28 March 2024 /

See today's Peace Related News

ဟူးကောင်းချိုင့်ဝှမ်းဒေသခံများ၏ ‘သွေးစွန်းနေသော’ ပယင်း

ကမ္ဘာ့အဖိုးတန်ရတနာ ပယင်းထွက်ရှိရာ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသကို မြန်မာ့တပ်မတော်မှ သိမ်းပိုက်လိုက်ခြင်းသည် ၎င်းဒေသရှိ ဌာနေတိုင်းရင်းသားများကို ဖယ်ရှားပစ်လိုက်ခြင်းဖြစ်သည် ဟု ‘သွေးစွန်းသောပယင်း’ အစီရင်ခံစာတွင် ဖော်ပြလိုက်ပါသည်။

ဤအစီရင်ခံစာအုပ် မိတ်ဆက် သတင်းစာရှင်းလင်းပွဲကို ဒေသခံများ နှင့် Kachin Development Networking Group (KDNG) တို့ သြဂုတ်လ ၂၀ ရက်နေ့ ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့ကြပါသည်။

“သွေးစွန်းနေတဲ့ ပယင်းမှော်လို့ ဆိုလိုခြင်းဖြစ်တယ်။ ဘာလို့ဆိုတော့ ကမ္ဘာမှာ အရမ်းအဖိုးတန် ရတနာဖြစ်ပေမယ့် ဒီဟာကို သွေးစွန်းပြီး ရယူကြတယ်။ သွေးမြေကျတဲ့ နေရာ။ ငိုကြွေးသံတွေနဲ့ ပြည့်တဲ့နေရာဖြစ်တယ်” ဟု အစီရင်ခံစာကို ထုတ်ဝေသည့် ကချင်လူမှုဖွံ့ဖြိုးရေးကွက်ရက် KDNG မှ ဦး Tsa Ji က ကချင်သတင်းဌာန KNG ကို ပြောပါသည်။

အိမ်နီးချင်း တရုတ်နိုင်ငံ၏ ဈေးကွက်တောင်းဆိုမှုအရ မြန်မာ့ဟူးကောင်းချိုင့်ဝှမ်းဒေသ ပယင်းတူးဖော်မှုသည် ၂၀၁၁ မှ ၂၀၁၆ အထိ အမြင့်ဆုံးရှိခဲ့ပြီး မြန်မာပြည် နေရာဒေသစုံမှ ရွှေ့ပြောင်းအလုပ်သမား သောင်းချီ ထိုဒေသသို့ ဝင်ရောက်လုပ်ကိုင်လာခဲ့ကြသည်။

တူးဖော်ရရှိသော ပယင်းများကို မှော်ဒေသမှ တနိုင်းမြို့သို့ စက်လှေဖြင့်သယ်ယူပြီး ထိုမှတဆင့် ကားလမ်းဖြင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ကာ အနည်းအကျဉ်းကိုသာ ပြည်တွင်းနေရာအချို့ ၌ ရောင်းချခဲ့ကြောင်း အစီရင်ခံစာအုပ်တွင် ဖော်ပြထားသည်။

‘တနိုင်းပယင်းမှော်၊ ရွှေမှော်များအတွင်း အလုပ်လုပ်ကိုင်နေကြသော တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအား အမြန်ဆုံးထွက်ခွာသွားရန် နှင့် မထွက်ခွာပါက KIA အဖြစ်သတ်မှတ်သွားမည်ဖြစ်ကြောင်း’ သတိပေးသည့်စာကို မြန်မာ့တပ်မတော်က၂၀၁၇ ဇွန်လ ၅ ရက်နေ့ စစ်ရဟတ်ယာဉ်ဖြင့် ထောင်ချီသော လက်ကမ်းစာစောင်များကို အဆိုပါဒေသများတွင် ကျဲချခဲ့သည်။
ထို့နောက် တပ်မတော်၏ ပယင်းမှော်သိမ်းပိုက်တိုက်ပွဲကြောင့် နမ့်ဗျူနမ့်ခမ်း (Nambyu Nam Hkam)၊ အင်ဂါးဂါ (N’ga Ga)၊ ဝိုင်လော် (Wailaw)၊ ထန်ဘရာ (Htang Bra) နှင့် နမ့်ဂေါင် (Nam Gawn) စသည့်ကျေးရွာများမှ ဌာနေသား ထောင်ချီ နှင့် ရွှေ့ပြောင်းအလုပ်သမား သောင်းချီ ကို ထိုဒေသမှ စွန့်ခွာစေခဲ့ကြောင်း ပြောထားပါသည်။

“ဒီနေရာဟာ ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ကိုင်စားသောက်နေတဲ့ ယာယီနေရာ မဟုတ်ဘဲ ကျမတို့ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ခဲ့တဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အပိုင်ဖြစ်တယ်ဆိုတာကို အားလုံးကို သိစေချင်ပါတယ်။ အစိုးရကို စာတင်တယ် ဒီနေ့အထိ တိကျတဲ့ အဖြေမရခဲ့ပါဘူး။ ထိုးစစ်တွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပြီးတဲ့နောက် တပ်မတော်က နယ်မြေချဲ့ထွင်ခြင်း တဖြည်းဖြည်း ပိုမိုလုပ်လာတာတွေ့နေရပါတယ်။ ဒါဟာ ကျမတို့ ဌာနေတိုင်းရင်းသား ကချင်လူမျိုးတွေရဲ့ နယ်မြေကို အကြမ်းဖက် နှိမ်နှင်းတယ်လို့ ခံစားရပါတယ်” ဟု နမ့်ဗျူနမ့်ခမ် ကျေးရွာ ဒေသခံ Lu Seng (ဒေါ် လုဆိုင်း) သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ပါသည်။
တိုက်ပွဲသံ ရပ်စဲပြီဖြစ်သော ပယင်းမှော်ဒေသတွင် ၂၀၁၈ ဇွန်လမှ စတင်ပြီး တူးဖော်မှုများ ပြန်လည်စတင်လာကာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များမှလည်း ထိုဒေသများတွင် တရားဝင်အသေးစား လုပ်ကိုင်ခွင့် ပယင်းနှင့် ရွှေလုပ်ကွက်များကို ခွင့်ပြုပေးရန် အစိုးရကို တောင်းဆိုခဲ့သည်။

“ဌာနေသားတွေ ဒုက္ခရောက်ပြီး စွန့်ခွာနေရတဲ့ နေရာမှာ တရားဝင် လုပ်ကွက်ပြန်ချပေးတယ်ဆိုတာ မှားတယ်။ အခု NLD အစိုးရကလည်း မှားတယ်။ မြန်မာပြည်မှာ အစိုးရအုပ်ချုပ်ရေးစနစ်တောင် မထွန်းကားတဲ့အချိန်က စလို့ အခြေချနေထိုင်လာတဲ့ ဒေသခံတွေတောင် အခု စစ်ရှောင်နေရတယ်။ အသက်သေဆုံးရနေရတဲ့အထဲ သူတို့ အစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေကိုပဲ လုပ်ကွက်ချပေးဖို့ ပြင်ဆင်နေတယ်ဆိုတာ ပြောင်းပြန်ဖြစ်နေတယ်။ စစ်တပ်ကတော့ ကာကွယ်တယ်ပြောပြီး ပြန်တူးဖော်မှာဘဲ” ဟု ဦး Tsa ji က ဆက်ပြောပါသည်။
ဒေသခံ ဌာနေသား စစ်ပြေးဒုက္ခသည်များသည် မိမိတို့ကျေးရွာသို့ နေရပ်ပြန်လိုကြောင်း အိမ်ထောင်စု ၃၆၃ စုမှ နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာကို ၂၀၁၈ အောက်တိုဘာလတွင် ၁၂ ရက်နေ့တွင် ပေးပို့ခဲ့သည်ဟု သိရပါသည်။

သို့သော်လည်း ယနေ့အထိ အိမ်ပြန်ခွင့်မရဘဲ တနိုင်းမြို့ ခရစ်ယာန်အသင်းတော် စစ်ရှောင်စခန်းများတွင်သာ တရားမဝင် စစ်ရှောင်အဖြစ် ခိုလှုံနေကြရပါသည်။

“သူတို့ကို နေစရာအိမ် ဘာရက်ဆောက်ပေးပြီးမှ စောင့်ရှောက်ပေးနေပါတယ်။ တရားဝင် စစ်ရှောင်အဖြစ် သတ်မှတ်ပေးတာ မရှိတဲ့အတွက် နိုင်ငံတကာ အကူညီရသင့်သလောက် မရပါဘူး။ ဒေသအခြေစိုက် အသင်းတော်ကပဲ တာဝန်ယူပြီး သူတို့အတွက် အစားအစာ ပေးပေးပြီး သူတို့ ပြန်နိုင်မယ့်အချိန်ကို စောင့်နေတုန်းပါ” ဟု ပယင်းမှော်ဒေသမှ စစ်ရှောင်များကို ကြည့်ရှု့နေသည့် တနိုင်း ကတ်သလစ်အသင်းတော်မှ Sara Naw Tawng (ဆရာနော်တောင်) က ကချင်သတင်းဌာန KNG ကို ပြောပါသည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှု မရှိသေးသည်သာမက မူလဌာနေသားတို့လည်း မိမိနေရပ် မပြန်နိုင်သေးသည့် အခြေအနေတွင် အစိုးရမှ ၎င်းတို့၏ မြေနေရာများတွင် လုပ်ကွက်ချပေးရန် ပြင်ဆင်နေမှုပေါ် ဒေသခံများ အလွန်စိုးရိမ်ကြောင်းပြောဆိုနေကြပါသည်။

ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် KDNG ထုတ်ဝေသော ‘သွေးစွန်းသောပယင်း’ အစီရင်ခံအတွက် ၂ နှစ် အချိန်ယူခဲ့ပြီး ပယင်းမှော်ရှိ ဒေသခံများ၊ တနိုင်းမြို့ရှိ ပြည်သူများ၊ ပယင်း ရွှေ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘာသာရေးဆရာများ နှင့် ကျေးရွာအခြေစိုက်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားပါသည်။