ဆမီးမြို့ စစ်ဘေးရှောင် ဒုက္ခသည် အိမ်ခြေငါးရာခန့် နေထိုင်ရေး အခက်ကြုံနေရ

0
259

အောက်တိုဘာ ၂၇ရက်၊ ၂၀၂ဝပြည့်နှစ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့ရှိ စစ်ဘေးရှောင်ပြည်သူများနေထိုင်ကြသည့် ယာယီဝါးအိမ် ၅၀၀ ခန့်သည့် ပိုးထိုးပြီးပြိုကျမှုများရှိလာသည့်အတွက် နေထိုင်ရေးပိုင်းတွင် အခက်အခဲကြုံနေကြရသည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် ဆမီးမြို့မှဉီးပြည်ဆုကပြောသည်။

“လက်ရှိအခက်အခဲကတော့ နေရာထိုင်ခင်းအခက်အခဲ ကြုံနေရပါတယ်၊ တန်းလျားတွေ လုံးချင်းအိမ်လေးတွေကို ဝါးနဲ့ဆောက်ခဲ့တာဆိုတော့ ပိုးထိုးတဲ့အချိန်မှာ ပြိုပျက်တာတွေတွေ့ရတယ်၊ နောက်ပြီးတဲ့ အသိမိတ်ဆွေအိမ်မှာ ငှားပြီးနေတဲ့သူတွေရှိတယ်၊ အိမ်ငှားခဲ့တာကလည်း အိမ်လွတ်နေလို့ ငှားထားတာမျိုးမဟုတ်ဘဲနဲ့ သက်ညှာတဲ့အနေနဲ့ငှားထားတာဖြစ်တယ် သူတို့က တစ်နှစ်စာဘဲငှားထားတာဆိုတော့ အဲဒီနောက်ပိုင်းမှာတော့ အိမ်ရှင်တွေက မနေခိုင်းကြတော့ဘူး၊ အဲဒါသူတို့ ဘယ်မှာနေရမလဲဆိုတာ စိတ်ပူနေရတယ်”ဟု ဉီးပြည်ဆုကပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) အကြားတိုက်ပွဲကြောင့် ဆမီးမြို့ပေါ်သို့ စစ်ဘေးရှောင်အဖြစ် ရောက်ရှိလာကြသည့် စစ်ဘေးရှောင်ပြည်သူများနေထိုင်ရန်အတွက် ချင်းပြည်နယ်အစိုးရနှင့် စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုဖြင့် ယာယီဝါးအိမ်များဆောက်လုပ်ပေးကာ နေရာချထားသော်လည်း ယခုအခါအဆိုပါဝါးအိမ်များသည် ပိုးထိုးကာ အများစုသည် နေထိုင်ရန်မသင့်တော့ခြင်းဖြစ်သည်။

ဆမီးမြို့ရှိ စစ်ဘေးရှောင်ပြည်သူများကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်သည့် ပြည်သူ့မျှော်လင့်ချက် လူမှုဖွံ့ဖြိုးရေးအသင်း (People Hope) ဒါရိုက်တာကိုဇော်လီအောင်က “မမျှော်လင့်ဘဲနဲ့ အစုလိုက်အပြုံလိုက် ဒုက္ခသည်တွေရောက်လာတဲ့အတွက် အရေးပေါ်အနေနဲ့ သူ့ရာသီမဟုတ်ဘဲနဲ့ ဝါးကိုသုံးပြီးဆောက်တဲ့အခါကျတော့ ပိုးထိုးပြီးတော့ ကြံ့ခိုင်မှုမရှိဘူး၊ ပိုဆိုးတာက တန်းလျားတွေကပိုဆိုးတယ်၊ မိုးကာကလည်း ဟောင်းလာတဲ့အခါကျတော့ မိုးရွာရင် နေလို့မရတော့ဘူး၊ နေပူရင်လည်း နေပူဒဏ်မခံနိုင်တဲ့အတွက် တော်တော်များများ အခက်အခဲကြုံတာတွေရှိတယ်”ဟု ပြောသည်။

အဆိုပါ နေထိုင်ရေးအခက်အခဲဖြစ်နေသည့် စစ်ဘေးရှောင်များအား ကူညီပေးရန် အစိုးရမှ ကနဉီးဆောင်ရွက်ရန်လိုအပ်ပြီး အစိုးရမှ အစီအစဉ်ချမှတ်ပြီးမှသာ ကျန်သည့်အဖွဲ့အစည်းနှင့် အလှူရှင်များမှ ကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ေကြာင်း ၎င်းကဆက်ပြောသည်။

“ကျနော်တို့အနေနဲ့ အစီအစဉ်ချမှတ်ထားတာတော့မရှိသေးေပမယ့် အစိုးရက ဘယ်လိုမျိုး လမ်းညွှန်ဆောင်ရွက်မှုတွေရှိမလဲဆိုတဲ့ဟာကိုတော့ စောင့်ကြည့်နေတယ်၊ အစိုးရအနေနဲ့ အရင်လုပ်တာမျိုးမဟုတ်ဘဲနဲ့ ကျနော်တို့ အရင်လုပ်လိုက်ရင်ပြဿရှိမှာစိုးလို့ပါ၊ အစိုးရအနေနဲ့ ဆောင်ရွက်ခဲ့လို့ရှိရင် သူတို့အိမ်ခြေ ၃၀၀ တာဝန်ယူရင် ကျနော်တို့ဘက်က အိမ်ခြေ ၂၀၀ တာဝန်ယူပေးတာမျိုး လုပ်ဖို့တော့ အစီအစဉ်ရှိတယ်” ကိုဇော်လီအောင်ကပြောသည်။

ထို့ပြင် စမီးတွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များအား အစပိုင်းတွင် လှူဒါန်းလိုသည့် အလှူရှင်အများအပြားရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အလှူရှင်နည်းလာမှုကြောင့် စားဝတ်နိုင်ရေးပိုင်းတွင်လည်း အခက်အခဲရှိလာကြောင်းသိရသည်။

ယခုလက်ရှိ ဆမီးမြို့တွင် (IDPs Camp) စစ်ဘေးရှောင်စခန်း (၅) ခုရှိပြီး အိမ်ထောင်စုပေါင်း (၈၁၈) စုနှင့် လူဦးရေ (၃၃၈၈) ဦးရှိသည်ဟု သိရသည်။

ခိုနူမ်းသုန် မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here