မင်းတပ်တွင် ချင်းအမျိုးသားနေ့အခမ်းအနားမကျင်းပတော့ဘဲ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ချီတက်မည်

0
413

၁၉ ဖေဖော်ဝါရီ ၂၀၂၁။

ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင်ကျရောက်မည့် (၇၃) နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော်ကို ချင်းပြည်နယ် တောင်ပိုင်း မင်း တပ်မြို့တွင် ကျင်းပမည်မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းဖြင့်သာ ချီတက်ကြမည်ဟု မင်းတပ်မြို့ အခြေစိုက်အရပ်ဘက်အဖွဲ့အစည်းမှ ဦးဆောင်သူ Salai Mangom ကပြောသည်။

“အာဏာသိမ်းတဲ့တပ်မတော်ကို ကျနော်တို့ ဖီဆန်တဲ့အနေနဲ့ အဲလို သပိတ်စစ်ကြောင်းနဲ့ပဲသွားမယ် ဆန္ဒပြမယ် ကျနော်တို့ သပိတ်စစ်ကြောင်းထွက်ရင်းနဲ့ ချင်းအမျိုးသားနေ့မိန့်ခွန်းတွေပြောမယ် အဲဒါတော့ရှိတယ်သီးသန့်ချင်းအမျိုးသားနေ့ ကျင်းပ ဖို့တော့မရှိဘူး အစိုးရဖက်ထွေအုပ်ဖက်ကတော့ အယောက် (၅၀) လောက်နဲ့လုပ်ဖို့တော့ ကျနော်တို့ကို ဖိတ်ကြားထား တယ် ဒါပေမဲ့ ကျနော်တို့မသွားပါဘူး” ဟု Salai Mangom က ပြာသည်။

ချင်းလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ဖေဖော်ဝါရီလ (၂၀) ရက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်အဆင့်အနေဖြင့် နှစ်စဉ်နှစ်တိုင်းစည်ကားသိုက်မြိုက်စွာကျင်းပလာခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်မှအာဏာသိမ်းယူပြီးနောက် ချင်းအမျိုးသားနေ့ကို မြို့နယ်အချို့တွေမှာလည်း ပြုလုပ်ကျင်းပ မည်မဟုတ်ကြောင်းသိရသည်။

မင်းတပ်မြို့တွင် ချင်းအမျိုးသားနေ့ကို အထွေထွေဦးစီးဌာနမှ လူအကန့်အသတ်ဖြင့် ပြုလုပ်ကျင်းပဖို့ရန် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အရပ်ဖက်အဖွဲ့အစည်းများ ဖိတ်ကြားထားသော်လည်း မင်းတပ်မြို့နယ်တွင် ပြည်သူများအနေဖြင့် ပူးပေါင်းမည်မဟုတ်ကြောင်း Salai Mangom က ဆက်ပြောသည်။

ချင်းပြည်နယ် မတူပီမြို့တွင်လည်း ဖေဖော်ဝါရီလ (၂၀) ရက်နေ့ ကျရောက်မည့် (၇၃) နှစ်မြောက် ချင်း အမျိုးသားနေ့ကို အခမ်းအနားဖြင့်ကျင်းပမည်မဟုတ်ကြောင်း မတူပီလူငယ်တစ်ဦးက ပြောသည်။

“အစီအစဉ်အခမ်းအနားနဲ့တော့ ကျင်းပမှာမဟုတ်ဘူး။ မကျင်းပဖို့ကတော့ များတယ်။ ဒါပေမဲ့ ဒီသပိတ်နဲ့ ဘယ်လိုမျိုးရောပြီး လုပ်မလား မသိသေးဘူး။ ဒါပေမဲ့ ကျင်းပဖို့ကတော့ မရှိဘူး။ ပြည်ထောင်စုနေ့မှာလည်း သက်ဆိုင်ရာက ပွဲတွေကိုလုပ်စေချင်တာ ဒါပေမဲ့ ဒီဖက်ကပြည်သူတွေကလက်မခံဘူး သူတို့က အဲလိုမျိုးလုပ်လိုက်ရင် ဓာတ်ပုံတွေရိုက်မယ် ဒါငြိမ်းချမ်းသွားပြီပေါ့ဘာညာပေါ့ အဲလိုမျိုးသူတို့လုပ်ချင်တယ် အဲလိုပေါ့ ရှောင်တဲ့အနေနဲ့ မလုပ်တော့တာ” ဟု သူကပြောသည်။

အလားတူ ကန်ပလက်မြို့နယ်တွင်လည်း ချင်းအမျိုးသားနေ့ကျင်းပရန် အစီအစဉ်မရှိကြောင်း သပိတ်စစ်ကြောင်းသာ ပြုလုပ်မည်ဖြစ်ကြောင်း ကန်ပလက်ဒေသခံထံမှသိရသည်။

ပြီးခဲ့သည့် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော်ကို ချင်းပြည်နယ် ထန်တလန်မြို့တွင် ပြည်နယ်ဆင့် အနေဖြင့် ကျင်းပခဲ့ကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက် ချီးမြင့်ခဲ့သည်။

လွန်ခဲ့သည့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ မှ ၂၂ ရက်နေ့အထိ ချင်းပြည်နယ် ဖလမ်းမြို့တွင် ကျင်းပခဲ့ကြသော ပထမဦးဆုံးအကြိမ် ချင်းအမျိုးသား ညီလာခံတွင် တက်ရောက်လာခဲ့ကြသော ချင်းအမျိုးသားလူထုကိုယ်စားလှယ်ပေါင်း ငါးထောင်ကျော်က သက်ဦးစံပိုင်မြေရှင်ပဒေသရာဇ်စနစ် အုပ်ချုပ်မှုကို ကန့်ကွက်ဖယ်ရှားလိုက်ကြပြီး ဒီမိုကေရစီ အုပ်ချုပ်ရေးစနစ်ကို ရွေးချယ်ခဲ့ကြသည်။

၁၉၅၀ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ကျင်းပခဲ့သော ချင်းရေးရာကောင်စီအစည်းအဝေးတွင် ပထမဦးဆုံးအကြိမ် ချင်းအမျိုးသား ညီလာခံကျင်းပခဲ့သည့်ရက်ကို အစွဲပြု၍ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့ရောက်သည့်အခါ အမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာဆင်နွဲလေ့ ရှိကြသည်။

လားနွန်(ခိုနူမ်းသုန်)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here