၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို အားရကျေနပ်မှုမရှိကြောင်း မွန် ၂ ပါတီပြော

0
188
မွန်ပါတီများ အလုပ်ရုံဆွေးနွေးပွဲ(MNA)

လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် ပါဝင်ဆွေးနွေးမည့် အချက်များကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP တို့က အားရကျေနပ်မှု မရှိကြောင်း နှစ်ဖက်ပါတီတာဝန်ရှိသူများက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရေးမြို့တွင် ကျင်းပခဲ့သည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ၌ မွန်တိုင်းရင်းသား များသဘောတူထားသည့်အချက်များကို လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် မွန်တိုင်းရင်းသားများ တစ်သံတည်းပေါ်ထွက်လာစေရေးအတွက် မွန်ပြည်သစ်ပါတီ NMSP၊ မွန်ဒေ သလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့က ဇူလိုင်လ ၁ ရက်နေ့မှ ၂ ရက်နေ့ အထိ ရာမညဟိုတယ်တွင် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးအပြီး ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

“ဒီပင်လုံညီလာခံကို အားမရဘူးဆိုတာ အားလုံးလည်း သိပါတယ်။ ကျန်နေတဲ့အချက် ၁၂ ချက်ကိုလည်း သူတို့မဆွေးနွေးဘူး။ နောက်ပြီး ဖက်ဒရယ်မူဝါဒကိုလည်း သူတို့ မဆွေးနွေးဘူး။ သေးငယ်ဆုံးအချက်ဖြစ်တဲ့ ကျားမတန်းတူရေးတစ်ချက်ကိုပဲ ဆွေးနွေးမယ်။ အဲဒါကြောင့် အားမရဘူး။ ဒါကြောင့် ဒီလုပ်ငန်းစဉ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပြည့်အဝမဖြစ်သေးဘူး။ နောက်ပြီးတော့ ဖက်ဒရယ်မူနဲ့ ပတ်သက်ပြီး တပ်ပိုင်းဆိုင်ရာလည်း ရှိသေးတော့ အခက်အခဲရှိနေသေးတယ်”ဟု မွန်ဒေသလုံဆိုင်ရာ ဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်စံတင်က ပြောသည်။

မိမိတို့ ၃ ပါတီလုံးသည် ရေးမြို့တွင် ရရှိထားသည့် ဖက်ဒရယ်အခြေခံမူကို ကိုင်ဆွဲထားပြီးသားဖြစ်သောကြောင့် မွန်တိုင်းရင်းသားများသဘောတူထားသည့် ဖက်ဒရယ်အခြေခံမူပေါ်တွင် ရပ်တည်ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီတစ်ကြိမ်မှာ ၂၁ ပင်လုံညီလာခံ တက်ရတာ စိတ်အားထက်သန်မှု မရှိဘူး။ ပျော်လည်း မပျော်ဘူး။ အားလည်း မရဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုအတွက် ဘယ်လိုမူတွေကို အခြေခံရမလဲ၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွက် ဘယ်လိုအချက်တွေနဲ့အခြေခံမလဲ၊ ဒါတွေက အရေးကြီးတဲ့အတွက် ဆွေးနွေးသင့်တယ်”ဟု မွန်အမျိုးသားပါတီ အထွေအထွအတွင်းရေးမှူး နိုင်လယီတမက ပြောသည်။

လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် နိုင်ငံရေးကဏ္ဍ၌ ကျားမတန်တူရေးတစ်ချက်ကိုသာ ဆွေးနွေးရန် UPDJC က ချမှတ်သဖြင့် တိုင်းရင်းသားအရေး၊ ဒီမိုကရေစီအရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စရပ်များပါဝင်သည့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် အရေးကြီးသည့်အချက်များကို ဆွေးနွေးနိုင်ခြင်းမရှိသည်မှာ လုံဝမဖြစ်သင့်ကြောင်း ၎င်းက ဆိုသည်။

ညီလာခံတွင် မွန်ပြည်သစ်ပါတီအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွင်၄င်း၊ မွန် ၂ ပါတီက နိုင်ငံရေးပါတီအစုအဖွဲ့တွင်၄င်း ပါဝင်သွားမည်ဖြစ်သည့်အတွက် ရပ်တည်ချက်တစ်ခုတည်းဖြစ်စေရေးအတွက် နေပြည်တော်ရောက်ရှိသည့်အခါ မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီတို့ ဆက်လက်ဆွေးနွေးကြမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောသည်။

“ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးပြဿနာတစ်ဆို့နေတာ နှစ် ၇၀ ရှိနေပြီ၊ ကျွန်တော်တို့ မြန်နေရင်လည်း လွတ်သွားမှာကို စိုးရိမ်ရတယ်၊ နှေးနေရင်လည်း ခရီးမရောက်မှာကို စိုးရိမ်ရပြန်တယ်၊ ဒီနှစ်ခုကြားမှာ ချိန်ပြီးသွားနေရတယ်၊ ဦးဆောင်နေတဲ့သူတွေကလည်း ကျွန်တော်တို့ဆီမှာပဲ ရှိနေပါတယ်” ဟု နိုင်အောင်မငေးက ဆိုသည်။

မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပြီးခဲ့သည့် မေလအတွင်းက ရေးမြို့တွင်ကျင်းပခဲ့ရာတွင် ကဏ္ဍကြီး ၅ ရပ်အတွက် အချက် ၇၁ ချက်စုစည်းနိုင်ခဲ့ပြီး ပြည်သူများအနေဖြင့် ထပ်မံအကြံပြုလိုပါက နီးစပ်ရာ မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ၊ မွန်အရပ်ဖက်အဖွဲ့အစည်းနှင့် တတ်သိပညာရှင်အဖွဲ့ထံ အကြံပြုနိုင်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here