အာဇာနည်များ လိုလားချက် ပြည့်ဝရန် အမျိုးသားရေးကို တည့်မတ်စွာ လုပ်ဆောင်ဖို့လိုဟု ကေအဲန်ယူ အောက်ခြေတပ်မှူး ပြောဆို

0
240

ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်ကို ပေးဆပ်ခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်များ၏ လိုလားချက်များ ပြည့်ဝစေရေးအတွက် အမျိုးသားရေးကို တည့်မတ်စွာ လုပ်ဆောင်ရန် လိုအပ်သည်ဟု ယနေ့ သြဂုတ်လ ၁၂ရက်နေ့တွင် ကျရောက်သည့် (၆၉)နှစ်မြောက် ကရင်အာဇာနည်နေ့တွင် ကေအဲန်ယူ အောက်ခြေတပ်မှူးအချို့က ပြောဆိုလိုက်သည်။

KNU-ကရင်အမျိုးသားအစည်းအရုံး၏ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် လယ်ပေါ်ဟဲကျေးရွာတွင် KNLA-ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း(၂၂)နေရာ၌ ယနေ့ ကျင်းပသည့် ကရင်အာဇာနည်နေ့ အခမ်းအနား တွင် ဒုတပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးစောဟန်စောက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ခေါင်းဆောင်တွေအနေနဲ့ အရင်က ခေါင်းဆောင်တွေကို ပြန်အတုယူဖို့လိုတယ်။ အတုယူဖို့ဆိုတဲ့နေရာမှာ အရင်ခေါင်းဆောင်တွေရဲ့ ကောင်းတဲ့လုပ်ဆောင်ချက်တွေကို အတုယူလုပ်ဆောင်ပြီး မကောင်းတာတွေကို ရှောင်ရှားဖို့လိုတယ်။ အသက်ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်တွေရဲ့ လိုလားချက်တွေ ပြည့်အောင်ဆိုရင် ကိုယ့် အမျိုးသားရေးအတွက်ပဲ တည့်တည့်သွားဖို့လိုတယ်။ စဉ်းစားချက်တိုင်းက အမျိုးသားရေးအတွက်ပဲဖြစ်နေရမယ်။ ”ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ကရင်လူမျိုးများတွင် အမျိုးသားရေး ဦးဆောင်လှုပ်ရှားနေသည့် လက်နက်ကိုင်၊ နိုင်ငံရေးပါတီ၊ အရပ်ဖက်နှင့် လူငယ်စသည့် အဖွဲ့အစည်းပေါင်းများစွာရှိပြီး ကေအဲန်ယူကို တစ်မျိုးသားလုံး၏ ဦးဆောင်အဖွဲ့အစည်း တစ် ခုအနေဖြင့် လက်ခံထားကြသော်လည်း ခေါင်းဆောင်များအကြား အမျိုးသားအကျိုးစီးပွားအတွက် အမြင်မတူ ညီမှုများ၊ သပ်လျှိုဖြိုခွဲမှုများနှင့် ရပ်တည်ချက်မတူညီမှုများကြောင့် အုပ်စုကွဲပြားမှုများဖြစ်ပေါ်နေပြီး ကရင်ပြည် သူ လူထုများ၏ ယုံကြည်မှုလျော့နည်းခံနေရကြောင်း သုံးသပ်ဝေဖန်မှုများရှိသည်။

ထို့အပြင် လက်ရှိတွင် ကေအဲန်ယူနှင့် အစိုးရ၊ တပ်မတော်တို့အကြား ဖော်ဆောင်နေသည့် အပစ်အခတ် ရပ်စဲ ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အဖွဲ့တွင် မတူညီသည့် အမြင်သဘောထားများကြောင့် ကရင် လူထု အကြား ဝေဖန်ထောက်ပြမှုများ မြင့်တက်နေပြီး တရားဝင် ဆွေးနွေးပွဲများကို ယာယီရပ်တန့်၍ ငြိမ်းချမ်း ရေးဖြစ် စဉ်များကို ပြန်လည်သုံးသပ်မှုများနှင့် အဖွဲ့တွင်း ညီညီညွတ်ညွတ်သွားနိုင်ရန် ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်နေ ကြောင်း ကေအဲန်ယူက ဆိုသည်။

တပ်ရင်း(၂၂)တပ်ဖွဲ့မှ ဦးဆောင်ကျင်းပသည့် ၆၉နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားသို့ ထိုင်းနယ် စပ်ရှိ ဒေသခံ ကရင်လူထုများ၊ ကရင်ကျောင်းသူ ကျောင်းသားများ၊ ကရင်အရပ်ဖက် အဖွဲ့အစည်းမှ ကရင်လူငယ်မောင်မယ်များ၊ ထိုင်းနိုင်ငံမှ ကရင်အမျိုးသားများနှင့် နယ်မြေခံ KNLA တပ်မှူး၊တပ်သားများ အပါအဝင် စုစုပေါင်း လူဦးရေ (၃၀၀)နီးပါး တက်ရောက်ဂုဏ်ပြုခဲ့ကြသကဲ့သို့ KNLA တပ်ရင်း(၂၁)နေရာတွင် ပြုလုပ်သည့် ကရင်အာဇာနည်နေ့ အစီအစဉ်၌လည်း အရပ်သားနှင့် တပ်သားစုစုပေါင်း ၁၀၀နီးပါး ပါဝင်တက်ရောက်ခဲ့ကြသည်။

KNLA တပ်ရင်း (၂၂) ရုံးထိုင်မှူး ဗိုလ်ကြီးစောတင်မြင့်ထူးက “နောက်မျိုးဆက် ခေါင်းဆောင်တွေအနေနဲ့က အစီအစဉ်တိုင်းမှာ သတိရှိရှိနဲ့ ပြင်ဆင်ထားမှုတွေလုပ်ဖို့လိုတယ်။ အာဇာနည်တွေရဲ့ လမ်းစဉ်အတိုင်း လွတ် မြောက်တဲ့အထိကို တစ်ဆင့်ပြီးတစ်ဆင့်ကြိုးပမ်းလုပ်ဆောင်သွားဖို့ လိုတယ်။ ဘာကြောင့် အဲ့လိုဆိုရလဲ ဆိုရင် အသက်ပေးဆပ်သွားခဲ့ကြတဲ့သူတွေက ကိုယ့်လူမျိုးတွေကို ကျွန်ဘဝကနေ လွတ်မြောက်ဖို့ ရည်မှန်းချက်တွေထားရှိခဲ့တဲ့သူတွေပဲဖြစ်တယ်”ဟု ပြောသည်။

၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ကရင်ပြည်ရရှိရေး၊ အမျိုးသားလွတ်မြောက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး အခြေခံအကြောင်းအရင်းများဖြင့် ကရင်အမျိုးသားများ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ပြီး တော်လှန် ရေးကို ဦးဆောင်ခဲ့သူ KNU ဥက္ကဌ စောဘဦးကြီး အပါအဝင် ကရင်စစ်သည်ရဲဘော်များနှင့်ပြည်သူ လူထု အမြောက်အများ အသက်ဆုံးရှုံးခဲ့သော်လည်း ယနေ့အချိန်ထိ ကရင်အမျိုးသားများ၏ လိုလားချက်များ ပြည့်မှီအောင်မြင်ခြင်း မရှိသေးဘဲ တော်လှန်ရေး သက်တမ်းမှာ နှစ်(၇၀)ကြာမြင့်ခဲ့ပြီးဖြစ်သည်။

ယနေ့ အခမ်းအနားတွင် ကျဆုံးသွားသည့် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးအပါအဝင် စစ်သည် ရဲဘော်၊ လူထု အာဇာနည်များအတွက် လွမ်းသူပန်းခွေချခြင်းအပြင် အာဇာနည်နေ့အတွက် အဖွဲ့အစည်း အသီးသီးက ပေးပို့လာသည့် ဂုဏ်ပြုသဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးသည့် ၁၉၅၀ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့ကို အစွဲပြု၍ က ရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ အနယ်နယ်အရပ်ရပ်ရှိ ကရင်အမျိုးသားများက နှစ်စဉ်ကျင်းပလာခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် ကျရောက်သည့် (၆၉) နှစ်မြောက် ကရင့်အာဇာနည်နေ့ကို သက်ဆိုင်ရာ ကေအဲန်ယူ ထိန်း ချုပ်နယ်မြေအသီးသီးတွင်သာမက ပြည်တွင်းပြည်ပရှိ နေရာဒေသအသီးသီးတွင်လည်း ကျင်းပကြသလို ရန် ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့တွင်လည်း အခက်အခဲကြားက ဂုဏ်ပြုကျင်းပခဲ့ကြသည်။

ယနေ့ ကျရောက်သည့် ၆၉ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့အတွက် KYO-ကရင်လူ ငယ်အ စည်းအရုံး၊ KWO-ကရင်အမျိုးသမီးအစည်းအရုံးတို့အပြင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)နှင့် ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) စသည့် ကေအဲန်ယူ မဟာမိတ်အဖွဲ့များက ဂုဏ်ပြုသဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here