CDM လှုပ်ရှားမှုကို ထောက်ခံပြီး ပြည်သူနှင့်အတူ ရပ်တည်ကြောင်း CNF ပြော

0
232

၁၉ ဖေဖော်ဝါရီ ၂၀၂၁။

တပ်မတော်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ဆင်နွှဲနေသည့် Civil Disobedience Movement (CDM) အပါအဝင် စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ခံအားပေးပြီး ပြည်သူလူထုနှင့်အတူ ခိုင်မာစွာရပ်တည်သွားမည်ဟု ချင်းအမျိူးသားတပ်ဦး(CNF) က မနက်ဖြန်ကျရောက်မည့် ၇၃ နှစ်မြောက်ချင်းအမျိူးသားနေ့ ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ချင်းအမျိူးသားပါတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ အခုစစ်တပ်ကနေ အာဏာယူလိုက်တာဟာ တင်းပြည့်ကျပ်ပြည့်မဟုတ်သေးတဲ့ ၇၅ ရာခိုင်နှုန်းသော အရပ်ဘက်အုပ်ချုပ်တဲ့ ဒီမိုကရေစီ နောက်ပြန်လှည့်သွား တယ်လို့ ဆိုရမှာပဲ၊ အဲဒါကို ဝန်ထမ်းတွေအပါအဝင်ပြည်သူလူထုအလွှာပေါင်းစုံကနေ မလိုးလားဘူး နည်းမျိူးစုံနဲ့ဆန္ဒဖော်ထုတ်ကြ တယ်၊ CNF ကလည်း ပြည်သူ့ဆန္ဒနဲ့တထပ်တည်းရှိပါတယ်’’ ဟု ပြောသည်။

ယခုလက်ရှိတွင် ချင်းပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ သမိုင်းဝင်မည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလူထုလှုပ် ရှားမှုကြီးဖြစ်ပေါ်လျက်ရှိပြီး အဆိုပါလှုပ်ရှားမှုတွင် ပြည်တွင်းပြည်ပရှိ ချင်းအမျိူးသားများ၏ စုပေါင်းဆောင်ရွက်မှုမှာ အားရ ကျေနပ်ဖွယ်ကောင်းလှကြောင်း ချင်းပြည်နှင့် ပြည်ထောင်စုလွပ်လပ်မှုအတွက် တက်ညီလက်ညီစုပေါင်းဆောင်ရွက်ခြင်းကို ချီးကျူးဂုဏ်ပြုသည်ဟု CNF ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ယခုကာလသည် ချင်းလူမျိုးတို့၏ နိုင်ငံရေးလိုလားချက်များဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်တို့အတွက် နိုင်ငံရေးအဆုံးအဖြတ် ပြုလုပ်မည့် အချိန်ကာလဖြစ်ပြီး ချင်းတို့၏ ကံကြမ္မာကို ချင်းတို့ကိ်ုယ်တိုင် ဆုံးဖြတ်စီမံနိုင်ရေးအတွက် ချင်းအမျိုးသားရေးအသိနှင့် ချင်းမျိုးချစ်စိတ်ဓာတ်ကို အမြင့်ဆုုံးသို့ မြှင့်တင့်ပြီး မိမိတို့၏ စုပေါင်းအင်အားကို ညီညွတ်မှုဖြင့် တည်ဆောက်ကြရမည်ဟု CNF က တိုက်တွန်းထားသည်။

ထို့အပြင် စစ်အာဏာသိမ်းမှုအား ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒဖော်ထုတ်နေကြသည့်ပြည်သူများအား ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်နှိမ်နှင်းခြင်းမပြုရန် မြန်မာ့တပ်မတော်နှင့် မြန်မာ့ရဲတပ်ဖွဲ့အားအလေးအနက် တောင်းဆိုကြောင်း ၎င်းတို့၏ ကြေညာချက်တွင်ထည့်သွင်းဖော်ပြထားသည်။

လားနွန် (ခိုနူမ်းသုန်) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here