ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်နှင့် ဆက်သွယ်မေးမြန်းခြင်း

0
337
ၽူင်းႁၢၼ်
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်

“ငြိမ်းချမ်းရေးက လုပ်ခဲ့တာက ၁၀ နှစ်နီးပါးရှိနေပြီ ၊ လောလောဆယ် စေတနာပါပါနဲ့ စိတ်ရင်းစိတ်ထား မှန်မှန်နဲ့ ဝိုင်းအားစိုက်ဖို့ လိုပါသေးတယ်” ဗိုလ်မှူးစိုင်းဖုန်းဟန် (ပြောရေးဆိုခွင့်ရှိသူ ၊ SSPP)

ဖေဖော်ဝါရီ ၂၁ ရက် ၊ ၂၀၂၀

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဗဟိုကော်မတီ၏ ၂၀၁၉ ခုနှစ် မျက်နှာစုံညီ နှစ်ချုပ် အစည်းအေ၀းကို ဌာနချုပ် ၀မ်ဟိုင်းတွင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၁၅ ရက်တာ ကျင်းပပြု လုပ် ခဲ့သည်။ အစည်းအေ၀းတွင် ၂၀၁၉ ခုနှစ်က ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်အကောင်အထည်ဖော်မှုများ၊ ပြည်တွင်း ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များ၊ မျက်မှောက်နိုင်ငံရေးအခြေအနေများ၊ ဒေသခံပြည်သူများ၏ လူနေမှု အခြေအနေများ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး သုံးသပ်ခဲ့ကြပြီး ၂၀၂၀ ခုနှစ် ရှေ့လုပ်ငန်းစဉ်တို့ကို ချမှတ်ခဲ့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး SSPP အနေဖြင့် ဘယ်လိုလုပ်ဆောင်သွားမလဲ ၊ ၂၀၂၀ ခုနှစ်အတွက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များက ဘာတွေဖြစ်မလဲ စသည့် အခြေအနေများကို စေ့ငုကြည့်နိုင်ဖို့အတွက် SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကို ယခုလို ဆက်သွယ်မေးမြန်းထားပါသည်။

မေး – SSPP ရဲ့ မျက်နှာစုံညီ နှစ်ချုပ်အစည်းအဝေးကနေ ဘာတွေ ဆုံးဖြတ်ခဲ့ကြသလဲ။

ဖြေ- လက်ရှိ နိုင်ငံရေး အခြေအနေပေါ့ ။ လက်ရှိ နိုင်ငံရေး ငြိမ်းချမ်းရေး အခြေအနေရယ် ပြီးတော့ ကျနော်တို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကို ဘယ်လို ဆက်လုပ်ကြမလဲ ဆိုတဲ့ဟာကို အဓိကထားပြီးတော့ ဆွေးနွေး ဆုံးဖြတ်ခဲ့တာပေါ့။

မေး – နိုင်ငံရေး အခြေအနေလို့ ပြောတဲ့အခါကျတော့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဘယ်လိုမျိုး ဆက်လုပ်သွား ဖို့ရှိသလဲ။

ဖြေ- မူအားဖြင့်တော့ သုံးသပ်ချက်အရက ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက ရပ် တန့်နေတဲ့ သဘောပေါ့ ရှေ့မဆက်နိုင်ဘူးလေ ၊ ဥပမာ ပြောရမယ်ဆိုရင်တော့ လက်မှတ်ထိုးထား တဲ့အဖွဲ့က ၁၀ ဖွဲ့ပေါ့ ပြီးတော့ FPNCC က ၇ ဖွဲ့ ကျန်တဲ့ အဖွဲ့ငယ်တွေလည်း ရှိသေးတယ်ဆိုတော့ ဒီဟာကို ကျနော်တို့ ဘယ်လိုလုပ် ပြီးတော့ ဆုံနိုင်တဲ့ တွေ့ဆုံဆွေးနွေးမှု အစပြုနိုင်မလဲဆိုတဲ့ဟာ အပိုင်းကို အလေးထား ပြီးတော့ သုံးသပ်ကြတယ်။ ဒီအတိုင်းပဲ သူ့ဖက်ကိုယ့်ဖက်ရပ်နေမယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးက ရှေ့မဆက် နိုင်ဘူးလေ အဲကြောင့်မို့ မူအားဖြင့် တွေ့ဆုံဆွေးနွေးဖို့ နည်းလမ်းကို ဘယ်လိုဝိုင်း၀န်းပြီးတော့ အဖြေရှာကြမလဲဆိုတဲ့ဟာကို ဆွေးနွေးဖြစ်ခဲ့တယ်။ အဲဒါကို ဇောင်းပေး ပြီးတော့ ဒီဟာကိုပေါ့နော အစိုးရရော တပ်မတော်ရော ကျန်တဲ့ EAOs တွေရော ဝိုင်း၀န်း နည်းလမ်း ရှာဖို့ ကျနော်တို့မှာ အားလုံးတာ၀န်ရှိတာပေါ့လေ အဲဒါကို ကျနော်တို့က ဆွေးနွေးဖြစ်တာ။

မေး – SSPP အနေနဲ့က တစ်ဖွဲ့တည်း ခွဲထွက်ပြီး ဆွေးနွေးသွားမှာလား ဒါမှမဟုတ် FPNCC တစ်စုံလုံးပါမှ ဆွေး နွေး သွားမှာလား။ အဲဒီအခြေအနေကကော ဘယ်လိုရှိပါသလဲ။

ဖြေ – ခွဲထွက်တယ်ဆိုတာကတော့ မဟုတ်ပါဘူး၊ ဒါက ကျနော်တို့ လက်ခံ ထားတဲ့မူ ၊ လက် ကိုင်ထားတဲ့မူပေါ့ ၊ ရပ်တည်ချက်က နည်းနည်းတော့ ကွဲလွဲတဲ့ဟာကတော့ ရှိတယ် ။ ဥပမာ ကျနော်တို့ အစိုးရနဲ့ တပ်မတော်က သူတို့က တစ်ဖွဲ့ချင်းပဲ ဆွေးနွေးချင်တာ၊ ဒီဟာကို FPNCC မူအရ ကျတော့ အားလုံးအတူတကွ ဆွေးနွေးမယ် မူကရှိပြီးသား ၊ အဲဒါကို ကျနော်တို့ တရား၀င် ဆွေးနွေးပွဲက အတူတကွ သွားမှရမှာလေ။ ဒါပေမယ့် အင်ဖော်မာကျတော့ လုပ်နေတဲ့ အပိုင်းတွေက ပြီးခဲ့တဲ့ အပိုင်းတွေကလည်း တစ်ဖွဲ့ချင်း ဆွေးနွေးခဲ့တဲ့ဟာလည်း ရှိတာပေါ့။ ဒါကတော့ တကယ့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်မယ်ဆိုရင်တော့ ဒါက အတူတကွသွားမှ အဆင်ပြေမယ်။ အဲဒါက ကျနော်တို့က FPNCC ရော UNFC အရင် အတိုင်းပဲ ဒါက အားလုံးလက်ခံရမှာပေါ့။

မေး – အခုလက်ရှိ FPNCC နဲ့ အစိုးရတို့ တွေ့ဆုံဆွေးနွေးမယ့် အခြေအနေကကော ဘယ်လိုရှိသလဲ။

ဖြေ – အဲဒါက အဖွဲ့ရဲ့ သဘောထားပဲရှိသေးတယ်။ ဒါကို ဘယ်လိုရှေ့ဆက် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေး ပစ်ခတ်ရပ်စဲရေး ဒါကို FPNCC တစ်စုံလုံး အနေနဲ့ ဘယ်လို ဆက်သွားမလဲ ဆိုတာကို ကျနော်တို့ ပြန်ညှိရမှာ၊ ဒါကတော့ တစ်ပိုင်းပေါ့။ နောက်တစ် ပိုင်းက အစိုးရနှင့် တပ်မတော်ဖက်က သူတို့လည်းပြန်ပြီးတော့ သုံးသပ်ရမယ့် အနေအထားပေါ့ ဒါကတော့ လောလောဆယ်တော့ ကျနော်တို့ SSPP ရဲ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းကို ဇောင်းပေးပြီးတော့ ဆက်လုပ် သွားမယ်ဆိုတဲ့မူ ဆွေးနွေးချက်က ကျနော်တို့ တစ်ဖွဲ့တည်းရဲ့ သဘောထားဖြစ်နေသေးတဲ့အတွက် ဒါဆက် လက်ပြီးတော့ ညှိနှိုင်းဖို့ လိုပါသေးတယ်။

မေး – လက်ရှိ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုသုံးသပ်လို့ ရနိုင်လဲ။

ဖြေ – ငြိမ်းချမ်းရေးက လုပ်ခဲ့တာက ၁၀ နှစ်နီးပါးရှိနေပြီ။ လောလောဆယ် ကျနော်တို့ စေတနာပါပါနဲ့ စိတ်ရင်းစိတ်ထား မှန်မှန်နဲ့ ကျနော်တို့ ဝိုင်းအားစိုက်ဖို့ လိုပါသေးတယ် ဆိုတဲ့ ဟာကတော့ ကျနော်တို့ တွေ့မြင်ခဲ့တာပေါ့။ တစ်ယောက်တစ်ပေါက် လုပ်နေမယ်ဆိုလို့ရှိရင် ဒါငြိမ်းချမ်းရေးက ရှေ့ဆက်ဖို့က အလားအလာတော့ သိပ်မကောင်းဘူး ။အဲဒါ ကြောင့် ကျနော်တို့က အားလုံး အတူတကွ ဘယ်လိုသွားကြမလဲဆိုတဲ့ ဘုံရပ်တည်ချက်ပေါ့။ ဘုံစုံရပ်ကို ကျနော်တို့ ရှာရမယ်၊ အဲဒါက ငြိမ်းချမ်းရေးက တစ်ယောက်တစ်ပေါက် တစ်ဖွဲ့တစ်လမ်းသွားနေမယ် ဆိုလို့ရှိ ရင်တော့ ခရီးမပေါက်ဘူး၊ ကျနော်တို့က အဲလိုပဲ သုံးသပ်ချက်ရှိတယ်။

မေး – နောက်တစ်ချက်က ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်သွားမယ်လို့ SSPP ရဲ့ ထုတ်ပြန်ချက် ထဲမှာ တွေ့ရတယ်။ ဘာတွေ အဓိကလုပ်ဆောင်သွားဖို့ရှိသလဲ။

ဖြေ – ယေဘုယျအားဖြင့်ကျတော့ မြေပြန့်နဲ့ တောင်ပေါ်က တိုးတက် ဖွံ့ဖြိုးမှုက အင်မတန်မှ ကွာဟမှု တော်တော်ရှိတယ် ၊ နောက်တစ်ခုက နယ်မြေ တည် ငြိမ်ရေးက အဓိက အားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်တယ်။ အဲကြောင့်မို့ တောင်ပေါ်ဒေသမှာကျတော့ ဖွံ့ဖြိုးရေးက အင်မတန်နောက်ကျတယ်။ အဓိကအားဖြင့်တော့ ပညာရေး ကျန်းမာရေး။ နောက်တစ်ခုက လမ်းပန်းဆက်သွယ်ရေး လမ်းပန်းဆက်သွယ် ရေးက မြေပြန့်နဲ့ မတူဘူး။ အင်မတန်မှ ခေတ်နောက်ကျတယ်။ အဲဒါကြောင့်မို့လို့ ဖြစ်နိုင်တဲ့ တစ်နိုင်တစ်ပိုင် လမ်းတွေဖောက်ပေးတယ် ၊ရေတွေ ဘာ တွေလည်း သွယ်ပေးတယ်ပေါ့။ နောက်တစ်ခုက အထူးဦးစားပေး လုပ်ချင်တာ က ဆင်းရဲမွဲတေမှုပပျောက်ရေး။ ဥပမာ – ရွာတွေထဲမှာ အဆင်းရဲဆုံး မိသားစုကို လိုက်ရှာတယ်၊ ရှာပြီးမှ ကျနော်တို့ တတ်နိုင်တဲ့ဟာ သူတို့ လိုအပ်ချက်တွေကို ကူညီလုပ်ပေးတာ။ ပြီးတော့ စိုက်ပျိုးမျိုးစေ့တွေ လိုအပ်လို့ရှိရင်လည်း ကူညီထောက်ပံ့တယ်။ ဒါကို အဓိကထားပြီးတော့ ကျနော်တို့ လုပ်ပေးတဲ့ အနေအထားရှိပါ တယ်။ ဒေသဖွံ့ဖြိုးရေးအတွက်။

မေး – ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်တဲ့အခါမှာ နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိလား။ ဘယ်လို ပူးပေါင်းလုပ်ဆောင်သွားမှာလဲ။

ဖြေ- အဲဒါက ဥပမာ ကျနော်တို့ ပညာရေးအပိုင်းနဲ့ ပတ်သက်ပြီး ဆရာ/ ဆရာမတွေ လို အပ်လို့ရှိရင်တော့ ကျနော်တို့ အစိုးရနဲ့ ပူးပေါင်းဖို့ လုပ်ရမှာပေါ့။ နောက်တစ်ခုက ကျန်းမာရေးဆိုလို့ရှိရင်တော့ ဆရာ/ ဆရာမရယ် ဆေးဝါးပစ္စည်းတွေဆိုရင် အစိုးရနဲ့ ပူးတွဲလုပ်မှ အဆင်ပြေမယ်လေ ။

မေး – နောက်တစ်ချက် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့လည်း ထုတ်ပြန်ချက်ထဲမှာ တွေ့ရတယ်ဆိုတော့ ဒီ SSPP ထိန်းချုပ်တဲ့ ဧရိယာမှာ လက်ရှိမူးယစ်ဆေးဝါး အခြေအနေကော ဘယ်လိုရှိသလဲ မူးယစ်ဆေးဝါး တား ဆီးရေးကို ဘယ်လိုမျိုး လုပ်ဆောင်သွား ဖို့ရှိသလဲ။

ဖြေ – မူးယစ်ဆေးဝါးကျတော့ နဂိုမူလအတိုင်း ပေါ်လစီတွေရှိပါတယ်။ ဒါက မထုတ်ပြန်ပေမယ့်လည်း ကျနော်တို့ တတ်နိုင်ခဲ့တာကို အစဉ်အမြဲလုပ်ခဲ့တယ်။ ဥပမာ ရွာတွေအထိ ရွာကနေ ဌာနချုပ်အထိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီဆိုတာ ဖွဲ့ထားတာ ရှိတယ်။ နောက်တစ်ခုက အသိပညာပေးပေါ့။ အသိပညာပေး မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေပေ့ါ။ နောက်တစ်ခုက ပြန်လည်ပြုပြင်ရေး စခန်း ပေါ့။ ဒါလည်း ဌာနချုပ်မှာ လုပ်ထားတာရှိတယ်။

မေး – နှစ်ချုပ်အစည်းအဝေး ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ ဘာများဖြည့်စွတ်ပြောစရာများရှိသလဲခင်ဗျား။

ဖြေ – ငြိမ်းချမ်းရေးကို ခရီးပိုပြီးတော့ ပေါက်မြောက်အောင် ဘယ်လို ပူးပေါင်းဆောင်ရွက်သွားမလဲဆိုတဲ့ နည်းလမ်းကို ဝိုင်း၀န်းရှာဖို့ အဖွဲ့အစည်းတိုင်းရော သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တိုင်းရော တာ၀န်ရှိတယ်။ နောက်တစ်ခု က ဒေသဖွံ့ဖြိုးရေး လုပ်မယ်ဆိုတဲ့ နေရာမှာလည်း အစိုးရရော၊ တပ်မတော်ရော ကျန်တဲ့ သက်ဆိုင် တဲ့ လူမှုအဖွဲ့အစည်းတွေရော ဝိုင်း၀န်းပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ အများကြီးမျှော်လင့်တယ်။ ဒါက ၂၀၂၀ မှာ ကျနော်တို့ ငြိမ်းချမ်းတဲ့ ပြည်ထောင်စု ငြိမ်းချမ်းတဲ့ ငြိမ်းချမ်းရေး ခရီးစဉ်ကို ကျနော်တို့ ဘယ်လိုလျှောက်လှမ်းကြမလဲ ဆိုတဲ့ဟာကို မျှော်လင့်ချက် အများကြီးထားတာပေါ့။ ဒါကို အားလုံးကိုယ်စီ တာ၀န်ရှိကြတယ်လို့ ကျနော်တို့ ပြောလိုပါတယ်။

အားမီ (NMG)- ဆက်သွယ်မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here