ဗိုလ်ချုပ်ကြေးရုပ်မထားရှိရေး ကရင်နီ(ကယား)ပြည်နယ် လူမျိုးစုလူငယ်များ စုပေါင်းဆန္ဒပြ

0
405

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်မထားရှိရေးအတွက် ပြည်နယ်တွင်းရှိ တိုင်းရင်းသားလူမျိုးစု လူငယ်များစုပေါင်း၍ ယနေ့( ဇူလိုင် ၃) လွိုင်ကော် မြို့ပေါ်တွင် စစ်ကြောင်း သုံးကြောင်းဖြင့် လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒထုတ်ဖော်ကြသည်။

ပြည်နယ်အစိုးရမှ တိုင်းရင်းသားပြည်သူများ၏ သဘောဆန္ဒကို မရယူဘဲ အများပြည်သူပိုင်သည့် ပန်းခြံတွင် ဗိုလ် ချုပ်အောင်ဆန်း ကြေးရုပ်ထု ထားရှိမည့်အစီအစဉ်ကို ကန့်ကွက်သည့်အနေဖြင့် ပကူး၊ ကရင်၊ ကရင်နီ (ကယား)၊ ကယန်း၊ ကယော၊ ကော်ယော နှင့် ဂေဘားအစရှိသည့် တိုင်းရင်းသား လူငယ်များစုပေါင်း၍ လမ်းပေါ်ထွက် ဆန္ဒပြခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်ပါဝင်သူ ခွန်းဘားနဒ်ဘုတ်က ကေအိုင်စီသို့ ပြောသည်။

၎င်းက“ ပြည်သူရဲ့ဆန္ဒမပါပဲ ကြေးရုပ်ကို ထားရှိမယ်ဆိုတာက ပြည်သူကိုစော်ကားတာပဲလို့ ကျနော်တို့ မြင်တယ်။ နောက် တစ်ချက်က ကျနော်တို့ အမျိုးသားရေးနဲ့ နိုင်ငံရေးအရကြည့်မယ်ဆိုရင် ကျနော်တို့ ပြည်နယ်မှာကလည်း ကျနော်တို့ အသိ အမှတ်ပြုတဲ့ ခေါင်းဆောင်ကြီးတွေရှိတယ်။ အဲ့ခေါင်းဆောင်ကြီးတွေရဲ့ တည်ရှိမှုကိုကျတော့ ဘာမှအသိအမှတ်ပြုတာတွေ မလုပ်ပေးပဲနဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို အခုအချိန်မှာ အခုလို အတင်း အဓမ္မလာရောက်ထားရှိတာ မဖြစ်သင့်ဘူး။ ကျနော်တို့ ဒီပြည်နယ်မှာ ရှိတဲ့ ဌာနေတိုင်းရင်းသား တွေရဲ့ အမျိုးသားရေး၊ နိုင်ငံရေးသမိုင်းကို မှေးမှိန်အောင် လုပ်ရာကျတယ်”ဟု ပြောသည်။

ယနေ့ပြုလုပ်သည့် ဆန္ဒဖော်ထုတ်မှုကို မြို့နယ်ရဲမှူးထံ အကြောင်းကြားစာတင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒ ပြပွဲ၌ လွှတ်တော်ရုံး၊ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့် ဂန္ဓာဟေဝန်ပန်းခြံနှင့် ဟစ်တိုင်ရုံးရှေ့များတွင် သဘော ဆန္ဒစကားများကို ပြော ကြားရန် စီစဉ်ထားရှိသော်လည်း ရဲအင်အားများဖြင့် ပိတ်ဆို့တားမြစ်မှုခံခဲ့ကြရသည်ဟု ခွန်းဘားနဒ် ဘုတ်က ဆက် ပြော သည်။

ထိုသို့ ပိတ်ဆို့တားမြစ်ရာတွင် ဆန္ဒပြလူငယ်များမှ ဖောက်ထွက်ရန်ကြိုးပမ်းမှုကြောင့် ရဲအင်အားများမှ ကျင်စက်၊ နံပါတ် တုတ်ဖြင့် ရိုက်နှက်တားမြစ်မှုကြောင့် ဆန္ဒပြ လူငယ်အချို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူများက ပြောသည်။

၎င်းဆန္ဒပြပွဲတွင် မိုးဗြဲ-ဖယ်ခုံမှလာသည့် စစ်ကြောင်း၊ ဒီမောဆို-ဖလူဆိုမှ လာသည့်စစ်ကြောင်း၊ ရှားတောမှလာ သည့်စစ် ကြောင်း စသည်ဖြင့် စစ်ကြောင်းသုံးကြောင်းမှ လူငယ်အင်အားတစ်ထောင်ခန့်သည် “ကရင်နီပြည်သူ လူထုဆန္ဒ သဘော ထား မပါဘဲ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုတည်ဆောက်နေမှုအား ကန်ကွက်ပါသည်” စာတမ်းပါ ပိုစတာကို ကိုင်ဆောင် ကာ လွိုင်ကော်မြို့ ရှိ နာရီစင်တွင် ဆုံရပ်ထားရှိပြီး ကြေးရုပ်ထားရှိမည့် ပန်းခြံနှင့် ဟစ်တိုင်ရုံးကို သွားရန်စီစဉ်ခဲ့ ခြင်းဖြစ် သည်ဟု ဆန္ဒပြသူများက ဆိုသည်။

အလားတူ ဆန္ဒပြမှုများအပြင် ကရင်နီသမိုင်းနှင့် ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်ခြင်းကိစ္စအား ကန့်ကွက်ကြောင်း အသိပေး စာရွက်ကို ကရင်နီ(ကယား)ပြည်နယ်ရှိ ကျောင်းသားလူငယ်များမှ လွိုင်ကော်မြို့ပေါ်တွင် လိုက်လံ ဖြန့်ဝေခဲ့မှုပြု ခဲ့ပြီး ဒေသ အာဏာပိုင်များ၏ ဟန့်တားမှုများရှိခဲ့သလို ၎င်းကြေးရုပ်ကို ကန့်ကွက်သည့် အရပ်ဘက် အဖွဲ့အစည်းများက ပြည်နယ်အ စိုးရထံသို့ ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာကို ဇွန်လ ဒုတိယ အပတ်က ပေးပို့ထားခဲ့သည်ဟု သိရသည်။

ဗိုလ်ချုပ်ကြေးရုပ်အား လွိုင်ကော်မြို့ ဂန္ဓာဟေဝန်ပန်းခြံတွင် ထားရှိရန် ပြည်နယ်အစိုးရက စီစဉ်နေခြင်းဖြစ်ပြီး ၎င်းကြေးရုပ်ထားရှိမှုကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဆိုပါက လူငယ်များအနေဖြင့် ဆက်လက် ကန့်ကွက်သွားမည်ဖြစ်သည်ဟုလည်း ယနေ့ ဆန္ဒပြမှုတွင် ဦးဆောင်ပါဝင်သူများက ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here