“စဉ်းစားစရာဖြစ်လာတာက တကယ်ပဲ စစ်တပ်ရော အစိုးရရော ငြိမ်းချမ်းရေးကို တကယ်လိုလားသလား ဆိုတဲ့ မေးခွန်းက ကျနော်တို့ဆီမှာ ရှိနေသေးပါတယ်”

0
208

KNPP (ရှားတောမြို့ နယ်) ဆက်ဆံရေးရုံး တာဝန်ခံ ခူးဘိုးရယ်နှင့် တွေ့ ဆုံမေးမြန်းခြင်း။

မြန်မာနိုင်ငံ တောင်းပိုင်းဒေသ ၊ ကယား(ကရင်နီ)ပြည်နယ်အတွင်း လှုပ်ရှားလျက်ရှိတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဟာ လက်ရှိအစိုးရလက်ထက်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ရော ၊ တပ်မတော်နဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ယခုအင်တာဗျူးဟာ ရှားတော်မြို့နယ် KNPP ရဲ့ ဆက်ဆံရေးရေးရုံးတာ တာ၀န်ခံ ခူးဘိုးရယ်နဲ့ တွေ့ဆုံမေးမြန်းထားမှုတွေထဲက ကောက်နှုတ်ထားတာဖြစ်ပါတယ်။ ဒေသတွင်း မြေပြင်အခြေအနေတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပြည်သူလူထုကြုံတွေ့နေရတဲ့ စိုးရိမ်ကြောင့်ကြနေမှုတွေကို မြင်တွေ့ရမှာပါ။

မေး။ ။ မင်္ဂလာပါ ။ ဆရာတို့ ရှားတောမြို့ နယ်ရဲ့ ဆက်ဆံရေးရုံးမှာ အခုလက်ရှိ ဘာလှုပ်ရှားမှုတွေ ရှိနေပါသလဲ။

ဖြေ။ ။ ကျနော်တို့ ဆက်ဆံရေးရုံးအနေနဲ့ လှုပ်ရှားမှုက အဓိက ငါးချက်ရှိတယ်။ တစ်ချက်ကတော့ နှစ်ဦးနှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှု ရန်ဘက် ပြန်လည်မဖြစ်အောင် ထိန်းသိမ်းဖို့ တာဝန်တစ်ခုရှိတယ်။ နောက်တစ်ခုက လူထုတွေရဲ့ ဝန်ဆောင်မှု။ ဝန်ဆောင်မှုဆိုတာက ဥပမာအားဖြင့် သူတို့ အိမ်လေးတစ်လုံး ဆောက်ချင်တယ်။ ပြင်ချင်တယ်။ စသဖြင့်ပေါ့။

အဲ့ဒါတွေကို သက်ဆိုင်ရာ KNPP နယ်မြေမှာ ရှိတဲ့ အဖွဲ့အစည်းကို ကျနော်တို့ ချိတ်ဆက်ပေးပါတယ်။ ဥပမာ ပျဉ်တစ်ချောင်းဆိုလည်း တစ်ချောင်း၊ နှစ်ချောင်းဆိုလည်း နှစ်ချောင်း။ စနစ်လေးကျအောင် သူနေတဲ့ ရပ်ကွက်၊ ရပ်ကွက်လူကြီးက မှန်ကန်ကြောင်း ထောက်ခံချက်နဲ့ သက်ဆိုင်ရာကို သွားပြီးတော့မှ လမ်းကြောင်းပေးတာ တစ်ချက်ရှိတယ်။

နောက်တစ်ခုကတော့ ကျနော်တို့ကNCA မထိုးသေးဘူး။ သို့သော် ဘာကြောင့် မထိုးရသလဲဆိုရင် ကျနော်တို့ မြေပြင်အခြေအနေနဲ့ NCA မှာပါတဲ့ အချက်အလက်နဲ့ကို သိပ်ပြီး သဟဇာတ မရှိသေးဘူး။ သိတဲ့အတိုင်း ဗိုလ်ချုပ်ကြေးရုပ် ကိစ္စ ပြသနာရှိတယ်။ မြေသိမ်း၊ ယာသိမ်း ပြသနာရှိတယ်။ အဲ့ဒါ ပွင့်လင်းမြင်သာမှု မရှိသေးတဲ့ အခြေအနေအပြင် ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတောင်မှ ပြန်လည်ပြီးတော့ တိုက်ခိုက်တာ ရှိတယ်။

နောက်ပြီး NCA မှာပါတဲ့ အချက်က သူတို့ တမျိုးနားလည်သလို ကျနော်တို့ တမျိုး နားလည်တယ် အဲ့ဒါတွေကို ကျနော်တို့ ထပ်ပြီး ညှိဖို့ လိုသေးတယ်။ နောက်တစ်ခုက ကျနော်တို့ ပြသနာ ပြန်မဖြစ်အောင် တပ်လှုပ်ရှားမှု ရှိမယ်။ ကျနော်တို့ တပ်ပိုင်းက လှုပ်ရှားမှု ရှိမယ်။ ဒါတွေကို ထိပ်တိုက် ထိတွေ့မှု မရှိအောင် အပြန်အလှန် သတိပေးတဲ့ လုပ်ငန်းတစ်ခု ရှိတယ်။ နောက်ဆုံးတစ်ခုက ခုနက ပြောသလို ကျနော်တို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ပြီဆိုရင် တိုင်တိုင်ပင်ပင်နဲ့ ဥပမာအားဖြင့် ကျန်းမာရေး ရှိမယ်ဗျား။ ပညာရေးရှိမယ်၊ အဆောက်အဦးတွေ၊ လမ်းတံတားတွေ ပြင်တာတွေ ရှိမယ် အဲ့ဒါကို ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ပြသနာ မဖြစ်အောင် ထိန်းသိမ်းမယ်ဆိုတဲ့ ကဏ္႑ကြီး ငါးခုချပြီး ဆောင်ရွက်နေပါတယ်။

မေး။ ။ ရှားတောက ဒေသခံတွေနဲ့ တွေ့ဆုံတဲ့အခါမှာ သူတို့ရဲ့ စိုးရိမ်စိတ်က ဘာလဲဆိုတော့ စစ်တပ်တွေပေါ့။ တခါတလေကျရင် လက်နက်တွေနဲ့ သွားလာတာတွေ ရှိတယ်။ ဆိုတော့ ဒီအပေါ်မှာ သူတို့က စိုးရိမ်ချက်တွေ ရှိတယ် ဆိုတော့ ဒီအပေါ်မှာ ဆရာ ဘာများပြောချင်ပါသလဲ။ ပြီးတော့ ဒေသခံလူထုတွေကိုရော ဘာများ ပြောချင်ပါသလဲရှင့်။

ဖြေ။ ။ ဒီရွာသားတွေရဲ့ စိုးရိမ်ချက်ကတော့ စိုးရိမ်စရာဖြစ်တယ်။ ကျနော်တို့လည်း အတန်တန်ပြောတယ်၊ သက်ဆိုင်ရာ တပ်ကို။ သွားပြီဟေ့ ဆိုရင် အရင်တုန်းက သဘောတူထားတဲ့အတိုင်း ကျနော်တို့ မသွားခင် နှစ်ရက်လား သုံးရက်လား ကြိုပြီး သတိပေးရမယ်ဆိုတာ ရှိတယ်။

အခုက တပ်က ကျနော်တို့ကို ရန်စတာလား ဘာလားတော့ မပြောတတ်ဘူး။ အသိမပေးဘဲ သွားတာရှိတယ်။ ကျနော်တို့ ကန့်သတ်တဲ့ နယ်မြေဆိုရင်လည်း ခိုးကြောင်ခိုးဝှက်နဲ့ သွားတယ်။ နောက်ပြီး လူ့အခွင့်အရေးဆိုတာလည်း အနည်းအကျဉ်း ချိုးဖောက်တာ ရှိတယ်။ လူထုကတော့ မတိုင်ရဲဘူး။ ဘာကြောင့်လဲဆို ပြသနာ ပြန်ဖြစ်သွားမှာစိုးလို့ သူတို့ မတိုင်ရဲဘူး။ စိုးရိမ်တာကတော့ အားလုံး စိုးရိမ်တယ်။ စိုးရိမ်တာကတော့ ကျနော်တို့ အခုပြောနေတဲ့ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဒါတွေက ကျနော်တို့အတွက် အဟန့်အတားတစ်ခုလည်း ဖြစ်စေတာပေါ့။

မေး။ ။ KNPP က NCA မထိုးထားသေးဘူး။ ဒါပေမဲ့ ထိုးထားပြီးသား တချို့သော လက်နက်ကိုင်ဒေသတွေမှာလည်း တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာတွေ ရှိတယ်။ ဆိုတော့ ဒီဘက်မှာကလည်း တခြားသော ပြည်နယ်တွေထက် ငြိမ်တယ်လို့ ပြောလို့ ရတဲ့အနေအထားမှာ ရှိနေသေးတယ်။ ဆိုတော့ ဆရာတို့ဘက်က ဒီလိုအခြေအနေကို ဘယ်လို ထိန်းသိမ်းလုပ်ဆောင်နေလဲ။ နှစ်ဖက် ထိပ်တိုက်တွေ့ဆုံမှုတွေ မဖြစ်အောင်။

ဖြေ။ ။ ဒီကိစ္စကျတော့ ဒီပြည်တွင်းစစ် နှစ် ၇၀ ကျော် ပြန်ပြီး သုံးသပ်ကြည့်မယ်ဆိုရင် ဘာအကျိုးရှိသလဲပေါ့။ တိုက်ခိုက်ကြတာတွေက ကျနော်တို့ လူတွေ သေမယ်။ မသေသည့်တိုင်အောင်လည်း ဆင်းရဲနွမ်းပါးတဲ့ ဘဝရောက်သွားတယ်။ ခြေကျိုးတယ်၊ လက်ပြတ်တယ်၊ မယုံသင်္ကာတဲ့ ကိစ္စတွေ ပေါ်လာတယ်။ ဖမ်းတယ်၊ ဆီးတယ်၊ချုပ်တယ်၊နှောင်တယ်။ အဲ့ဒီအကျိုးရလဒ်တွေပဲရှိတော့ ကျနော်တို့က ငြိမ်းချမး်ရေးကို တကယ်လိုလားတယ်။ ငြိမ်းချမ်းရေးကို တကယ်လိုလားလို့သာလျှင် ကျနော်တို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ သွားနေရတဲ့ အခြေအနေမှာ ရှိပါတယ်။

မေး။ ။ အခုရော NCA လမ်းကြောင်းပေါ်ကို ဆရာတို့ ဘယ်အထိ ရောက်နေပြီလဲ။ ပြီးတော့ ဒီပြည်နယ်ထဲမှာ ဖြစ်နေတဲ့ ကိစ္စရပ်တွေကကော NCA အတွက် ကောင်းကျိုး၊ ဆိုးကျိုးကို ဘယ်လောက်ထိ တွန်းအားပေးသလဲ ။

ဖြေ။ ။ကျနော်တို့ မြင်တဲ့အပေါ်မှာ လူထုကလည်း ပုဂိ္ဂုလ်စွဲလား မသိဘူး။ ဥပဒေကို နားမလည်ဘူး။ ၂၀၀၈ ဥပဒေ ပါရှိတဲ့ အချက်အလက်တွေကိုလည်း သူတို့ မလေ့လာဘူး။ မစူးစမ်းဘူး။ ဆိုတော့ ဒီအခြေအနေပေါ်မှာ ဒီမိုကရေစီဆိုတဲ့ အနှစ်သာရကို ဖော်ဆောင်ဖို့က အစိုးရမှာ တာဝန်ရှိတယ်လို့ပဲ နားလည်တယ်။

မေး။ ။ခုနက ဆရာပြောသွားတဲ့ ဒေသခံတွေ စိုးရိမ်တဲ့ သွားလာလှုပ်ရှားမှုတွေကို ရှေ့ဆက် ဘယ်လိုဆောင်ရွက်စေချင်လဲ။

ဖြေ။ ။ ကျနော်တို့ ဆွေးနွေးတယ်။ အခုလက်ရှိ ကျနော်တို့ ဗျုဟာမှူးနဲ့ ကျနော်တို့ သွားမိတ်ဆက်ရင်းနဲ့ အပြန်အလှန် ဒီပြသနာတွေ ဆက်ပြီးမဖြစ်ရေး ငြိမ်းချမ်းရေးကို တည်တည်ငြိမ်ငြိမ်နဲ့ ကျနော်တို့ စောင့်ထိန်းရေး ဆိုတဲ့ ကိစ္စတွေ ဆွေးနွေးဖြစ်ပါတယ်။ ကိုယ်က အထက်အမိန့်အရသာ လုပ်နေရတဲ့အတွက်ကြောင့်မို့လို့ တကယ်လို့များ ထိတွေ့မှုဖြစ်ရင် ကျနော်တို့ကတော့ ပြန်ခုခံရုံပဲရှိတာပေါ့။ အဲ့ဒီနေရာမှာ စဉ်းစားစရာဖြစ်လာတာက တကယ်ပဲ စစ်တပ်ရော အစိုးရရော ငြိမ်းချမ်းရေးကို တကယ်လိုလားသလား ဆိုတဲ့ မေးခွန်းက ကျနော်တို့ဆီမှာ ရှိနေသေးပါတယ်။

မေး။ ။ အရင်တုန်းကတော့ ဖြတ်လေးဖြတ်လို့ ခေါ်ကြတဲ့ ခေတ်ကာလမှာဆိုရင် ဒီရှားတောမှာက အများဆုံး ခံရတဲ့ ဒေသလို့ ပြောလို့ရနိုင်တာပေါ့။ ဆိုတော့ ဒီမြို့ ပေါ်မှာရှိတဲ့ စုစည်းရွာတွေ အများကြီး ရှိနေတယ်ဆိုတော့ သူတို့ ပြန်လည်ထူထောင်တဲ့အခါ ဖွံ့ဖြိုးမှုအပိုင်းမှာ အများကြီး လိုအပ်နေသေးတယ်။ ဆိုတော့ ဒီအပေါ်မှာ ဆရာတို့ဖက်ကရော သူတို့အတွက် ဘာတွေ ဆောင်ရွက်ပေးနေလဲ။ ပြီးတော့ အစိုးရဖက်ကရော သူတို့အတွက် ဘာတွေ လုပ်ပေးဖို့ လိုအပ်နေလဲ။

ဖြေ။ ။ အဓိကကတော့ သူတို့ စိတ်ထဲမှာ ကြောက်စိတ်ဆိုတာ မပျောက်သေးဘူး။ တစ်ခုခု ဖြစ်မှာကိုပဲ သူတို့ ပြန်ပြီး အတိတ်ကိုပဲ စဉ်းစားနေကြတဲ့အချိန်ဖြစ်တယ်။ တွေ့တဲ့သူလည်း ကျနော် စကားပြောဖြစ်တယ်။ အဲ့ဒီအခြေအနေမှာ ရှိသေးတယ်။ နောက်ပြီး မှီခိုရာ မဲ့တယ်။ အားကိုးရာမဲ့တဲ့ အခြေအနေကို သူတို့ ခံစားနေရတယ်။ ဒီအပေါ်မှာ ကျနော်တို့ ပွင့်ပွင့်လင်းလင်းဖြစ်မယ်ဆိုရင် တကယ်လို့များ အစိုးရက ကျနော်တို့နဲ့ နားလည်မှု၊ ယုံကြည်မှု တကယ်တည်ဆောက်မယ်ဆိုရင် သူတို့အတွက် ကျနော်တို့ ရှေ့ကပဲ စဉ်းစားပေးပါတယ်လို့။ သူတို့အနေနဲ့ဆိုရင် ခုနက ပြောသလို မှီခိုရာမဲ့တော့ ယုံကြည်ရာ၊ အားကိုးရာ မှုန်ဝါးဝါးကြီး ဖြစ်နေသေးတယ်။ ကျနော်တို့ လုပ်မယ်ဆိုရင်လည်း ဥပမာအားဖြင့် အစိုးရက သိသွားရင် ဟန့်တားတာတို့ ရှိနိုင်တယ်။

မေး။ ။ ဆရာ့ရဲ့ အမြင်မှာ ရှားတောမြို့နယ် ပိုပြီးတော့ ဖွံ့ဖြိုးဖို့ဆိုတာက အစိုးရလက်ထဲမှာ ရှိတယ်ပေါ့။ ဆိုတော့ အစိုးရက ဘာတွေကို အဓိက လုပ်ဆောင်ပေးဖို့ လိုအပ်လဲပေါ့။

ဖြေ။ ။ ဖွံ့ဖြိုးအောင် လုပ်ပေးစေချင်တယ်ဆိုရင် ခိုင်မာတဲ့ ဖွံ့ဖြိုးမှု စနစ်ဖြစ်ဖို့လိုတယ်။ အရည်အသွေး ပြည့်မှီတဲ့ ဖွံ့ဖြိုးရေးစနစ်လိုတယ်။ တစ်အချက်က လူထုနဲ့ တိုင်ပင်ရမယ်။ နောက်တစ်ချက်က ဖွံ့ဖြိုးရေး လုပ်ပြီဆိုကတည်းက အနည်းနဲ့အများ နစ်နာတဲ့ အပိုင်း ရှိတယ်။ ဆုံးရှုံးသွားတဲ့ အပိုင်းတွေရှိတယ်။ အဲ့ဒီအပေါ်မှာ ဘယ်လို နစ်နာကြေးပေးမလဲ။ ဆုံးရှုံးတဲ့သူတွေ လျော်ကြေးဆိုတာ ဘယ်လိုချမှတ်ပေးမလဲဆိုတဲ့ ပေါ်လစီကတော့ လိုတာပေါ့။ အခုက ကျနော်တို့ ကြည့်ရတာက သူတို့ လုပ်ချင်တာပဲ သိတယ်။

ဥပမာအားဖြင့် ဒီမြေတစ်ကွက် အများအတွက်နဲ့ အကျိုးပြုပြီဆိုရင် သုံးသီးစားလောက်ပဲ တန်ဖိုးဖြတ်ပြီးတော့မှ သူကြိုက်သလို လုပ်သွားတာတွေ ရှိတာပေါ့။ အဲ့ဒီအပေါ်မှာတော့ ကျနော်တို့အတွက် အစိုးရနဲ့တော့ ညှိဖို့တော့ လိုသေးတာပေါ့။

မေး ။ ။ နောက်တစ်ခုက ကျန်းမာရေးအခြေအနေပါ။ ဒေသခံတွေ အများစုက သူတို့ ဆေးရုံဖြစ်ဖြစ်၊ ဆေးခန်းဖြစ်ဖြစ် သွားတဲ့အခါမှာ ဆရာဝန်တွေ အဆင်သင့်မရှိတာတွေ၊ ဆေးဝါး မလုံလောက်တာတွေ ရှိတယ်ပေါ့ အဲ့လိုမျိုး အများစုက ပြောကြတယ်။ ဆိုတော့ ဒီအပေါ်မှာကော ဆရာတို့ ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော့်အမြင်ကတော့ အစိုးရကိုပဲ မေးမှ ပိုပြီးပြည့်စုံမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရက သူတို့ရဲ့ လုပ်ငန်းစီမံချက် အစီအစဉ်နဲ့သွားတော့ ကျနော်တို့ကတော့ အသေးစိတ်တော့ မပြောနိုင်ဘူး။ ဒါပေမယ့် ဖြစ်ကောင်းလည်း ဖြစ်နိုင်တယ်။ ဒီရှားတောဆိုတာကလည်း ဘယ်သူမှလည်း လာနေချင်တဲ့ ဒေသလည်း မဟုတ်တော့ တကယ်လို့များ လူထုအပေါ်မှာ စေသနာထားတဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်မယ်ဆိုရင် ဒါတွေက မဖြစ်သင့်တော့ဘူးလို့ပဲ မြင်ပါတယ်။

မေး။ ။ နောက်တစ်ခုက ၂၀၂၀ မှာ ရွေးကောက်ပွဲလည်း လာတော့မယ်။ ပြီးခဲ့တဲ့လ ၁၅ ရက်နေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ်ကို လာခဲ့တယ်။ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာ ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ အဓိကတော့ ငြိမ်းချမ်းရေး မျှမျှတတ နယ်မြေဒေသရဲ့ သမိုင်းကို အခြေခံပြီးတော့မှ လူထုက တင်ပြထားတဲ့ အချက်အလက်ကို နည်းနည်း နားထောင်ပေးဖို့ ဆန္ဒပြုတယ်။ နောက်ပြီးတော့ ကရင်နီဆိုတာကလည်း ရေပက်မဝင်တဲ့ အထောက်အထားရှိတယ်။ နောက်ပြီးတော့ ငါ လူကြီးဖြစ်ရင် ပြီးရောဆိုတဲ့ စိတ်မျိုး မထားဖို့လိုတယ်။ နိုင်ငံရေးသမားဆိုရင် လူတိုင်းက နိုင်ငံရေးသမားပဲ၊ နိုင်ငံရေးသားကောင်းပဲ၊ လူထုအတွက် ဝန်ဆောင်မှု ပေးတဲ့နေရာမှာ အနစ်နာခံပေးနိုင်တဲ့ အစိုးရ ဖြစ်လာဖို့ ဆန္ဒပြုချင်ပါတယ်။

မေး ။ ။ ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။

ဖြေ။ ။ ကျနော်တို့ ရှားတောက အစွန်အဖျားလည်း ဖြစ်တယ်။ နောက်ပြီးတော့ ပွင့်လင်းတဲ့ အုပ်ချုပ်မှု စနစ်လည်း မဟုတ်သေးဘူး။ စစ်ဆင်ရေးနယ်မြေလည်း ဖြစ်နေပါသေးတယ်။ အခုလိုမျိုး လာရောက်မေးမြန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူထုအတွက်လည်း အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

မေး။ ။ ကျေးဇူးတင်ပါတယ်ရှင့်။

မော်ဦးမြာ (Kantarawady Time)-တွေ့မေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here