ညီလာခံတွင် မပါဝင်နိုင်သူများ၏သဘောထားလွှမ်းခြုံနိုင်ရေး ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတိုက်တွန်း

0
291

လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးတွင် ပါဝင်ဆွေးနွေးကြမည့် PPST အဖွဲ့ဝင်များအနေဖြင့် လက်မှတ်မထိုးရသေးသည့် EAOs များရှိနေသေးသည်ကို သတိမူရန်နှင့် မပါဝင်နိုင်သူများ၏ သဘောထားလွှမ်းခြုံနိုင်ရေး ကြိုးစားလုပ်ဆောင်ကြရန် PPST အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းပြောဆိုလိုက်သည်။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “ညီလာခံမှာ ပါဝင်ဆွေးနွေးမဲ့ PPST အဖွဲ့ဝင်များအနေနဲ့ လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့တွေ ရှိနေသေးတာကို သတိမူခြင်းနှင့် ကိုယ်တိုင်ပါဝင်ဖို့ အခွင့်အရေး မရရှိသူတွေ ရှိနေသေးတယ်ဆိုတာကို သတိမူပြီး မပါဝင်နိုင်သူတွေရဲ့ သဘောထားတွေကို လွှမ်းခြုံနိုင်တဲ့အဖြေရရှိရေးအတွက် ကြိုးစားမှုပြုလုပ်ကြဖို့ကိုလည်း သတိပေး တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။

PPST အစည်းအဝေး၌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး မိန့်ခွန်းပြောကြားစဉ်(NCA-S EAOs)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်း ၈ ဖွဲ့နှင့် NCA အကောင်အထည်ဖော်ဖက်များ ဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU မှ ခေါင်းဆောင်များ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ယနေ့(ဇူလိုင် ၁) ကျင်းပသည့် (၂၂) ကြိမ်မြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံအစည်းအဝေးကနေ ငြိမ်းချမ်းတဲ့ အနာဂါတ် ဒီမိုကရေစီနဲ့ဖက်ဒရယ်နိုင်ငံကို ထူထောင်ကြမှာမို့ အဲဒီအခြေခံမူတွေကို ရရှိရေး စဉ်းစားတဲ့အခါမှာ မတူကွဲပြားခြားနားမှုကို အသိအမှတ်ပြုပြီး၊ သဘောထားကြီးမှု၊ အမြင်ကျယ်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ခံယူချက်၊ သဘောထား အမြင်တွေ ကိုယ်စီထားရှိကြရမှာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်တွေကို ပြင်ဆင်နိုင်တဲ့ နိုင်ငံရေးအရ လွှမ်းခြုံတဲ့ အခြေခံမူတွေ ရရှိရေးကို ဦးတည်စဉ်းစား အဖြေထုတ်လိုတဲ့ ဆန္ဒမွန်ရှိဖို့လည်း အရေးကြီးပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဆိုသည်။

NCA စာချုပ်အရ စာချုပ်၌ လက်မှတ်မထိုးသည့် လက်နက်ကိုင် အဖွဲ့များကို ညီလာခံတွင် လေ့လာသူ အဖြစ်သာ ဖိတ်ကြား ခွင့်ရှိပြီး ဆွေးနွေးဆုံးဖြတ်ခွင့်မရှိကြောင်း သတ်မှတ်ထားသည်။

(၂၂) ကြိမ်မြောက် PPST အစည်းအဝေး(NCA-S EAOs)

သို့ရာတွင် NCA စာချုပ် လက်မှတ်ရေးထိုးခြင်းမရှိသေးသော မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးကို အစိုးရက လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ ဆွေးနွေးပွဲတက်ရောက်သူအဖြစ် ဖိတ်ကြားမည်ဖြစ်ကြောင်း အမည်ဖော်ပြထားခြင်းမရှိသော အစိုးရကိုယ်စားလှယ်တစ်ဦးပြောကြားချက်ကို ကိုးကား၍ ဇွန်လ ၃၀ ရက်နေ့ မြန်မာတိုင်းမ်အင်တာနက်သတင်းဖော်ပြချက်အရ သိရသည်။

အစိုးရကိုယ်စားလှယ်အဖြစ် ပါဝင်နေသူတစ်ဦးက “မြောက်ပိုင်းအဖွဲ့တွေအားလုံးကို ဖိတ်မယ်၊ အရင်တစ်ခေါက်ကလို လေ့လာသူအနေနဲ့မဟုတ်ဘဲ ဆွေးနွေးပွဲတတ်ရောက် သူအနေနဲ့ ဖိတ်မယ်။ သူတို့အနေနဲ့ အစုအဖွဲ့လိုက်ဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်ဖွယ်ရှိတယ်” ဟု မြန်မာတိုင်းမ်က ဖော်ပြသည်။

၂၁ ရာစုပင်လုံညီလာခံ တတိယအစည်းအဝေးကို ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ခြောက်ရက်ကြာ ကျင်းပမည်ဖြစ်ရာ နိုင်ငံရေးကဏ္ဍ၌ ကျားမတန်းတူရေးဆိုင်ရာ ခေါင်းစဉ်တစ်ခုကိုသာ ဆွေးနွေးမည်ဖြစ်ကြောင်း၊ လုံခြုံရေးကဏ္ဍဆွေးနွေးမည်ဖြစ်သော်လည်း အတည်ပြုရန်မရှိကြောင်း၊ အစုအဖွဲ့အလိုက်ဆွေးနွေးမှုများကို ပိုမိုဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေးက ဆုံးဖြတ်ချက် ချမှတ်ထားသည်။

NCA လမ်းကြောင်းကိုလက်မခံ ကြေညာထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် UWSA ဝ၊ NDAA မိုင်းလား၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရခိုင့်တပ်မတော် AA ၊တအာင်း(ပလောင်) TNLA နှင့် ကိုးကန့် MNDAA တို့ပါဝင်လျက်ရှိပြီး အစိုးရအနေဖြင့် အားလုံးကိုဖိတ်ကြားလာပါက ညီလာခံသို့တက်ရောက်မည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ထားသည်။

အလားတူ ၂၁ ရာစုပင်လုံ တတိယအကြိမ်ညီလာခံကို အစိုးရက လေ့လာသူအဖြစ်သာ ဖိတ်ကြားမည်ဆိုပါက တက်ရောက်ရန် အစီအစဉ်မရှိဟု NCA လက်မှတ်မရေးထိုးသေးသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ပြောဆိုထားသည်။

လက်ရှိမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကရင် ၃ ဖွဲ့ KNU, DKBA, KNU/KNLA-PC, ရှမ်း RCSS/SSA ၊ ရခိုင် ALP, ချင်း CNF, ပအိုဝ်းPNLO, မြန်မာကျောင်းသား ABSDF၊ မွန်ပြည်သစ်ပါတီ NMSPနှင့် လားဟူ LDU စသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့ NCA လက်မှတ်ရေးထိုးပြီးသော်လည်း ကရင်နီ KNPP၊ ရခိုင် ANC၊ နာဂ NSCN-K နှင့် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့တို့မှာ လက်မှတ်မရေးထိုးဖြစ်သေးပေ။

LEAVE A REPLY

Please enter your comment!
Please enter your name here