29 March 2024 /

See today's Peace Related News

ရခိုင် တက္ကသိုလ် ကျောင်းသား၊ လူငယ်များ၏ ငြိမ်းချမ်းရေးစကားသံ

၁၉ ဖေဖော်ဝါရီ ၂၀၂၀

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ကြာမြင့် နေပြီဖြစ်ပြီး ပြည်သူများ ထိခိုက်နစ်နာမှုများရှိနေသည်။ ယင်းထိခိုက်မှုအထဲတွင် ကျောင်းသားတို့၏ ပညာရေးလည်း နစ်နာမှုများရှိနေကြောင်း တက္ကသိုလ်ကျောင်းသားများက ဆိုသည်။

ထို့ကြောင် ရခိုင်အပါဝင် မြန်မာတစ်နိုင်ငံလုံ အထူးသဖြင့်တိုင်းရင်းသားဒေသများအတွင်းဖြစ်ပွားနေသော တိုက်ပွဲကို အမြန်ဆုံးရပ်စဲပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် ဆွေးနွေးရန် ပြည်သူများလို လားနေကြသည်။

ရခိုင်တက္ကသိုလ် ကျောင်းသား၊လူငယ်များ၏ ငြိမ်းချမ်းရေး စကားသံများကို DMG သတင်းထောက်လည်းဖြစ် Myanmar Peace Monitor ရဲ့ မြေပြင်သတင်းသမားလည်းဖြစ်တဲ့ ခိုင်ရိုးလက စုစည်း တင်ဆက်ထားပါသည်။


မထက်ထက်ဝင်း (နောက်ဆုံးနှစ် ဓါတုဗေဒ-စစ်တွေတက္ကသိုလ်)

“ ငြိမ်းချမ်းရေးဟာ ရခိုင်ပြည်နယ် အတွက်မဟုတ်ဘူး။ မြန်မာနိုင်ငံတခုလုံးအတွက် လိုအပ်တယ်။ ဒါပေမယ့်လည်း ရခိုင်မှာက (စစ်ပွဲ) အကြီးအကျယ်ဖြစ်နေတယ်။ စစ်ဘေးရှောင်တွေလည်း များလာတယ်ဆိုတော့ ဒါတွေကို မလိုချင်ဘူးပေါ့။ ဒါကြောင့် စစ်ပွဲကိုတားပြီးတော့ ငြိမ်းချမ်းရေးလိုချင်ပါတယ်။ ဘာကြောင့် ငြိမ်းချမ်းရေးလိုချင်လဲဆိုရင် ရခိုင်ပြည်နယ်က နဂိုကတည်းက သယံဇာတတွေထွက်ပေမယ့်လည်း သိပ်ပြီးတော့ မတိုးတက်ဘူးဖြစ်နေတယ်။ လူငယ်တွေဆိုရင်လည်း တော်ကြပေမယ့် ပံ့ပိုးမှုမရှိတော့ တိုးတက်မှုမရှိဘူး။ အဲဒီမှာတစ်ခါ စစ်ပွဲတွေဖြစ်နေတော့ လူငယ်တွေအတွက် အရမ်းနစ်နာပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးရမှပဲ တစ်မျိုးတစ်ဖုံပြောင်းသွားမယ်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးကို အရမ်းကိုလိုလားပါတယ်။ လိုအပ်ပါတယ်။”


ကိုနိုင်နိုင်ထွန်း (လူငယ်)

“ ကျွန်တော်တို့နိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်တာ နှစ်ပေါင်း ၇၀ ကျော်ပြီ။ ဘယ်အချိန်ကမှလည်း မငြိမ်းချမ်းခဲ့ဘူး။ ငြိမ်းချမ်းရေးဖော်ဆောင်လို့လည်း မရရှိသေးဘူး။ ပုံစံအမျိုးနဲ့ ဖော်ဆောင်နေကြတာပေါ့။ ငြိမ်းချမ်းရေးက ဘယ်လောက်ထိအရေးပါလဲဆိုလို့ရှိရင် ရခိုင်ပြည်မှာဖြစ်တဲ့ ပြည်တွင်းစစ်မှာဆိုလို့ရှိရင် ပြည်သူတွေအများပြားနစ်နာတယ်။ ဆိုတော့ အဓိက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းြဖစ်တဲ့ ပညာရေးတော်တော်နစ်နာမှုရှိတယ်။ အခုဆိုလို့ရှိရင် ကလေးတွေအတွက်ရော၊ ကျွန်တော်တို့လူငယ်တွေအတွက်ရော ပညာရေးအခွင့်လမ်းတွေ တော်တော်ဆုံးရှုံးတယ်။ အရင်တုန်က သိပ်ပြီးတော့မရှိခဲ့ဘူးပေါ့နော်။ ဒါက ရခိုင်တစ်ပြည်လုံးမဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ကိစ္စ။ အခုဆိုရင် ဒီလိုမျိုး စစ်ရေးပဋိပက္ခတွေဖြစ်လာတာနဲ့ အမျှပိုပြီးတော့မှ နစ်နာလာတယ်လို့ပြောရမှာပေါ့။ ဒီ်လိုမျိုးရခိုင်ပြည်မှာ ဖြစ်နေတဲ့ ပြသနာတွေဆိုရင် ဒီလိုမျိုးကချင်ပြည်နယ်မှာ ဖြစ်နေခဲ့တာနှစ်တွေတော်တော်ကြာခဲ့ပြီ။ အရင်တုန်းကတော့ ထဲထဲဝင်ဝင်မသိခဲ့ဘူးပေါ့။ အခုရခိုင်ပြည်မှာဖြစ်လာတော့ ဒါကြောင့်ဒီလိုဖြစ်တယ်ဆိုတာကို ပိုပြီးတော့မှ နားလည်လာတယ်။ သူတို့တွေဘယ်လောက်ထိ ခံစားခဲ့ရတယ်ဆိုတာကို သိလာတယ်ပေါ့။ ဒါကြောင့် ဒီငြိမ်းချမ်းရေးက ဘယ်လောက်ထိအရေးပါလဲဆိုတာကို သိလာတယ်။ ငြိမ်းချမ်းရေးမရဘူးဆိုရင် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။”


မကြည်ကြည်စိုး (သမိုင်း ဒုတိယနှစ် စစ်တွေတက္ကသိုလ်)

“ ရခိုင်ပြည်နယ်က မြန်မာနိုင်ငံ၊ တစ်ကမ္ဘာလုံးမှာလည်းအဆင်းရဲဆုံးေပါ့နော်။ မြန်မာနိုင်ငံထဲမှာလည်း အဆင်းရဲဆုံးစာရင်းထဲမှာပါတယ်။ ပညာရေး၊ စီးပွားရေးကအစနိမ့်ကျတဲ့အထဲမှာလည်းပါတယ်။ အဲလောက်နိမ့်ကျနေတဲ့အထဲမှာ ပဋိပက္ခဖြစ်နေတယ်ဆိုတော့ စီးပွားရေးတွေ ပညာရေးတွေထိခိုက်ခံရပါတယ်။ ကလေးနှစ်ယောက်ပြသနာဖြစ်နေရင်တောင် တော်ပြီးမင်းတို့နှစ်ယောက်လုံး ဒီဟာတစ်ခုလုပ်လိုက်ကြဆိုပြီး သဘောတူညီမှုရသွားပြီဆိုရင် ငြိမ်းချမ်းရေးဖြစ်သွားတယ်ပေါ့။ ပြသနာမဖြစ်တော့ဘူး။ ရန်မဖြစ်တော့ဘူး။ အခုလည်း ပြသနာဖြစ်နေတယ်ဆိုတာ တစ်ဖက်ကလိုနေတဲ့ ဆန္ဒကို တစ်ဘက်က တစ်ဘက်က မဖြည့်ပေးနိုင်လို့ ပြသနာဖြစ်ကြရတယ်။ သူတို့အချင်းချင်း ညှိနှိုင်းလို့မရဘူးဖြစ်နေတယ်။ အဲဒီအထဲမှာ အဓိက ဘာကြောင့်ဖြစ်နေရတယ်ဆိုတဲ့အကြောင်းကို တစ်ဘက်နဲ့ တစ်ဘက် ဆန္ဒတွေတူညီမှုရသွားမယ် ဆိုရင်တော့ ငြိမ်းချမ်းရေးရသွားမယ်ထင်ပါတယ်။ ”


မအေးငြိမ်းဇင် (အင်္ဂလိပ်စာ တတိယနှစ် ကျောင်းသူ)

“ ရခိုင်ဒေသမှာ ငြိမ်းချမ်းရေးက တကယ်အရေးကြီးပါတယ်။ လူတွေက ငြိမ်းချမ်းရေးလို့ပြောပြီးတော့ ငြိမ်းချမ်းရေးစကားဝိုင်းတွေလည်း အများကြီးလုပ်နေကြပါတယ်။ ထိထိမိမိသိပ်မရှိသေးပါဘူး။ အမှန်တကယ်တည်းတော့ ကိုယ်လိိုချင်တာကိုရရင် ငြိမ်းချမ်းရေးပေါ့။ လူတိုင်းမှာ ထမင်းငတ်နေတဲ့အိမ်မှာ သူတို့ကို စိန်လက်စွပ်ယူမလားလို့ပြောရင် သူတို့ဆီမှာ စိန်လက်စွပ်ဝယ်မယ့်နေရာ၊ ဘယ်လိုအသုံးချရမလဲဆိုတာကို သူတို့မသိကြတော့ မလိုဘူး။ သူတို့ကို ဆန်ပေးလိုက် ထမင်းပေးလိုက်ရင် သူတို့အတွက် ငြိမ်းချမ်းရေးရသွားမယ်။ ဒါကြောင့် လိုချင်တာကိုပေးရင် ငြိမ်းချမ်းရေးဖြစ်မယ်လို့ ကျမကထင်ပါတယ်။ အခုလို ပဋိပက္ခတွေဖြစ်နေတဲ့အတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပဋိပက္ခတွေမရှိဘဲနဲ့ ကလေးတွေရဲ့ ပညာရေးနဲ့ perfect ဖြစ်တဲ့ ရခိုင်ပြည်နယ်ဖြစ်ချင်ပါတယ်။ ”


မခင်မိုးစံ (လူငယ်အမျိုးသမီး)

“ငြိမ်းချမ်းရေးဟာ လူသားတိုင်းအတွက် အရေးပါပါတယ်။ အခုရခိုင်ပြည်နယ်မှာဆိုလို့ရှိရင် စစ်ပွဲတွေဖြစ်နေတာကြောင့် စီးပွားရေးတွေ၊ ယဉ်ကျေးမှုအမွေနှစ်တွေလည်း ဆုံးရှုံးတယ်။ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေ၊ ကလေးတွေရဲ့ပညာသင်ကြားမှုတွေလည်း ဆုံးရှုံးမှုရှိနေတယ်။ ဒါတွေဖြစ်နေတာလည်း ငြိမ်းချမ်းမှုမရှိလို့ဖြစ်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးက အရေးပါတယ်လို့ထင်ပါတယ်။ ကျွန်မတို့မှာ အခုဖြစ်နေတာက ပြည်တွင်းစစ်ဖြစ်နေတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဘယ်လိုလုပ်ရမယ်ဆိုတာကို နိုင်ငံတော်က တာဝန်ရှိတွေစဉ်းစားရမှာဖြစ်တယ်။ ကျွန်မတို့ပြည်သူလူထုတွေကလည်း ငြိမ်းချမ်းရေးအတွက် စစ်ပွဲတွေဘာကြောင့်ဖြစ်နေတာလဲ။ စစ်ပွဲတွေ ဘယ်လိုရပ်တန့်လို့ရမလဲ ဆိုတာကို အဖြေရှာ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ”


ကိုကျော်နိုင်ဌေး (လူငယ်)

“ ငြိမ်းချမ်းမှသာလျှင် ဒီဖွံ့ဖြိုးရေးပိုင်းကိုသွားလို့ရမှာဖြစ်တယ်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစတဲ့ကိစ္စတွေပေါ့နော်။ ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းမှ ဖော်ဆောင်လို့ရမယ့် အရာတွေဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးက ပိုပြီးအရေးကြီးတာပေါ့။ တစ်ဆက်တည်းမှာပဲ ငြိမ်းချမ်းမှုမရှိပဲ ဘာကြောင့်ပဋိပက္ခတွေဖြစ်လာရတာလဲဆိုတဲ့ အရင်းအမြစ်ကို ကျွန်တော်တို့က ဖြေရှင်းဖို့လိုအပ်တယ်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးနဲ့ ဆက်နွယ်နေတယ်။ ”

ခိုင်ရိုးလ (DMG)- တွေ့ဆုံ စုစည်းမေးမြန်းသည်။