ရွှေမြစန္ဒီအိမ်ယာစီမံကိန်းအငြင်းပွားမှုအတွက် ဒေသခံဘက်မှ ကူညီဦးဆောင်သူ နော်အုန်းလှအပါအဝင် ၄ဦး ထောင်တစ်လစီ ချမှတ်

0
172

ဖေဖော်ဝါရီ ၁၈ရက်၊ ၂၀၂၀ခုနှစ်။

ရွှေမြစန္ဒီအိမ်ယာစီမံကိန်း အငြင်းပွားမှုတွင် ဒေသခံဘက်မှ ပါဝင် ကူညီပေးသူ နော်အုန်းလှအပါအဝင် စီမံကိန်းကို ဆန့်ကျင်ဦးဆောင်သူ ၃ဦးကို ယနေ့ ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် မြဝတီမြို့နယ် တရားရုံးမှ ထောင်ဒဏ်တစ်လစီ ချမှတ်လိုက်ကြောင်းသိရသည်။

ပြီးခဲ့သည့် နှစ် ၂၀၁၉ခုနှစ် ဧပြီလ ၂၁ရက်နေ့က စီမံကိန်း မဖျက်သိမ်းရေးအတွက် ဆန္ဒဖော်ထုတ်ပွဲအပြီး နော်အုန်းလှ အပါအဝင် ဦးဆောင်သူ(၄)ဦးကို မြဝတီမြို့မ ရဲစခန်းမှ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့် လည်ခြင်း ဥပဒေပုဒ်မ (၁၉/၂၀)ဖြင့် တရားစွဲဆိုထားရာမှ ရုံးချိန်း ၂၄ချိန်အပြီးယခုလို ပြစ်ဒဏ်ချမှတ် လိုက်ခြင်း ဖြစ်သည်ဟု ကရင်အမျိုးသမီးအစည်းအရုံး-KWU၏ ဒု-ဥက္ကဌ နော်လားရှီးထူးက ပြောသည်။

၎င်းက “သူ့ကို ပုဒ်မ ၁၉/၂၀ နဲ့ ပြစ်ဒဏ်ချမှတ်လိုက်တာ။ သူ့ကို တောင်ကလေး ထောင်မှာသွားထားလိမ့်မယ်။ တစ်လကျမှာပေါ့။ သူအပါအဝင် တခြား ဦးဆောင်တဲ့သူ (၃)ဦး အားလုံးပေါင်း ၄ဦးပါ ပါတယ်။ သူတို့ကိုလည်း ငြိမ်းစုစီ နဲ့ တရားစွဲခံထားရတဲ့သူတွေဖြစ်တယ်”ဟု ကေအိုင်စီ သို့ပြောသည်။

နော်အုန်းလှသည် ၎င်းစီမံကိန်းမဖျက်သိမ်းရေးအတွက် ဆန္ဒဖော်ထုတ်ရာတွင် ကိုယ်တိုင် ဝင်ရောက် ပါဝင်ခဲ့ ခြင်းမဟုတ်ပဲ ဒေသခံများ၏ အကူအညီတောင်းခံမှုအရ ဆန္ဒဖော်ထုတ်မှုအတွက် သွားရောက်ပြော ဆို ဝန်းရံကူညီပေးခြင်းသာဖြစ်ပြီး ယခုလို တရားစွဲပြစ်ဒဏ်ချမှတ်ခြင်းသည် မှန်ကန်သည့် နည်းလမ်းမဟုတ်ပဲ အနိုင်ကျင့် သည့်လုပ်ရပ်မျိုးသာဖြစ်ကြောင်းလည်း နော်လားရှီးထူးက ဆက်ပြောသည်။

ယနေ့တွင် နော်အုန်းလှအပါအဝင် ယခင်ဆန္ဒပြ ဦးဆောင်သူများဖြစ်သည့် ဦးမောင်ဦး၊ ဦးငယ်(ခ)ဦးဆန်းလှိုင်၊ ဒေါ်စန္ဒာမြင့် တို့ကိုလည်း ပြစ်ဒဏ်တစ်လစီချမှတ်ခဲ့ပြီး ၎င်းတို့ကို မြဝတီမြို့နယ်ရဲမှူး၊ ရဲမှူး ကျော်သူရည်မှ ငြိမ်းစုစီ ဥပဒေ ပုဒ်မ(၁၉/၂၀)ဖြင့် ဧပြီလ ၂၃ရက်နေ့က တရားလိုပြု တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယနေ့ပြုလုပ်သည့် တရာစီရင်မှုအပြီး မြို့နယ် တရားရုံးရှေ့တွင် နော်အုန်းလှအနေဖြင့် မီဒီယာများနှင့် အင်တာဗျူး ဖြေဆိုပြောကြားနေစဉ် တာဝန်ရှိသူရဲများမှ ပြောဆိုမှုကိုရပ်တန့်စေခဲ့ရာမှ အခြေအတင် စကားများမှုများလည်းဖြစ်ခဲ့ကြောင်းလည်းသိရသည်။

(DKBA)မှ ဗိုလ်ညီညီ ဆိုသူက ရွှေမြစန္ဒီ အိမ်ယာစီမံကိန်းအကြောင်းပြချက်ဖြင့် မြေကွက်များကို အကွက်ချ ရောင်းစားခဲ့ခြင်းအပေါ် တာဝန်ရှိသူများ ဖြေရှင်းပေးရန် တောင်းဆိုမှုနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရ နှင့် လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးသဘောတူချက်များအရ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အတွင်းမဲကနယ် ကျေးရွာအနီးရှိ လူမနေသည့် ယာယီတဲအိမ်ကလေးများကို ယခင်နှစ် ဖေဖော်ဝါရီလ ၂၂ရက် နေ့က စတင်ဖယ်ရှားရှင်းမှုများပြုလုပ်ခဲ့သည်။

အဆိုပါ စီမံကိန်းသည် ဥပဒေနှင့် ကိုက်ညီခြင်းမရှိသည့်အတွက် တားဆီးအရေးယူမှုများ ပြုလုပ်ရန် ကရင်ပြည် နယ်အစိုးရမှ မြဝတီဌာန ဆိုင်ရာများနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများကို ညွန်ကြားထားမှုများရှိသလို အိမ်ရာများ တွင် နေထိုင်နေသူများအနေဖြင့် ပြောင်းရွှေ့ပေးကြရန် ဧပြီလ ၄ရက်နေ့တွင် သစ်တောဦးစီးဌာနက အကြောင်း ကြား စာထုတ်ပြန်ထားမှုကို ကျေနပ်မှု မရှိခြင်းကြောင့် စီမံကိန်းမြေတွင် မြေနေရာကို ငွေပေးဝယ် ယူထား သူများက လူအင်အား ထောင်နှင့်ချီ၍ ယမန်နှစ် ဧပြီလ ၂၁ရက်နေ့က မြဝတီမြို့ထဲတွင် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ ကြသည်။

စအိုင်ဆူး(KIC) – ရေးသည် ။

LEAVE A REPLY

Please enter your comment!
Please enter your name here