ပလက်၀မြို့နယ် အောက်မီးလက်ဝကျေးရွာတွင် လက်နက်ကြီးကျ ၊ ၆ တန်းကျောင်းသားတစ်ဦး ဒဏ်ရာရ

0
291
ပလက်၀မြို့ တဖက်ကမ်းရှိ အောက်မီးလက်၀ကျေးရွာ မြင်ကွင်း

၂၀ ဖေဖော်ဝါရီ ၂၀၂၀

ချင်းပြည်နယ် ပလက်၀မြို့ တဖက်ကမ်းရှိ အောက်မီးလက်၀ကျေးရွာတွင် ယခုလ ၁၈ ရက် ၊ ည (၈) နာရီကျော်က လက်နက်ကြီးကျည်ဆံကျရောက် ပေါက်ကွဲမှုကြောင့် အသက် (၁၄) နှစ်အရွယ် ခြောက်တန်း ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရရှိပြီး ပလက်၀မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရလျက်ရှိသည်။

လက်နက်ကြီးကျည်ထိမှန်သူမှာ ၎င်းကျေးရွာနေ ဦးဟွေ့ဟော၏သား မောင်ကျော်ဌေးဦးဖြစ်ကာ ည (၈) နာရီကျော်ကျော်လောက်တွင် နေအိမ်အတွင်းနေနေစဉ် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ဦးခေါင်းထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ပလက်၀ဒေသခံတစ်ဦးက ပြောသည်။

“ည (၈) နာရီကျော်ကျော်လောက်ကဖြစ်တာ၊ ရွာထဲမှာလက်နက်ကြီးကျည်ကျလာတာလို့ ပြောတယ်၊ တခြားလူတွေတော့ ဒဏ်ရာမရဘူး၊ အခုဆေးရုံမှာ ကုသမှုခံယူနေတယ်၊ သူတို့မှာလည်း စား၀တ်နေရေးအဆင်ပြေတာမဟုတ်ဘူး၊ ဆေးဖိုးဝါးခတွေလိုအပ်လိမ့်မယ်၊ လူမှုကွန်ယက်ဘက်ကနေလည်း ကူညီပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ၊ သူ့အခြေနေက ခေါင်းမှာဒဏ်ရာရထားတာဆိုတော့ အခုလောလောဆယ်မှာတော့ စကားပြောလို့ရပေမယ့် စိုးရိမ်ရတာပေါ့ ’’ဟု အဆိုပါဒေသခံကပြောသည်။

အဆိုပါလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အောက်သဲမ၀ကျေးရွာရှိ ရွာသားများသည်လည်း ကြောက်လန့်နေကြပြီး ယင်းနေ့ညကတည်းက ပလက်၀မြို့ပေါ်သို့ ရွာလုံးကျွတ်ထွက်ပြေးခဲ့ကြသည်ဟု သူကဆက်ပြောသည်။

ယခုလက်ရှိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် ရကိ္ခုင့်တပ်တော် (AA) တို့ နေစဉ်လိုလို တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ခမွေချောင်းကျေးရွာ၊ မူလတန်းလွန်ကျောင်းတွင် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား (၂၁) ဦး ဒဏ်ရာရရှိခဲ့ပြီးဖြစ်သည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့တိုက်ပွဲကြောင့် ပလက်၀- ကျောက်တော်အကြားပြေးဆွဲသည့် လိုင်းဆွဲစက်လှေများ ရပ်တန့်နေသည့်အတွက် ပလက်၀မြို့နယ်သို့ ကုန်စည်စီးဆင်းမှုများမရှိတော့သောကြောင့် ရိက္ခာပြတ်လပ်မှုများလည်း ကြုံတွေ့နေရသည်။

ခိုနူမ်းသုန် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here