မြန်မာစစ်တပ် တပ်မ(၂)ခုမှ စစ်သားများ ရှမ်းမြောက်သို့ တက်လာ

0
356

မြန်မာစစ်တပ် တပ်မ (၄၄) နှင့် တပ်မ (၇၇) စစ်သားများ ရှမ်းပြည်နယ်မြောက်ပိုင်း မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားရာ နယ်မြေသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း ဒေသခံများ ဆိုပါသည်။
တနင်္ဂနွေ ညနေပိုင်း လားရှိုး အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) မှ ကွတ်ခိုင်ဘက်သို့ တက်လာသော စစ်ကား ၄၀ ကျော်နှင့် သံချပ်ကာကား ၂ စီးကို သိန္နီအနီး မြောက်ပိုင်းမဟာတပ်ဖွဲ့မှ တားဆီးပစ်ခတ်ခဲ့ကြောင်းသိရသည်။

“ညနေ ၆နာရီကျော်လောက်မှာ လားရှိုးဘက်နေ တက်လာတဲ့ ကားအစီး ၄၀ ကျော်နဲ့ တင့်ကား ၂စီးကို ခလွမ် နဲ့ နမ်တွန်းကြား ခဏပစ်ခတ်တားဆီးတယ်။ ဒါမဲ့ ကျော်ဖြတ်နိုင်ပြီး အခု သိန္နီ၊ ကျွန်းသစ်တောမှာ ရပ်နေပုံရတယ်။ တပ်မ (၄၄) နဲ့ တပ်မ (၇၇) ဖြစ်တယ်လို့ ထင်ရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံ စစ်ရေးလေ့လာသူ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောသည်။
မြန်မာစစ်တပ်က ဂျက်တိုက်လေယာဉ်များ နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အသုံးပြုပြီး ကွတ်ခိုင် နှင့် နမ်ဖတ်ကာ ပတ်ဝန်းကျင်ရှိ မဟာမိတ်အဖွဲ့ ပစ်မှတ်များကို သြဂုတ်လ (၁၈)ရက်နေ့မှစပြီး တိုက်ခိုက်နေကြောင်း ဒေသခံများဆိုပါသည်။

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး (၃)ဖွဲ့ ဖြစ်သော ရခိုင် AA၊ ကိုးကန့် နှင့် တအာင်း(ပလောင်) TNLA ပူးပေါင်းတပ်ဖွဲ့မှ သြဂုတ်လ (၁၅)ရက်နေ့ မြေမြို့ (ပြင်ဦးလွင်) တပ်မတော်နည်းပညာတက္ကသိုလ်၊ နောင်ချို မူးယစ်စစ်ဆေးရေးဂိတ် အပါဝင် ပစ်မှတ် (၅)ခုကို တချိန်တည်း တိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် နှစ်ဖက်တိုက်ပွဲများသည် အထူးသဖြင့် မြန်မာနိုင်ငံ၏အကြီးဆုံး မန္တလေး–မူဆယ် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နောင်ချို၊ ကျောက်မြဲ၊ လားရှိုး၊ ကွတ်ခိုင် နှင့် နမ်ဖတ်ကာ ပတ်ဝန်းကျင်တို့မှာ ဖြစ်ပွားနေခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here