ပလက်၀မြို့နယ်တွင် ဆန်၊ အခြေခံစားသုံးကုန်နှင့် လောင်စာဆီ ပြတ်လပ်မှုကြုံတွေ့နေ

0
395

၂၁ ဖေဖော်ဝါရီလ ၂၀၂၀

ချင်းပြည်နယ်၊ ပလက်၀မြို့နှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အကြား စက်လှေပြေးဆွဲမှုရပ်ဆိုင်းပြီးနောက်ပိုင်း ကုန်စည်စီးဆင်းမှုများမရှိတော့သည့်အတွက် ပလက်၀မြို့တွင် ဆန်နှင့်အခြေခံစားသုံးကုန်၊ လောင်စာဆီများ ပြတ်လပ်လုနီးပါးဖြစ်နေပြီဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ပလက်၀မြို့နယ်သို့ ဆန်နှင့် အခြားလူသုံးကုန်၊ စားသောက်ပစ္စည်းများ သယ်ယူပို့ဆောင်၍မရတော့သည့်အတွက် ယခုလက်ရှိတွင် ဆန်ဆိုင်အများစုသည် ရောင်းစရာဆန်မရှိတော့သဖြင့် ဆိုင်များပိတ်ထားရပြီး အခြားစားသောက်ကုန်နှင့် လောင်စာဆီဈေးနှုန်းမှာလည်း နှစ်ဆခန့်မြင့်တက်နေသည်ဟု အမည်မဖော်လိုသည့် ပလက်၀ဒေသခံ အရပ်ဖက်အဖွဲ့အစည်းမှ တာ၀န်ရှိသူတစ်ဦးကပြောသည်။

“အခြေအနေကတော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူကအစ ဈေးမှာ၀ယ်စရာမရှိတော့ဘူး၊ လိုင်းစက်လှေမထွက်တာကလည်း ၂ ပတ်လောက်ရှိနေပြီဆိုတော့လေ၊ ကုန်စို/ကုန်ခြောက်ပေါ့ဗျာ၊ ငါးခြောက်တွေကအစ ကြက်ဥတွေကအဆုံး ဈေးမှာ၀ယ်စရာမရှိတော့ဘူး၊ ဆန်တွေကလည်း ၀ယ်စရာမရှိတော့ ဆန်ရောင်းတဲ့ကုန်သည်တွေကလည်း ပိတ်ထားရတယ်၊ ပိုက်ဆံရှိပေမယ့် ၀ယ်စရာမရှိဘူး၊ အဲလိုဖြစ််နေတယ်’’ ဟု အဆိုပါအစိုးရ၀န်ထမ်းကပြောသည်။

ယခုလက်ရှိ ပလက်၀မြို့ပေါ်တွင် ကြက်ဥ တစ်ထောင်ဖိုး (၄) လုံး၊ ဓာတ်ဆီ တစ်ဂါလံ (၁၀၀၀၀) ကျပ်၊ ဆန်တစ်အိတ် (၃၀၀၀၀) ကျော်၊ ကွမ်းရွက် တစ်ပိသာ (၁၀၀၀၀) ကျပ်အထိ မြင့်တက်သွားခဲ့ပြီး အကယ်၍ စက်လှေလိုင်းများ ဆက်လက်ရပ်ဆိုင်းပြီး ကုန်စည်၀င်ရောက်လာမှုမရှိပါက ရက်ပိုင်းအတွင်း အခြေခံစားသောက်ကုန်များနှင့် အခြားလိုအပ်ချက်များ ပြတ်လပ်သွားနိုင်သည်ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် လောင်စာဆီလည်း ရှားပါးလာသည့်အတွက် ယခင်က ပလက်၀မြို့ကို တစ်ညလျင် ၄ နာရီနှုန်း လျှပ်စစ်မီးပေးရာကနေ ယခုအခါ တစ်နာလျှော့ချပြီး ၃ နာရီသာ လျှပ်စစ်ဌာနက မီးပေးနိုင်တော့သည်ဟု သိရသည်။

ယခုကဲ့သို့ ရခိုပြည်နယ်ဘက်မှလာသည့် စက်လှေလိုင်းများ ရပ်ဆိုင်းလိုက်ရသည့် အဓိကအကြောင်းအရင်းမှာ မြန်မာ့တပ်မတော်နှင့် ရကိ္ခိုင့်တပ်တော် (AA) တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှု ပိုမိုပြင်းထန်လာသည့်အတွက်ဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်၀န်ကြီးဦးစိုးထက်က “လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ကျနော်တို့အစိုးရအနေနဲ့ ပြည်ထောင်စုအစိုးရကိုတင်ပြထားပါတယ်၊ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းအရ လိုအပ်တဲ့လုံခြုံရေးနဲ့ လိုအပ်တဲ့ဟာတွေကူညီဖို့လည်း ပြင်ဆင်နေပါတယ်၊ လွတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဘက်ကလူတွေနဲ့ရော ကျနော်တို့ တိုက်ရိုက်ဆွေးနွေးနေပါတယ်၊ အဲလိုလေးတွေ ဘက်ပေါင်းစုံကနေ ဆောင်ရွက်နေပါတယ်၊ ဒါပေမယ့် ဒီဟာက စစ်မက်ဖြစ်တဲ့နေရာဆိုတော့ တော်တော်တော့ လုပ်ရကိုင်ရတာခက်ခဲတဲ့အနေအထားတော့ဖြစ်ပါတယ်၊ ပြည်နယ်အစိုးရအနေနဲ့ လုပ်ဖို့ခက်ခဲတဲ့အနေအထားပါ၊ ပြည်ထောင်စုအဆင့်ကပဲ လုပ်ပေးမှ အဆင်ပြေမယ့်အနေအထားပါ” ဟု ပြောသည်။

ပလက်၀မြို့နယ်သည် ရခိုင်ပြည်နယ်ကျောက်တော်ဘက်မှ ဆန်နှင့် ကုန်စည်များကို အဓိကမှီခိုအားထားနေရပြီး ရေလမ်းကြောင်းကိုသာ အဓိကအသုံးပြုနေကြရသည်။

ခိုနူမ်းသုန် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here