၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုထောက်ခံပွဲ မြစ်ကြီးနားမြို့တွင် ပြုလုပ်

0
327

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲကို သြဂုတ်ဘ (၁၅)ရက်နေ့ မြစ်ကြီးနားမြို့တွင် ကချင်လူထု ထောင်ချီ ဆန္ဒပြဆောင်းဆိုကြပါသည်။
ယခုပြုလုပ်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေး မြစ်ကြီးနား လူထုထောက်ခံပွဲကြီးနှင့်ပတ်သက်ပြီး ဆန္ဒပြပွဲ အစီစဉ်ဖြစ်မြောက်ရေး တာဝန်ရှိသူ ဦးသောင်းက ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“အားလုံးသိတဲ့အတိုင်းပဲ။ ၂၀၀၈ အခြေခံ ဥပဒေကြောင့် လူထုတွေ ဒုက္ခတွင်းက မလွတ်မြောက်နိုင်သေးဘူး။ ပြည်သူလူထုတွေရဲ့ဘဝ လုံခြုံရေးတွေရရှိဖို့က ဒီဥပေဒပြင်မှ ရမယ်။ နောက်တစ်ခုက ဒီဥပဒေ မပြင်မချင်း ငြိမ်းချမ်းရေးဆိုတာ ရရှိမှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးရရှိဖို့ ၂၀၀၈ ဥပဒေပြင်ဆင်မှရမယ်” ဟု သူကဆိုသည်။
ဆန္ဒပြ ကချင်ပြည်သူများက “ငြိမ်းချမ်းရေးအောင်မြင်ဖို့ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ကြစို့”… “၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေး ကြိုဆိုသည်”… စသည့် ဗီနိုင်း စာသားများကို ကချင်၊ ရှမ်း နှင့် ဗမာ ဘာသာစကား (၃)မျိုးဖြင့် ကိုင်ဆောင်ကြပါသည်။

ထို့အပြင် “ဒီမိုကရေစီနစ်ဖြင့် မကိုက်ညီသော ဥပဒေများကိုပြင်ဆင်ရေး..ဒို့အရေး..ဒို့အရေး”… “ပြည်သူ့ဆန္ဒအခြေခံ ဥပဒေပြင်ဆင်ရေး..ဒို့အရေး..ဒို့အရေး”… စသည်ဖြင့်လည်း ကြွေးကြော်ခဲ့ကြပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော ဒီမိုကရေစီ စံချိန်စံနှုန်းနှင့် ကိုက်ညီမှု မရှိသောအချက်များကို အမြန်ပြင်ဆင်ရန်လိုအပ်ကြောင်း ထောက်ခံပွဲဟောပြောခဲ့သူ နိုင်ငံရေး စီးပွားရေး သုတေသီ ဦးနိုင်ကိုကို ယခုလို ပြောဆိုပါသည်။

“ဒီမိုကရေစီနိုင်ငံသစ် တစ်ခုကို သွားမယ်ဆိုရင် ဒီမိုကရေစီနဲ့ဆိုင်တဲ့ စံချိန်စံနှုန်းတွေ ပြန်ထည့်ဖို့လိုပါတယ်။ ဆန့်ကျင်နေတဲ့ အရာအားလုံးကို ဖယ်ထုတ်ဖို့လိုပါတယ်။ ဒါကြောင့် ပြောချင်တာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ဒီမိုကရေစီဖွဲ့စည်းပုံ မဟုတ်ပါ။ ကမ္ဘာ့နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ စံချိန်စံနှုန်းနဲ့ ကိုက်ညီဖို့လိုပါတယ်” ဟု ပြောဆိုသွားပါသည်။
ဆန္ဒပြပွဲတွင် မြစ်ကြီးနား၊ ဝိုင်းမော် နှင့် မိုးကောင်း စသည့် သုံးမြို့နယ်မှ ကချင်ပြည်သူလူထု စုစုပေါင်း ၆၀၀၀ ကျော် ပါဝင်ခဲ့ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူများကို မေးမြန်းသိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here