29 March 2024 /

See today's Peace Related News

ဒုက္ခသည်များ၏ ဓလေ့အရ ပိုင်ဆိုင်ခွင့်ကို ခြိမ်းခြောက်နေသည့် မြေ ဥပဒေကို ပယ်ဖျက်ရန် တောင်းဆို

ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်သူများနှင့် စစ်ဘေးဒုက္ခသည်များ (IDPs နှင့် Refugees) များ၏ ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာပိုင်ဆိုင်ခွင့် စနစ်များနှင့် မြေယာလုံခြုံရေးကို ခြိမ်းခြောက်နေသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံ ခန့်ခွဲရေးဥပဒေကို အမြန်ပယ်ဖျက်ပေးရန် လူမှုအဖွဲ့အစည်းများက တောင်းဆို လိုက်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့၊ Summit Park View Hotel ၌ သြဂုတ် ၂၁ ရက်နေ့တွင် စစ်ဘေးဒုက္ခ သည်အရေး ကူညီလုပ်ဆောင်နေသည့် Transnational Institute (TNI) နှင့် The Border Consortium (TBC) တို့က ဦးဆောင်ပြုလုပ်သည့် ပြည်တွင်းနေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်သူများနှင့် စစ်ဘေးဒုက္ခသည် များ (IDPs & Refugees) မြေယာရပိုင်ခွင့် အခွင့်အရေးဆိုင်ရာ သဘောထား ကြေညာစာတမ်း ထုတ်ပြန်ရှင်း လင်းခြင်း အခမ်းအနားတွင် ယခုလို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ကရင်လူ့အခွင့်အရေးအဖွဲ့မှ အစီအစဉ်ညှိနှိုင်းရေးမှူး စောဝေလေးက “မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းစီမံခန့်ခွဲရေး ဥပဒေက ဒုက္ခသည်တွေအတွက် ခြိမ်းခြောက်မှု အကြီးကြီး ဖြစ်နေတယ်။ သူတို့တွေက မိရိုးဖလာ ပိုင်ဆိုင်မှုပဲရှိ တယ်။ စာရွတ်စာတမ်း အားနည်းတယ်။ ဒီတော့ ကုမ္ပဏီတွေက စာရွက်စာတမ်းရယူပြီး လာသိမ်းပိုက်တယ်။ အမှုရင်ဆိုင်တော့ သူတို့ရှုံးတယ်။ ဒါကြောင့် ကျနော်တို့ ဒီနေ့ထုတ်ပြန်တဲ့စာတမ်းမှာ ဒီဥပဒေကို ဖျက်သိမ်းပေး ဖို့ အကြံပြုထားပါတယ်”ဟု ပြောသည်။

ထို့အပြင် စစ်ဘေးဒုက္ခသည်များ၏ မြေယာများကို ပြန်ပေးရန်၊ ပေးရန် အဆင်မပြေပါက အစားထိုးပေးရန်၊ သို့ မဟုတ် ရသင့်ရထိုက်သည့် နစ်နာကြေးပေးရန် အကြံပြုလိုပြီး စစ်ဘေးဒုက္ခသည်များ၏ ပိုင်ဆိုင်ခဲ့သည့် မြေယာ များကို အကာကွယ်ပေးကာ ပိုင်ဆိုင်ခွင့်ပေးရန်နှင့် အသိအမှတ်ပြုရန် ပြောလိုသည်ဟု စောဝေလေးက ဆက်ပြောသည်။

“၂၀၁၂ မှာ လယ်ယာမြေဥပဒေ ရေးဆွဲတယ်။ ပြီးတော့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေ ထွက်လာတယ်။ အဲ့ထဲမှာ ဘာပြောလဲဆိုရင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းလို့ သတ်မှတ်လိုက်တော့ ကျမတို့ IDP တွေ ဖြစ်စေ၊ Refugee တွေဖြစ်စေ နယ်စပ်တလျှောက်မှာနေထိုင်ခဲ့ပြီး နှစ်ပေါင်း ၂၀ လောက်ထားခဲ့ရတဲ့ အိုးအိမ်တွေ မြေ၊ ယာတွေက ဒီထဲမှာရှိတယ်။ ဒါပေမဲ့ ဒီဥပဒေကြောင့် တရားဝင်ဘောင်ထဲကနေ အသိမ်းခံရတယ်။ ဒါကြောင့် ဒီဥပဒေက ကျမတို့အတွက် ပြဿနာအကြီးကြီး တစ်ခုဖြစ်နေတယ်” ဟု မွန်ပြည်နယ်မှ မိခမွန်းက ပြောသည်။

လက်ရှိ ကရင်နီပြည်နယ်တွင် မြေယာအရေးနှင့် ပတ်သက်၍ တောင်သူ ၁၅ ဦးကို စစ်တပ်မှာ တရားစွဲဆိုထား ပြီး ယင်းတို့ ထဲတွင် အမျိုးသမီး ၅ ဦးပါဝင်ကာ အများစုမှာ ဗမာစကား မတတ်သူများ ဖြစ်ကြောင်း၊ ဖြစ်စဉ်မှာ စစ်ဘေးရှောင်ရင်းထားခဲ့သည့် မြေယာများကို စစ်တပ်မှ လာရောက် တပ်စခန်းဖွင့်ခြင်းကြောင့်ဖြစ်သည်ကို တွေ့ ရပြီး တရားရင်ဆိုင်ရာတွင် တောင်သူများအနေဖြင့် မိရိုးဖလာ ပိုင်ဆိုင်မှုသာရှိပြီး စာရွက်စာတမ်းမရှိ ဖြစ်နေ သည်။ ထိုအတွက် မိရိုးဖလာပိုင်ဆိုင်မှုကို အသိအမှတ်မပြုပါက မြေယာပြဿနာများ မည်သို့မှ ပြေလည်မည် မဟုတ်ဟု ပြောလိုကြောင်း ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂမှ ခူးသူရယ်က ပြောသည်။

ယနေ့ ထုတ်ပြန်သည့် ကြေညာစာတမ်းတွင် IDPs နှင့် Refugees များနေရပ် ပြန်ရေးအစီအစဉ်ကို မြေမြှုပ်မှိုင်း များ ရှင်းလင်းပြီးမှ လုပ်ဆောင်ရန်၊ နိုင်ငံရေးသဘောတူညီချက်ရရှိပြီးမှသာ ဆက်အကောင်အထည်ဖော်ရန်၊ နေရင်းရပ်ရွာများ၌ စခန်းချတပ်စွဲထားသည့် တပ်ရင်းတပ်ဖွဲ့များ အားလုံးကို ဖယ်ရှားပေးရန်၊ ဌာနေတိုင်း ရင်း သားနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လက်ရှိကျင့်သုံးဖော်ဆောင်နေသည့် မြေယာမူဝါဒနှင့် တည်ဆဲမြေယာစီမံခန့်ခွဲရေးစနစ်များကို အသိအမှတ်ပြုရန် စသည့်အချက် ၁၀ ချက်ပါ တိုက်တွန်းချက်ကို ဖော်ပြထားသည်။