မြဝတီမြို့နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့၏ ဂိမ်းနှင့် လောင်းကစားရုံအချို့အား ယခုလကုန်အတွင်း ဖယ်ရှားရန် ကရင်ပြည်နယ်အစိုးရ အကြောင်းကြား

0
384

အောက်တိုဘာ ၂၈ရက်၊ ၂၀၂ဝပြည့်နှစ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ လက်နက်ကိုင် အဖွဲ့နှစ်ခု၏ တပ်ဖွဲ့ဝင်များ ဖွင့်လှစ်ထားသော ဂိမ်း ဆိုင်များနှင့် လောင်းကစားရုံအချို့ကို ယခု အောက်တိုင်ဘာလကုန်အတွင်း အပြီးဖျက်သိမ်းပေးရန် ပြည်နယ် အစိုးရကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ အောက်တိုဘာလ ၂၀ရက်စွဲဖြင့် ကန့်ကွက်အကြောင်း ကြားစာ ပေးပို့ခဲ့ကြောင်းသိရသည်။

အဆိုပါ ဂိမ်းရုံများနှင့် လောင်းကစားရုံများကို သစ်တောမြေဧရိယာပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ကျူးကျော် ဆောက်လုပ်ထားခြင်းဖြစ်သောကြောင့် ယခုလကုန်အတွင်း အပြီး ဖျက်သိမ်းရန် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်မှ လက်မှတ်ရေးထိုး သတိပေးတားမြစ်ကန့်ကွက်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဂိမ်းနှင့် လောင်းကစားရုံများမှာ မြဝတီမြို့နယ်၊ ဖလူးကျေးရွာအုပ်စု၊ ကျောက်ခတ်ကျေးရွာ၊ ကျောက် ခတ်ကြိုးဝိုင်း အကွက်အမှတ်(၃၁) နေရာရှိ သစ်တောမြေဧရိယာ (၃.၀၀)ဧက ပေါ်၌ ကလောထူးဘောတပ်ဖွဲ့ (KKO)မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ စိုင်းကျော်လှသည် ခွင့်ပြုချက်မရှိဘဲ CHONGKHAEB GRADEN RESORT အမည်ဖြင့် ကာစီနိုရုံ ဖွင့်လှစ်ထားကြောင်း ကန့်ကွက်အကြောင်းကြားစာ၌ ဖော်ပြထားသည်။

KKO အနေဖြင့် NCA သဘောတူ စာချုပ်ပါအတိုင်း အလေးထားလိုက်နာဆောင်ရွက်ရန် အဆိုပါ ကာစီနိုရုံကို ယခုလကုန်တွင် အပြီးဖျက်သိမ်းပြီး တရားမဝင် လုပ်ငန်းဆောင်ရွက်သူများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ အပ်နှံသွားရန် ပြည်နယ်အစိုးရ၏ ကန့်ကွက်စာ၌ ဆက်လက်ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)မှ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ညှိနှိုင်းဆောင်ရွက်ဖြေရှင်းလိုက်ပြီးဖြစ်ကြောင်းနှင့် အဆိုပါ မြေများမှ သစ်တောမြေများမဟုတ်ဘဲ ဒေသခံ ကျေးရွာသားများနေထိုင်နေသည့်မြေများသာဖြစ်ကြောင်း ပြောသည်။

DKBA ဒု-စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောစတီးက “ အဲ့ကိစ္စကို စစ်ဦးစီးချုပ် (ဗိုလ်ချုပ်ကြီး စောမိုရှေး) ဖြေရှင်းလို့ ပြီးပြီး။ ကျောက်ခတ်ဒေသကို သစ်တောမြေကွက်လို့ သတ်မှတ်ထားပေမဲ့ အမှန်က ပြည်ထဲရေး ပေါက်သင့်ပြီး။ အဲ့မှာ နေအိမ် တစ်ရာကျော် နှစ်ရာလောက်ရှိနေပြီး။ ဒါက အုပ်ချုပ်ရေးပိုင်းက လိုတာပါ။ ကျေးရွာအုပ်စုမှူးတွေ လိုတာ။ ပြည်ထဲရေးကို မတင်တော့ ပြည်ထဲရေးမှာမပေါက်တော့ ကျေးရွာမြေလို့ မပြော ဘဲ သစ်တောမြေလို့ပဲ ပြောပြောနေတာပေါ့။” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ကာစီနို ကိစ္စနှင့်ပတ်သက်၍လည်း တစ်နိုင်ငံလုံးရှိ ကာစီနိုများမှာ တရားဝင်မှု တစ်ခုမှမရှိဘဲ နား လည်မှုဖြင့်သာ ပြုလုပ်နေကြကြောင်းနှင့် လက်ရှိတွင်လည်း အဆိုပါ ကျောက်ခတ်ရှိ ကာစီနိုရုံကြီးများကို ယခင်လများက အကုန်ဖျက်သိမ်းလိုက်ပြီး ဖြစ်ကြောင်း၊ အသေးစာ ဂိမ်းဆိုင်များသာ ကျန်ရှိပြီး ယခုကိစ္စ တွင်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကိုယ်တိုင်လာရောက်ကြည့်ရှု့ပြီး ဓါတ်ပုံများ ရိုက်ယူသွားပြီး ဖြစ်ကြောင်းလည်း ဒု ဗိုလ်ချုပ်ကြီး စောစတီးက ဆက်ပြောသည်။

အလားတူ မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်၊ တောင်မြဝတီ ကြိုးဝိုင်းအတွင်းရှိ သစ်တော မြေဧရိယာများ အတွင်း နယ်ခြားစောင့်တပ်၊ တပ်နယ်(၄)မှ ဗိုလ်အဆင့်ရှိသူ ချင်းလုံသည် မြေဧရိယာ (၀.၅) ဧကပေါ်၌ သစ္စာမဂ္ဂင်အမည်ဖြင့် ဂိမ်းရုံးဖွင့်လှစ်ထားကြောင်း၊ နယ်ခြားစောင့်တပ် တပ်နယ်(၄)မှ တပ်ကြပ်ကြီး အဆင့်ရှိ မောင်ငယ်သည် မြေဧရိယာ (၁.၀၀)ဧကပေါ်၌ LUCKY 888အမည်ဖြင့် ကာစီနိုဖွင့်လှစ်ထားကြောင်း နှင့် နယ်ခြားစောင့်တပ်၊တပ်နယ် (၂)မှ ဗိုလ်အဆင့်ရှိ ဇော်ထွန်းသည် မြေဧရိယာ(၅.၀၀) ဧကပေါ်၌ UK အမည် ဖြင့် ကာစီနိုရုံများကို ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားကြောင်း နယ်လုံဝန်ကြီး၏ အောက်တိုဘာလ ၂၀ရက်နေ့စွဲ ဖြင့် ကန့်ကွက်အကြောင်းကြားခဲ့သည်။

ထိုသို့ လုပ်ဆောင်နေခြင်းအပေါ် နယ်ခြားစောင့်တပ်အနေဖြင့် အဆိုပါ ဂိမ်းရုံနှင့် ကာစီနိုရုံများကို ယခုလ ကုန်တွင် အပြီးဖျက်သိမ်းသွားရန်နှင့် တရားမဝင် လုပ်ငန်းဆောင်ရွက်သူများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ အပ်နှံသွားရန်လည်း အလားတူ ကန့်ကွက်အကြောင်း ကြားထားသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ နယ်ခြားစောင့်တပ်တာဝန်ရှိသူများကို ကေအိုင်စီမှ ကြိုးစား ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်နိုင်ခြင်းမရှိသေးပေ။

အလားတူ မြဝတီမြို့နယ်အတွင်းရှိ တရားမဝင် ဖွင့်လှစ်ထားသည့် ကာစီနို (Casino) လောင်းကစားရုံ (၂၇) ရုံနှင့် ဂိမ်း (Game) ဆိုင်(၂၇) ဆိုင်ကို ပြီးခဲ့သည့် မေလ ၂၆ရက်နေ့က ပြည်နယ်အစိုးရ၏ ညွန်ကြားချက် ဖြင့် မြဝတီခရိုင် ရဲတပ်ဖွဲ့က ဦးဆောင်သည့် တားဆီးကြပ်မတ် ထိန်းသိမ်းရေး အဖွဲ့မှ စစ်ဆေးအရေးယူမှုများ ပြုလုပ် မည်ဖြစ်ကြောင်းသတင်းထွက်ပေါ်ခဲ့ဖူးသည်။

လက်ရှိတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ နယ်စပ် သောင်ရင်းမြစ်ကမ်းနဖူးပေါ်၌ လက်နက်ကိုင်အဖွဲ့ အစည်း များနှင့် ဆက်စပ်ဖွင့်လှစ်ထားသည့် ကာစီနို လောင်းကစားရုံများနှင့် လောင်းကစား ဂိမ်းဆိုင်များ စွာရှိသလို လတ်တလော နာမည် ထွက်ပေါ်နေသည့် ရွှေကုက္ကိုမြို့သစ်စီမံကိန်းနေရာတွင်လည်း လောင်းကစား ရုံများ၊ အွန်လိုင်းဂိမ်းများစွာရှိသည်ဟု မြဝတီ ဒေသခံများက ပြောသည်။

လက်ရှိ မြန်မာနိုင်တွင် နိုင်ငံခြားသားများသာ ကစားခွင့်ပြုသည့် ကာစီနို လောင်းကစားရုံ တရားဝင် ဖွင့်လှစ်ခွင့် ဥပဒေကို ပြီးခဲ့သည့်နှစ် ၂၀၁၉ ခုနှစ် မေလလောက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းထားပြီး ဖြစ်သည်။

စအိုင်ဆူး (KIC) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here