေအဲန်ယူကနေပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွား နိုင်ဖို့အတွက် ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကို တင်ပြတဲ့အချက်တွေ အစိုးရကို တင်ပြတဲ့အချက်တွေ ဒီအပေါ်မှာအခြေခံပြီးတော့ အစိုးရဘက်ကလည်း ပြန်လည်တင်ပြတဲ့ အဆိုပြုချက်ကို သုံးသပ်ပြီးဆွေးနွေးကြတယ်။ ကျနော်တို့ တင်ပြချက်အပေါ် အခြေခံပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ညှိပြီး အစိုးရနဲ့ တင်ပြချက်အပေါ်မှာ ဆက်လက်ညှိနှိုင်း သွားမယ်ဆိုတဲ့ သဘောထားတော့ရတာပေါ့။ ဒါက နှစ်ဖက်ရဲ့ လက်ခံနိုင်မှုအနေအထားပေါ်မှာ ကျနော်တို့ ဆက်လက် အကောင်အထည်ဖော်ရမှာပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

ရက်သတ္တနှစ်ပတ်ကျော်ကြာ ပြုလုပ်ခဲ့သည့် ကေအဲန်ယူ၏ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးတွင် ဗဟိုအမြဲတမ်းကော်မတီ ဝင် (၄၅)ဦးနှင့် အထူးဖိတ်ကြားထားသည့် ခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ကြပြီး နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ် များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တစ်ဆို့နေမှု အခက်အခဲများကို ကျော်လွှားနိုင်မည့် လုပ်ငန်းစဉ်များနှင့် တိုင်းရင်းသားမဟာ မိတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးမှုများတွင် လတ်တလော တိုင်းရင်းသား အဖွဲ့အစည်းများအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသော ယခင် မေလက ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးအတွင်း ကေအဲန်ယူမှ တင်ပြခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ညှိနှိုင်း အတိုင်ပင်ခံအစည်းအဝေး (PPCM)ကိစ္စရပ်နှင့်ပတ်သက်ပြီး အကျယ်တဝင့် မဆွေးနွေးဖြစ်ခဲ့ ကြောင်း ကေအဲန်ယူက ဆိုသည်။

ပဒိုစောကွယ်ထူးဝင်းက “အခုက ကျနော်တို့ အစည်းအဝေးပွဲမှာ PPST မှာပဲ ရှိနေမှာပဲ။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မှုမှာကျ တော့ ကျနော်တို့ ကေအဲန်ယူက ချမှတ်ထားတဲ့ မဟာမိတ် ပူးပေါင်းဆောင်ရွက်ရေး ပေါ်လစီအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။”ဟု ဆက်လက် ပြောဆိုသည်။

ကေအဲန်ယူအနေဖြင့် ပြီးခဲ့သည့် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၅ရက်နေ့မှစ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအ ဝေးများ၌ ပါဝင်မှုကို ယာယီ ရပ်တန့်ထားပြီး အလွတ်သဘော ဆွေးနွေးမှုများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ တစ်ဆို့မှုများကို အဖြေရှာရန် ကြိုးပမ်းမှုများပြုလုပ်ခဲ့သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်မည့် အစီအစဉ်များကို အစိုးရသို့ တင်ပြခဲ့မှုများရှိပြီး အဆိုပါတင်ပြမှုများကိုလည်း ကေအဲန်ယူအနေဖြင့် ယခုအစည်းအဝေးတွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ကေအဲန်ယူ၏ အစိုးရထံ အဆိုပြုတင်သွင်းချက်များမှာ အပစ်အခတ်ရပ်စဲမှု ခိုင်မာရေး ကိစ္စရပ်များကို ကနဦး ဆွေးနွေး၍ ဖက်ဒ ရယ်ပြည်ထောင်စု ဖွဲ့စည်းတည်ဆောက်ရေးဆိုင်ရာ ရှေ့ဆက်လုပ်ငန်းစဉ်များအပေါ် ဆက်လက် ဆွေးနွေးပြီး ၎င်းဆွေးနွေးမှုများ မှ ရရှိလာမည့် သဘောတူညီချက်များကို အစိုးရသက်တမ်းကာလတွင် မပြီးပြတ်ခဲ့သည်ရှိသော် ဆက်လက်အကောင်အထည် ဖော်နိုင်ရန် သဘောတူညီမှုရရှိရေး ဆောင်ရွက်သွားရန်ပင်ဖြစ်သည်။

၎င်းအပြင် ကေအဲန်ယူမှ ယာယီရပ်ဆိုင်းထားသည့် တရားဝင် ဆွေးနွေးပွဲများကို ပြန်လည်စတင်နိုင်ရန် ယခု လာမည့် ရက် သတ္တပတ်များတွင် ကျင်းပရန်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီး အစည်းအဝေးမှတဆင့် အစိုးရနှင့် ပြန်လည် ညှိနှိုင်းမှုများကို စတင်သွားရန်ရှိသည်ဟုလည်း ကေအဲန်ယူက ပြောဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here