ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လမ်းစ ဝေဝါးနေဆဲဟု PPST ယာယီအဖွဲ့ခေါင်းဆောင်ပြော

0
182

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA လက်မှတ်ရေးထိုးပြီး ၄ နှစ် နီးပါးရှိလာ သည့်တိုင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလမ်းစမှာ ဝေဝါးနေဆဲဖြစ်သည်ဟု အပစ်ရပ်စာချုပ် လက် မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့-PPST ယာယီအဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ယနေ့ (သြဂုတ် ၂၁ ရက်) ချင်းမိုင်မြို့တွင် စတင်ကျင်းပနေသည့် PPST အစည်းအဝေး အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့သည်။

“ကျနော်တို့ အခု NCA ကို လက်မှတ်ရေးထိုးခဲ့တာ အခု ဆိုရင် (၄) နှစ်တင်းတင်းပြည့်ဖို့ နီးကပ်လာပါပြီး၊ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်ကြည့်ရင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် လမ်းစက ဝေဝါးနေဆဲပဲဖြစ်ပါတယ်”ဟု ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဖက်ဒရယ်ပြည်ထောင်စု ခိုင်ခိုင်မာမာတည်ဆောက်နိုင်သည့် ဖက်ဒရယ် အခြေခံမူများကို ပြည်ထောင် စု သဘောတူစာချုပ်တွင် ချုပ်ဆိုနိုင်ရန် အာသွန်ခွန်စိုက် တစိုက်မတ်မတ် လုပ်ဆောင်သွားရန် လိုအပ် ကြောင်း လည်း ဗိုလ်ချုပ်ကြီး ယွက်စစ် တိုက်တွန်းပြောဆိုသွားသည်။

သြဂုတ်လ ၂၁ရက်မှ ၂၄ရက်နေ့အထိ ပြုလုပ်သွားမည့် PPST အစည်းအဝေးပွဲတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့မှု ကျော်လွှာရေးကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံအစည်းအဝေးကိစ္စ၊ PPST စုဖွဲ့မှုအပြင် အစိုးရမှ အဆိုပြုထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့တိုးနိုင်ရေးလုပ်ငန်းစဉ် (၄)ရပ်တို့ကို အဓိက ဆွေးနွေးသွားမည်ဟု သိရသည်။

အစိုးရမှ အဆိုပြုထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်မည့် လုပ်ငန်းစဉ် (၄)ရပ်နှင့်ပတ်သက်ပြီး ယမန်နေ့ (သြဂုတ်လ ၂ဝရက်)က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန-NRPC နှင့် KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော်စီ-RCSSတို့ သီးခြားစီ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သေးပြီး နှစ်ဖက်အဆိုပြုထားမှုပုံစံအရ အလုံးစုံသဘောတူညီချက် မရသေးဘဲ စက်တင်ဘာလတွင် ဆက်လက်တွေ့ဆုံ ညှိနှိုင်းသွားရန် ဆုံးဖြတ်ထားသည်ဟု သိရသည်။

အစိုးရဘက်မှ တင်ပြထားသည့် လုပ်ငန်းစဉ်လေးရပ်တွင် JMC (ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ )၊ UPDJC(ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ)၊ ကြား ကာလ ဆိုင်ရာ အကောင်အထည်ဖော်မှုနှင့် NCAအပေါ် တူညီသည့်နားလည်မှုဆိုင်ရာ NCA အကောင် အထည်ဖော် မှုအပိုင်း၊ ပြည်ထောင်စု ညီလာခံ တစ်ရပ်ကျင်းပပြီး ၂ဝ၂ဝ ခုနှစ်မတိုင်ခင်နှင့် ၂ဝ၂ဝခုနှစ်အလွန် ငြိမ်းချမ်းရေးဆိုင်ရာ အခင်းအကျင်းများ ချမှတ်ရန်၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် အခြေခံမူများ၊ ငြိမ်းချမ်းရေး အသီးအပွင့် စသည့်တို့ ပါဝင်သည်။

အလားတူ ကေအဲန်ယူဘက်ကလည်း ပြီးခဲ့သည့်နှစ် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့မှစပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ တရားဝင် အစည်းအဝေးပွဲများအတွင်း ပါဝင်မှုကို ယာယီ ရပ်တန့်ထားပြီး အလွတ်သဘော ဆွေး နွေးမှုများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ တစ်ဆို့မှုများကို အဖြေရှာရန် ကြိုးပမ်းမှုများပြုလုပ်ခဲ့ရာ ကေအဲန်ယူမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ရှေ့ဆက်နိုင်မည့် အစီအစဉ်များကို အစိုးရသို့ တင်ပြခဲ့မှုများရှိခဲ့သည်။

၎င်းအစိုးရကို အဆိုပြုတင်သွင်းချက်များတွင် အပစ်အခတ်ရပ်စဲမှု ခိုင်မာရေး ကိစ္စရပ်များကို ကနဦး ဆွေးနွေးပြီး ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းတည်ဆောက်ရေးဆိုင်ရာ ရှေ့ဆက်လုပ်ငန်းစဉ်များအပေါ် ဆက်လက်ဆွေး နွေးကာ ၎င်းဆွေးနွေးမှုများမှ ရရှိလာမည့် သဘောတူညီချက်များကို လက်ရှိအစိုးရ သက်တမ်းကာလအပြင် လာမည့် ၂ဝ၂ဝခုနှစ်အလွန် အသစ်တက်လာမည့် အစိုးရသက်တမ်းအထိ မပြီးပြတ်ခဲ့သည့်ရှိသော် ဆက်လက် အကောင်အထည်ဖော်နိုင်ရန် သဘောတူညီမှုရရှိအောင် ဆောင်ရွက်သွားရန်ဖြစ်သည်ဟု ကေအဲန်ယူက ဆိုသည်။

၄ ရက်တာပြုလုပ်မည့် PPST၏ အစည်းအဝေးပွဲအပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာတွင်လည်း NCA လက်မှတ် မရေးထိုးနိုင်သေးသည့် တခြားသော တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများနှင့် ပတ်သက်သည့် အစီအ စဉ်များပါဝင်သင့်ကြောင်းနှင့် လက်ရှိ သြဂုတ်လတွင် သက်တမ်းကုန်ဆုံးတော့မည့် တပ်မတော်၏ ၄ လတာ တစ်ဖက်သတ် အပစ်ရပ်ကာလအလွန် ငြိမ်းချမ်းရေး အခင်းအကျင်းများကိုလည်း ထည့်သွင်းစဉ်စားသင့် ကြောင်းလည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ထည့်သွင်းတိုက်တွန်းပြော ဆိုထားသည်။

NCA အပစ်ရပ် တိုင်းရင်းသားအဖွဲ့အစည်းများတွင် ကရင်အမျိုးသားအစည်းအရုံး -KNU၊ ချင်းအမျိုးသားတပ်ဦး -CNF၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ -KNU/KNLA(PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် -DKBA ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် -PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ -ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ -RCSS ၊ မွန်ပြည် သစ်ပါတီ -NMSP နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး -LDU တို့ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here