ကရင်အမျိုးသားများ၏ နိုင်ငံရေးရည်မှန်းချက် အောင်မြင်ရေး အတူတကွ ရပ်တည်လုပ်ဆောင်သွားရန် KNU ဥက္ကဌ တိုက်တွန်း

0
351

ကရင်အမျိုးသားအာဇာနည်များ၏ မျှော်လင့်ချက်များနှင့် စွန့်လွှတ်ပေးဆပ်မှုများ အဓိပ္ပာယ်ပြီးပြည့်စုံရေးအ တွက် စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ ကရင်အမျိုးသားများ၏ နိုင်ငံရေးရည်မှန်းချက်ရရှိအောင်မြင်ရန် အတူ တကွ ရပ်တည်လုပ်ဆောင်သွားကြရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းလိုက်သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၆)နယ်မြေ အတွင်းကွင်းကလေးကျေးရွာ ခရစ်ယာန်ကျောင်းဝင်းအတွင်း ယနေ့ သြဂုတ် ၁၂ရက်နေ့တွင် ပြုလုပ် ကျင်းပသည့် ၆၉ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနားတွင် ကေအဲန်ယူ ဥက္ကဌက တိုက် တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ယခုကဲ့သို့ ကရင့်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကို စုရုံးရောက်ရှိလာကြခြင်းသည် ကရင့်အမျိုး သားတန်းတူရေးနှင့် ကရင့်အမျိုးသားလွတ်မြောက်မှုအတွက် အသက်ပေးလှူခဲ့ကြသော ဥက္ကဌကြီး စောဘ ဦးကြီးနှင့်တကွ ကရင့်အမျိုးသားခေါင်းဆောင်များ၊ မျိုးချစ်ရဲဘော်များနှင့် ကရင်ပြည်သူလူထုအားလုံးကို လာရောက်ဂါရဝပြုကြခြင်းဖြစ်သည်။ ထိုသို့ သတိတရအောက်မေ့ ဂုဏ်ပြုမှုများနှင့်အတူ ကရင်အမျိုးသား အာဇာနည်များ၏ မျှော်လင့်ချက်များ၊ စွန့်လွှတ်ပေးဆပ်မှုများ အဓိပ္ပာယ်ပြီးပြည့်စုံရေးအတွက် ကရင်အမျိုး သားအားလုံး စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ ကရင်အမျိုးသားများ၏ နိုင်ငံရေးရည်မှန်းချက်ရရှိအောင်မြင်ရန် အတူတကွ ရပ်တည်လုပ်ဆောင်သွားကြရန် လိုအပ်သည်” ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက တိုက်တွန်း ပြောကြားသည်။

အဆိုပါ ၆၉ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနားသို့ KNUဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုး၊ KNLA တပ်ဖွဲ့ဝင်များ၊ ကရင်အမျိုးသားနိုင်ငံရေးပါတီမှ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူ ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ကျဆုံးခဲ့သော ကရင်အမျိုးသားခေါင်းဆောင်ကြီး ကရင့် အာဇာနည် စောဘဦးကြီးနှင့်တကွ ကရင့်အမျိုးသားတော်လှန်ရေးတွင် အသက်ပေးဆပ်စတေးခဲ့ကြသူများ အား လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း၊ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးအပါအဝင် တာဝန်ရှိ KNU ခေါင်းဆောင်များက မိန့်ခွန်းပြောကြားခြင်း၊ နယ်ပယ်အသီးသီးမှ ပေးပို့လာသော သဝဏ်လွှာများကို ဖတ်ကြားခြင်း၊ ကရင်အမျိုးသားသီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကို ကရင်တိုင်းရင်းသားများရှိရာ ပြည်တွင်းနယ်မြေအသီးသီး နှင့် နိုင်ငံနိုင်ငံတကာရောက် ကရင်တိုင်းရင်းသားတို့က နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိပြီး ယခုနှစ် အာဇာနည် နေ့ကို ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် “ကရင့်အာဇာနည်နေ့ ”ခေါင်းစဉ်ဖြင့် အခမ်းအနားမပြုလုပ်ရန် လွန်ခဲ့သည့်ရက်ပိုင်းက အစိုးရတာဝန်ရှိသူများဘက်က တားမြစ်စာထုတ်ထားမှုများရှိခဲ့သည်။

ထိုသို့ တားမြစ်စာထုတ်ခြင်းနှင့်ပတ်သက်၍ KNLA မှ ဗိုလ်မှူးကြီး စောနေမင်းလွင်က “ဌာနေတိုင်းရင်းသား လူမျိုးစုတစ်ခုဖြစ်တဲ့ ကရင်တိုင်းရင်းသားများအနေဖြင့် စိတ်မချမ်းမြေ့စရာ ဖြစ်ရပါတယ်။ ဒီလိုကရင့်အာဇာ နည်နေ့အခမ်းအနား ပြုလုပ်ရာမှာ ကျနော်တို့အနေနဲ့ ဆူပူတာမဟုတ်သလို ပုန်ကန်တာလည်း မဟုတ်ပါ ဘူး။ ယခင်ကတည်းက လုပ်ရိုးလုပ်စဉ်အတိုင်း ကျင်းပခဲ့တာ ယခုဆို ၆၉ နှစ်မြောက်ရှိပါပြီ။ အရင်အစိုးရ လက်ထက်မှာတော့ ယခုလို တားမြစ်ကန့်သတ်မှုတွေမရှိဘဲ စည်စည်ကားကားဖြင့် ကျင်းပနိုင်ခဲ့ပေမယ့် ယခု အစိုးရလက်ထက်တွင် တားမြစ်ကန့်သတ်မှုတွေရှိလာတဲ့အတွက် ကျနော်တို့အနေနဲ့ ဝမ်းနည်းမှု အခမ်းအနားမှာ နောက်ထပ် စိတ်မကောင်းဖြစ်ရာအဖြစ် ထပ်ဆင့်ခံစားရပါတယ်”ဟု ပြောသည်။

၁၉၅၀ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးကျေးရွာ၌ KNU ဥက္ကဌ စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေ နှင့် တပ်ဖွဲ့ဝင်များ တော်လှန်ရေး တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားရသည့်နေ့ကို အစွဲပြု၍ ကရင်အမျိုးသားအာဇာနည်နေ့အဖြစ် သတ်မှတ်လာခဲ့ခြင်းဖြစ်သည်။

ယနေ့ ကျရောက်သည့် ၆၉ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ကို ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးကလည်း မိမိနေထိုင်ရာ နယ်မြေဒေသ အသီးသီးတွင် ကျင်းပကြရန် ကရင်အမျိုးသားများအား ပန်ကြားချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ ကေအဲန်ယူ ထိန်းချုပ်နယ်မြေအပါအဝင် ကရင်တိုင်းရင်းသားများ ရှိရာ ပြည်တွင်း နယ်မြေအသီးသီးနှင့် နိုင်ငံတကာရောက် ကရင်အမျိုးသားကလည်း ယခုနှစ် ကရင် အမျိုးသားအာဇာနည်နေ့ကို ဂုဏ်ပြုကျင်းပခဲ့ကြသည်ဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here