KNU အထွေထွေအတွင်းရေးမှူးချုပ် ဖဒိုတာဒိုမှူးနှင့်တွေ့ဆုံခြင်း

0
178
KNU အထွေထွေအတွင်းရေးမှူးချုပ် ဖဒိုတာဒိုမှူး

ဖေဖော်ဝါရီ ၂၈ရက် ၊ ၂၀၂၀

“အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် လုပ်တာကို ဦးစားပေး သွားမှာလား၊ ဒီလမ်းဖောက်လုပ်မှုတွေက ပိုပြီး အရေးကြီးသလားဆိုတာ ကျနော်တို့မှာ မေးခွန်းရှိတယ်” ဖဒိုတာဒိုမှူး (အထွေထွေအတွင်းရေးမှူးချုပ်-KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ နယ်မြေထဲမှာ တပ်မတော်အနေနဲ့ ဒေသဖွံ့ဖြိုးရေးအကြောင်းပြကာ လမ်းဖောက်လုပ်နေခြင်းကို အကြောင်းပြုပြီး ဦးသိန်းစိန်လက်ထက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားတဲ့ KNU နဲ့ တပ်မတော်အကြား တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားရာ ဖာပွန်ဒေသမှာ စစ်ဘေးရှောင် နေရပ်စွန့်ခွာ ထွက်ပြေးသူပေါင်း ၂၀၀၀ ကျော်အထိ ရှိနေပါပြီ။ နှစ်ဖက်အကြား ထိတွေ့မှု တိုက်ပွဲတွေ ဘယ်လိုရပ်တန့်နိုင်မလဲ၊ စစ်ဘေးရှောင်တွေအတွက် အစီအစဉ်တွေကို စဉ်းစားထားသလား၊ လမ်းဖောက်တဲ့ ကိစ္စကရော ဘယ်လိုညှိနှိုင်းနေသလဲ စတဲ့ မေးခွန်းတွေအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အခြေအနေတွေကို ယခုအင်တာဗျူးမှာ လေ့လာဖတ်ရှုရမှာပါ။ BNI-Myanmar Peace Monitor ရဲ့ မြေပြင် သတင်းသမားလည်းဖြစ် ၊ ကရင်ပြည်နယ်အခြေစိုက် ကေအိုင်စီသတင်းဌာနရဲ့ သတင်းထောက်လည်း ဖြစ်တဲ့ စအိုင်ဆူးက ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဖဒို တာဒိုမှူးနဲ့ တွေ့ဆုံးမေးမြန်းထားပါတယ်။

မေး။ ။ လတ်တလော ဖာပွန်ဒေသမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ပတ်သက်ပြီး အမြန်ဆုံးရပ်စဲနိုင်အောင် (တပ်မတော်နဲ့) ဘာတွေဆွေးနွေးတိုင်ပင်မှု ရှိသလဲ။

ဖြေ။ ။ ဖာပွန်ခရိုင်မှာ ဖြစ်နေတဲ့ လတ်တလော IDPတွေပြေးနေရတဲ့ ကိစ္စနဲ့ အောက်ခြေမှာရှိတဲ့ ထိတွေ့မှု လေးတွေ ဒီဟာတွေက အဓိက ကတော့ နှစ်ဖက်ကြားမှာ ရိက္ခာပို့တဲ့ကိစ္စနဲ့ပတ်သက်လို့ အမြင်သဘောထား ညှိနှိုင်းဖို့အတွက် အဖြေကောင်းကို အားလုံးလက်ခံနိုင်တဲ့ အဖြေမထွက်ခင် ကြားကာလမှာ တစ်ဖက်သတ် အင်အားသုံးပြီးတော့ အကောင်အထည်ဖော်လို့တဲ့ ဆန္ဒကြောင့်ဖြစ်တယ်လို့ပဲ ကျနော်တို့ ပြောလို့ရ ပါတယ်။

ဘာကြောင့်လဲဆိုတော့ NCAအရ ရိက္ခာပို့ရမယ်ဆိုတာကို နှစ်ဖက်စလုံး လက်ခံထားပြီးသား။ ရိက္ခာကို ဘယ်လို ပို့မလဲဆိုတာကို သေချာဆွေးနွေးဖို့ လိုပါတယ်။ ဒီနေရာမှာ ရိက္ခာပို့မယ့်ကိစ္စကို ဆွေးနွေးတဲ့ အခါမှာ ရိက္ခာပို့ဖို့ဆိုတာထက် လမ်းဖောက်ရေး ဦးစားပေးပြီးလုပ်တဲ့ နေရာမှာ အမြင်မတူ ကွဲပြားပြီးတော့ တစ်ဖက်က တစ်ဖက်သတ်ပဲ ဖောက်လုပ်မယ်ဆိုတဲ့ အခြေခံတစ်ခုကို ကိုင်စွဲပြီး လုပ်သွားတဲ့အပေါ်မှာမူတည်ပြီးတော့ ကျနော်တို့ဘက်က စိုးရိမ်မှုတွေ မြှင့်မားလာပြီးတော့ ကိုယ့်ကိုကို ကာကွယ်ရတဲ့ အပိုင်းပါ။

ဒါပေမယ့် အခုဖြစ်သွားတဲ့ ဖြစ်စဉ်လေးတွေကို ကြည့်လိုက်မယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး လုပ်ဆောင်တဲ့ အခြေခံပေါ်မှာ ကိုယ့်ဘက်က ပြန်ပြီး ကာကွယ်တဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဒီဟာတွေကို တေ့တေ့ဆိုင်ဆိုင် ဖြေရှင်းမယ်ဆိုရင် ပြေလည်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ရက်နေ့က တပ်မတော် ညှိနှိုင်းရေးအဖွဲ့နဲ့ တွေ့ခဲ့တာရှိတယ်။ အဲ့ဒီအစည်းအဝေးမှာတော့ လမ်းဖောက်လုပ် ရေးကိစ္စက NCA နဲ့ ကွဲလွဲမှုရှိခြင်း မရှိခြင်းအပေါ်မှာ စီစစ်ပြီးတော့ သူတို့ကို အကြောင်းပြန်မယ်ဆိုတာကိုတော့ ကျနော်တို့ ပြောထားပါတယ်။ NCAနဲ့ ကွဲလွဲမှုရှိတယ်ဆိုရင်တော့ ရှိသလိုမဖြစ်အောင် ညှိနှိုင်းဖို့ လိုအပ်ပါတယ်။ လောလောဆယ်တော့ အဲ့ဒီအဆင့်မှာ ဖြစ်နေပါတယ်။

မေး။ ။ ဒါဆိုရင် ပြီးခဲ့တဲ့ ၁၉ရက်နေ့က တွေ့ဆုံမှုမှာ ဒီလမ်းဖောက်လုပ်မှုနဲ့ပတ်သက်ပြီး သေချာတဲ့ ဘာသဘောတူညီချက်တွေ ရခဲ့သလဲ။ ကြားသိရသလောက်တော့ ဘာမှ မရလိုက်ဘူးဆိုတဲ့အပေါ်မှာလည်း အနည်းငယ်ရှင်းပြပေးပါ။

ဖြေ။ ။ ရှင်းရှင်းပြောရင် NCAအပေါ်မှာ မတူညီတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ တဖက်သတ် အရေးယူ ဆောင်ရွက်မှုတွေကြောင့်လို့ပဲ ကျနော်တို့ ပြောလို့ရပါတယ်။ အဲ့ဒါကြောင့် အဓိကပင်မကတော့ NCAကို အတူကတွ နားလည်တဲ့ အဓိပ္ပာယ်ထွက်လာအောင် ဆွေးနွေးတဲ့ ဆွေးနွေးပွဲလေးတွေ လိုအပ်ပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲတွေ လိုအပ်တဲ့ အတွက်ကြောင့် ဒါကို တစ်စိုက်မတ်မတ် တောင်းဆိုလာတော့ လေးနှစ်ပြည့်ပြီးမှသာလျှင် ပထမဆုံး ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာမှာ တွေ့ခဲ့တယ်။ အခု ဖေဖော်ဝါရီလ ၁၉မှာတစ်ခါ ထပ်တွေ့တယ်။ နှစ်ကြိမ်တော့ တွေ့တာပေါ့။ အဲ့ဒီ နှစ်ကြိမ်အတွင်းမှာ ဒီ NCAတစ်ခုလုံးဆိုင်ရာ နှစ်ဖက်နားလည်မှု တူညီအောင် ဆွေးနွေးရမယ့် လုပ်ငန်းစဉ်တစ်ခုကို အတိုင်းအတာတစ်ခုအထိတော့ လက်ခံသဘောတူတဲ့ အဆင့်တော့ ရှိခဲ့ပါတယ်။

ပြောချင်တာက တပ်ပိုင်ဆိုင်ရာကိစ္စနဲ့ပတ်သက်လို့ အဓိက အခန်း (၃)ပေါ့။ NCA အခန်း (၃)ထဲမှာရှိတဲ့ အချက်ပေါင်း (၃၀)ကျော်ကို အပိုင်း (၄)ပိုင်း ခွဲပြီးတော့ ကျနော်တို့ ဆွေးနွေးသွားမယ် ဆိုပြီးတော့ အဆင့် တစ်၊ နှစ်၊ သုံး၊ လေး ဆိုတဲ့ ပုံစံမျိုးနဲ့ သတ်မှတ်ပြီးတော့ ဆွေးနွေးသွားမယ်ဆိုတဲ့ အခြေခံကိုတော့ သဘောတူတယ်။

ဒါကတော့ ဒီလို ညှိနှိုင်းဆွေးနွေးသွားမှသာလျှင် နှစ်ဖက် လက်ခံနိုင်တဲ့ အခြေခံတွေကို ရရှိပြီးတော့ အဲ့ဒီ အတိုင်းကို လိုက်ပါဆောင်ရွက်ဖို့ နှစ်ဖက်က ပြုလုပ်ခြင်းအားဖြင့် အောက်ခြေမှာရှိတဲ့ ထိတေ့ွမှုတွေကို ရှောင် ရှားနိုင်မှာဖြစ်တယ်။ ဒါက ပထမအချက်။

ဒုတိယအချက်အနေနဲ့ မတူညီတဲ့ တင်ပြချက်တွေကို ပြန်ယူဆောင်လာတာ ဖြစ်ပါတယ်။ တပ်မတော်ဘက်က ဒီလမ်းကို သူတို့ ဆက်ဖောက်မယ်။ ဒီလမ်းက စစ်ရေးကို မရည်ရွယ်ဘူး။ ဒီလမ်းကို ဆက်ဖောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆက်ပြီးတော့ Propose (တောင်းဆိုမှု) လုပ်ပါတယ်။ ကျနော်တို့ကတော့ လမ်းကို မဖောက်ရဘူး။ ရိက္ခာပို့တဲ့ ကိစ္စကိုတော့ ညှိနှိုင်းမယ်။ ဒါပေမယ့် ဒီလမ်းဖောက်လုပ်မှုက ဘယ်လို ပုံစံမျိုးနဲ့ သွားသင့်သလဲဆိုတဲ့အပိုင်းမှာ ဒီလမ်းနဲ့ မပတ်သက်ဘူး၊ ရိက္ခာကိုပဲ ဘယ်လိုရောက်အောင်ပို့မလဲဆိုတဲ့ကိစ္စကို ကျနော်တို့က ညှိနှိုင်းခဲ့တာ။ ဒါပေမယ့် ညှိနှိုင်းတဲ့ အပိုင်း မှာတော့ နှစ်ဖက်စလုံးရဲ့ သဘောထားကတော့ မတူညီကြဘူး။ မတူညီတဲ့အတွက်ကြောင့် ကျနော်တို့ဘက်က ထပ်ပြီး Propose (တောင်းဆိုမှု) လုပ်တာက ဒီလမ်းဖောက်လုပ်မှုနဲ့ပတ်သက်လို့ NCA အရ ဘယ်လို ကွဲလွဲမှုရှိလဲ ချိုးဖောက်မှုရှိလဲဆိုတာကို ကျနော်တို့ သေချာလေ့လာပြီးတော့ သူတို့ကို ပြန်တင်ပြမယ်။ အဲ့ဒီအပေါ်မှာ ကျနော်တို့ ဆက်လက်ဆွေးနွေးမယ် ဆိုတဲ့သဘော ဖြစ်ပါတယ်။

မေး။ ။ ဒီတွေ့ဆုံမှုမှာ လမ်းဖောက်လုပ်မှုနဲ့ပတ်သက်ပြီး စစ်တပ်က စက်ယန္တယားတွေ ပေးပြီး လမ်းဖောက်လုပ်ပါလို့ ပြောတယ်။ ၂၆ရက်နေ့မှာ အကြောင်းပြန်ရမယ်လို့ ပြောဆိုခဲ့တယ်လို့ သိရတယ်။ ဒီကိစ္စက ဘယ်လိုအခြေအနေမျိုးရှိလဲ။

ဖြေ။ ။ အဲ့ဒါက သူတို့ Propose (တောင်းဆိုမှု) လုပ်တာပါ။ ဒီလမ်းကိစ္စကိုတော့ ကျနော်တို့ လက်မခံဘူး။ ဆိုတော့ ဒီလမ်းကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ NCA ထဲမှာလည်း ပါတာမဟုတ်ဘူး။ ဒီလမ်းကိစ္စကို မဖောက်ပါနဲ့ လို့ ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ တစ်ခုရှိတာက ရိက္ခာရောက်အောင် ဘယ်လိုပို့မလဲဆိုတဲ့ အပိုင်းကိုတော့ ကျနော်တို့ရအောင် ဆွေးနွေးမယ်။ ဒါက NCAအရ ဆွေးနွေးရမယ့် ကိစ္စ။ ဒါပေမဲ့ ရိက္ခာကို ဘယ်လို ပို့ရမလဲဆိုတဲ့အပိုင်းကိုတော့ သူတို့က လမ်းဖောက်ပြီးမှ ပို့ရမယ်။ ကားနဲ့ပဲ ပို့ရမယ်ဆိုတဲ့ Condition (အခြေအနေ)ကြီးဖြစ်လာတဲ့အခါ ကျနော်တို့က ဒီကိစ္စတော့ ဒါလမ်းဖောက်တယ်ဆိုတာက NCA အရ ဘယ်လို ချိုးဖောက်မှု ရှိမလဲဆိုတဲ့ဟာကို သူတို့ကို ပြန်တင်ပြဖို့ ရှိပါတယ်။

မေး။ ။ တပ်မတော်ဘက်က ပြောတာက လမ်းက လမ်းဟောင်းဖြစ်ပြီး ပြန်ပြုပြင်တာပဲဖြစ်ပြီး ဒါကို ကေအဲန်ယူရော ဒေသခံရောသုံးတဲ့အတွက် ကေအဲန်ယူအနေနဲ့ အမြင်ကျယ်ဖို့လိုတယ်ဆိုတာမျိုး ပြောတာရှိတယ်။ ဒါဆိုရင် ဒီလမ်းကို ဘာကြောင့် ပေးမဖောက်တာလဲ။ အဓိက စိုးရိမ်မှုကဘာဖြစ်မလဲ။

ဖြေ။ ။ အမှန်တကယ်ကတော့ ဒီလမ်းဖောက်တဲ့ ကိစ္စက အခုမှဖြစ်တာ မဟုတ်ဘူး။ ၂၀၁၂ Bilateral Ceasefire (နှစ်ဦးနှစ်ဖက်ပါဝင်တဲ့ အပစ်ရပ်) ထိုးပြီးတဲ့ ကျနော်တို့ ဇန်နဝါရီမှာ ထိုးတယ်။ နောက်ပြီး ပွင့်လင်းရာသီရောက်တဲ့ အချိန်ကျတော့ ဧပြီလမတိုင်ခင် အဲ့မှာ ရိက္ခာပို့ဖို့ကိစ္စစပြီးတော့ ဦးအောင်မင်း ခေတ်တုန်းက ညှိနှိုင်းလာတာ ရှိတယ်။ အဲ့တုန်းက ဒီလိုပဲ သူတို့က လမ်းဖောက်ဖို့ တောင်းတာပဲ။ ကျနော်တို့က ပြောတယ်။ မဟုတ်ဘူး ၊ လမ်းဖောက်တာက ဒီအချိန်မှာ ယုံကြည်မှု တည်ဆောက်တဲ့အချိန်မှာ ဘာမှ ဆွေးနွေးမှု မလုပ်ရသေးဘူး။ အဲ့ဒါတော့ ရိက္ခာရောက်အောင် ဘယ်လိုပို့ကြမလဲဆိုတဲ့ကိစ္စကို ဆွေးနွေးရင်းနဲ့ အဲ့ဒါ ဖြစ်သွားတာပဲ။

ဆိုတော့ ၂၀၁၃ ရောက်တဲ့အခါကျတော့ ၂၀၁၃ နောက်ပိုင်း အဲ့မှာတောက်လျှောက် ဖြစ်သွားတာ။ အဲ့တုန်းက သူတို့ လမ်းဖောက်တဲ့ ကိစ္စနဲ့ပတ်သက်လို့ သူတို့ တစ်နှစ် တစ်ခါဖောက်ပြီးတော့ ဥပမာအားဖြင့် မိုးတွင်းဆိုရင်တော့ ဒါတွေက ပျက်သွားတာပေါ့။ ဒါပေမယ့် နွေပေါက်တဲ့ အခါကျတော့ ပျက်သွားတ့ဲ လမ်းတွေကို ကားသွားလို့ ရတဲ့ပုံစံမျိုးနဲ့ ဘိုဒိုဇာလေး တစ်စီးနှစ်စီးနဲ့ ပြန်ပြီးတော့ ရှင်းပြီးတော့ ပို့တဲ့ ပုံစံ။ ဆိုတော့ ကျနော်တို့မှာ ဒေသဆိုင်ရာ ကန့်သတ်ချက်တွေ ရှိပါတယ်။ အဲ့တော့ ဘယ်လိုလမ်းကတော့ဖြင့် ဘယ်လို စိုးရိမ်မှုရှိတယ်၊ အဲ့ဒီအတွက်ကြောင့် ဒီဟာတွေကို ကျနော်တို့ ညှိနှိုင်းဆွေးနွေးရမယ်။

ဘာကြောင့်လဲဆိုတော့ ဒီစခန်းတွေ တည်ရှိခြင်းဟာ ရှင်းရှင်းပြောရရင် လူထုတွေအတွက် စိုးရိမ်ကြောင့်ကြမှု တွေဖြစ်စေတယ်။ အဲ့အတွက်ကြောင့် ဒီကိစ္စတွေကို ကျနော်တို့ ဆွေးနွေးဖို့၊ ပြည်သူလူထုရဲ့ စိုးရိမ်ကြောင့်ကြမှု တွေကို ဘယ်လို လျော့နည်းအောင်လုပ်ပြီးတော့ နှစ်ဖက်ကြားမှာ ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် Proposal တစ်ခုကို ၂၀၁၂ စက်တင်ဘာမှာ ပေးခဲ့တာရှိပါတယ်။ ဆိုတော့ အဲ့အခြေခံအပေါ်မှာ သူတို့ မူအရ သဘောတူပြီးတော့ ဆက်ဆွေးနွေးပါမယ်ဆိုပြီးတော့ ခုထက်ထိ မဆွေးနွေးနိုင်တာလည်း ကိစ္စတစ်ခုပေါ့။

ပြောချင်တာက ညှိနှိုင်းဆွေးနွေးပွဲတွေကို တောက်လျှောက် မညှိနှိုင်းနိုင်တဲ့ အနေအထား တစ်ခုကနေပြီး တစ်ဖက်မှာ ဒီလမ်းဖောက်လုပ်တဲ့ကိစ္စကိုပဲ ဦးတည်ပြီး လုပ်သွားတဲ့အခါကျတော့ ကျနော်တို့ဘက်က ပိုပြီးတော့ စိုးရိမ်မှုတွေ ရှိလာတာဖြစ်ပါတယ်။ ဘယ်က စပြီးပြောရမလဲဆိုရင် မူလကတည်းက ပြောတဲ့ ဒီလမ်းဖောက် လုပ်မှုက အတိုင်းအတာတစ်ခုထိ ကျနေ်ာတို့ ခွင့်ပေးထားတယ်။ ဘယ်နေရာကနေ ဘယ်အထိ သွားရမလဲဆိုတဲ့ဟာတို့ ပေးတယ်။ ဘယ်နေရာကနေ ဘယ်အထိ ဆိုရင်တော့ ဒါဟာ ဒီလမ်းဖောက်လုပ်တဲ့ ကိစ္စက လူထုတွေအနေနဲ့ ရှင်းရှင်းပြောရင် အရမ်းကို စိုးရိမ်သလို၊ ဒီတပ်ရဲ့ တိုးချဲ့မှုတွေနဲ့ပတ်သက်လို့ ကျနော်တို့မှာလည်း စိုးရိမ်မှုတွေ ရှိပါတယ်။

ဒီအချက်တွေကို အမြဲတမ်းစောင့်ကြည့်နေတဲ့အတွက် ဥပမာတစ်ခု ပေးရမယ်ဆိုရင် ကျနော်တို့ ဘာမပြော ဘာမဆိုပဲ ညှိနှိုင်းမှုမရှိပဲနဲ့ ကျောက်ကြီးကနေ မူသယ်အထိ လမ်းအကျယ်ကြီးချဲ့လိုက်တဲ့ကိစ္စမျိုးတွေ အခိုင်အမာလမ်းကြီးတွေ ဖောက်လုပ်တဲ့ ကိစ္စမျိုးတွေ ကျနော်တို့ ကြားမှာ လုံးဝယုံကြည်မှု ထိခိုက်သွားစေပါတယ်။ ပြောချင်တာက ကျနော်တို့ စောမူပလော၊ လယ်မူပလောဒေသဘက်မှာလည်း အဲ့ဒါက လယ်မူပလောနဲ့ ခေးပူကြားမှာ ဘာမပြော ဘာမဆိုနဲ့ လမ်းဖောက်တဲ့ ကိစ္စတွေဖြစ်တော့ အဲ့ကစပြီး IDP တွေက တစ်ထောင်ကျော်လောက် ပြေးရတဲ့ အပိုင်းတွေ ရှိတာပေါ့။ အဲ့ဒီဟာက ၂၀၁၈ကတည်းက ဖြစ်တဲ့ကိစ္စ။ ဆိုတော့ အဲ့လူတွေက စိုးရိမ်မှု ကြောင့် ရွာမပြန်နိုင်သေးဘူး။ သူတို့က ပုန်းတဲတွေမှာပဲ ရှိနေသေးတယ်။ IDPဘဝအနေနဲ့ပဲ ရှိနေသေးတယ်။

ဆိုတော့ အဲ့ဒီအခက်အခဲဖြစ်တော့ သူတို့(တပ်မတော်)က အဲ့ဒါကို အဲ့ဒီနေရာကနေ အခွင့်ကောင်းယူပြီးတော့ စက်ယန္တရာ အကုန်းလုံး သူတို့ ပြန်ဆင်းလာပြီးတော့ ဘာမှ ကျနော်တို့ကို ညှိနှိုင်းခြင်းမရှိဘဲနဲ့ မူသယ်လမ်းကို ထပ်ဖောက်ပြန်ရော။ ဖောက်လိုက်တဲ့ နေရာမှာလည်း အကျယ်ကြီးပဲ။ တခါတည်းဖောက်လိုက်တဲ့ အခါကျတော့ လူထုတွေအတွက်လည်း စိုးရိမ်မှုရှိသလို၊ ဒါက စစ်ရေးအရ လွမ်းမိုးမှုတွေများ လုပ်နိုင်သလားဆိုတဲ့ ကျနော်တို့ဘက်က စိုးရိမ်မှုတွေရှိတယ်။

အဲ့အတွက်ကြောင့် ကျနော်က ပြောချင်တာက ယုံကြည်မှု တည်ဆောက်ပြီးတော့ အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် လုပ်တာကို ဦးစားပေးပြီးသွားမှာလား၊ ဒီလမ်းဖောက်လုပ်မှုတွေက ပိုပြီး အရေးကြီးသလားဆိုတာက ကျနော်တို့မှာ မေးခွန်းရှိလာတယ်။ အဲ့ဒီလမ်း ဖောက်လုပ်မှုရဲ့ နောက်ကွယ်မှာ ဘာတွေ စဉ်းစားချက်ရှိသလဲဆိုတာ ကျနော်တို့မှာ စိုးရိမ်ချက်တွေ ရှိပါတယ်။ သူတို့မှာစဉ်းစားမှုတွေ ရှိကောင်းရှိနိုင်တယ်။ အဲ့တော့ ဒီအခြေအနေတွေကြောင့် လမ်းနဲ့ပတ်သက်တာကို ကျနော်တို့ ဆွေးနွေးတာထက် ရိက္ခာကို ဘယ်လိုရောက်အောင်ပို့မလဲဆိုတဲ့ ကိစ္စကိုပဲ စဉ်းစားသင့်ပါတယ်ဆိုတဲ့ Propose လုပ်တာဖြစ်ပါတယ်။

မေး။ ။ ကေအဲန်ယူ တပ်မဟာ (၅)ရဲ့ ထုတ်ပြန်ချက်တွေမှာတွေ့ရတာက စစ်တပ်ရဲ့ တပ်စခန်းတိုးချဲ့မှု အခိုင်အမာတည်ဆောက်မှုတွေ နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဆိုတဲ့ အခြေအနေ အပေါ်မှာကော ဘယ်လို မှတ်ချက်ပြုချင်လဲ။

ဖြေ။ ။ လမ်းဖောက်တဲ့ကိစ္စကတော့ ထင်ထင်ရှားရှားဖြစ်လာတဲ့ ကိစ္စပေါ့။ ဒီလမ်းဖောက်တဲ့ ကိစ္စ မတိုင်ခင်ကတည်းကိုက သူတို့ တပ်စခန်းတွေကို အခိုင်အမာဖြစ်အောင် လုပ်တဲ့ဟာတွေ နောက်ပြီးတော့ တပ်စခန်းအသစ်တွေ အထူးသဖြင့် တပ်မဟာ (၅) နဲ့ တပ်မဟာ (၃)တွေမှာ အော်လာတာတွေ အခုဆို တပ်မဟာ (၁)ဘက်မှာလဲ တပ်စခန်းသစ်တစ်ခုနှစ်ခု လုပ်လာတဲ့ ပုံစံမျိုးတွေ ကျနော်တို့ သတင်းကြား နေရတယ်။ ဆောက်မယ်ဆိုတဲ့ ပုံစံမျိုးပေါ့။

ပြောချင်တာက အပစ်အခတ်ရပ်စဲရေးအပေါ်မှာပဲ တကယ် အာသီသ (စိတ်ဆန္ဒ) မရှိဘူးဆိုတဲ့ သံသယမျိုးကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ကျနော်တို့ အပစ်အခတ်ရပ်စဲရေးတကယ်ခိုင်မာချင်တယ်ဆိုရင် ကိုယ့်တပ်တွေ သူ့တပ်တွေရှိတဲ့ နေရာတွေမှာ အကုန်လုံး ရပ်နေပြီးတာ့ တဖက်မှာ ဒါတွေကို ဘယ်လိုပုံစံမျိုးနဲ့ ထိတွေ့မှုမရှိအောင် ဆွေးနွေးမလဲဆိုတဲ့ အခြေခံနဲ့ သွားသင့်ပါတယ်။ အခုက အဲ့လို မသွားဘဲနဲ့ ဆွေးနွေးပွဲတွေကို ရှောင်ပြီးတော့ တဖက်သတ် ကိုယ့်ရဲ့ အင်အားတိုးချဲ့တဲ့ ကိစ္စ အင်အား တိုးချဲ့တယ်လို့ ပြောတဲ့နေရာမှာ စခန်းသစ်ဆောက်တာတို့ လိုတာထက် ပိုပြီး လူအင်အားတွေ ပို့တဲ့ ကိစ္စတွေ၊ အခုလမ်းဖောက်တဲ့ကိစ္စမှာ ကျနော်တို့ အင်အားတိုးချဲ့တဲ့ ကိစ္စလို့ ကျနော်တို့ သတ်မှတ်ပါတယ်။

အဲ့အတွက်ကြောင့် ဒီလို ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ NCA အရ ချိုးဖောက်တယ်လို့ နားလည်ပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့က NCAအပေါ် အခြေခံပြီးတော့ မားမားမတ်မတ် ရပ်တည်ပြီးတော့ ပြန်ပြီး ဆွေးနွေး လိုတာပေါ့။ ဒါကြောင့် ဒီ NCA အခန်း (၃)အပေါ်မှာ ပြန်ပြီးတော့ ဆွေးနွေးလိုက်မယ်ဆိုရင် နှစ်ဖက်ကြားမှာ အင်အားတိုးချဲ့မှုဆိုတာ ဘာလဲ၊ ကင်းထောက်ခြင်းဆိုတာ ဘာလဲ၊ နယ်မြေစိုးမိုးခြင်းဆိုတာ ဘာလဲ ဆိုတဲ့ အဓိပ္ပာယ်ကို သေချာဖော်ထုတ်လိုက်နိုင်တယ်ဆိုရင် နှစ်ဖက်ကြားမှာ တူညီတဲ့ သဘောထားအရ ဆောင်ရန် ရှောင်ရန်တွေ တိတိကျကျပေါ်လာမယ်ဆိုရင် ကျနော်တို့ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

မေး။ ။ ပစ်ခတ်မှုနောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်လာတဲ့ စစ်ပြေးရှောင်တွေအတွက် ကေအဲန်ယူအနေနဲ့ ဘယ်လို အစီအစဉ်တွေရှိလဲ။

ဖြေ။ ။ ကျနော်တို့ ကြိုးစားပြီးတော့ နည်းလမ်းရှာနေပါတယ်။ IDPတွေရဲ့ လတ်တလောအနေအထားမှာ ထပ်တိုးလာတဲ့ အပိုင်းတစ်ပိုင်းပေါ့၊ ၂၀၁၈တုန်းက ရှိထားတဲ့ တစ်ထောင်ကျော်က မပြန်နိုင်သေးတာနဲ့ တိုးလာတာဆိုရင် နှစ်ထောင်ကျော်ပေါ့။ ဆိုတော့ အခြေခံပေါ်မှာမူတည်ပြီးတော့ လောလောဆယ် အဓိက စဉ်းစားမှုကတော့ ဒီ Tension (တင်းမာမှု)ကို လျော့ကျသွားအောင် အရင်လုပ်ဖို့ လိုပါတယ်။ ဒီ Tensionကို လျော့ကျအောင် ကြိုးစားမှသာလျှင် IDP ဖြစ်ရတဲ့ အဓိက ပင်မအကြောင်းအရင်းက NCAအပေါ်မှာ အခြေခံတဲ့ အတွက်ကြောင့် အဲ့ဒါကို ကြိုးစားပြီး ဆွေးနွေးဖို့ လုပ်နေပါတယ်။

မေး။ ။ တစ်ဖက်မှာက ပစ်ခတ်မှုတွေက ဆက်လက်ဖြစ်ပွားနေဆဲ အခြေအနေမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်က ဘယ်လို ဆက်ဖြစ်မလဲ၊ လက်ရှိအခြေအနေကော ဘယ်လိုရောက်နေပြီးလဲ။

ဖြေ။ ။ ကေအဲန်ယူအနေနဲ့ တကယ် တည်တံ့ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို လိုချင်ပါတယ်။ လိုချင်တဲ့ အတွက်ကြောင့်လည်း ဒီ NCA အကောင်အထည်ဖော်မှုကို တွန်းတွန်းတိုက်တိုက်နဲ့ ပါဝင်ခဲ့တာ။ အဲ့တော့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဆိုတာက နိုင်ငံရေး ရလဒ်ထွက်လာဖို့ လိုပါတယ်။ နိုင်ငံရေးအရ ရလဒ် ကောင်းတွေ ထွက်လာခြင်းဟာ အောက်ခြေမှာလည်း တစ်ဖက်ကလည်း တင်းမာမှုတွေကို အတိုင်းအတာတစ်ခု အထိတော့ လျော့ကျအောင် အထောက်အပံ့လည်း ပေးပါလိမ့်မယ်။ အဓိက ကတော့ ဒီကနေ့ ဆွေးနွေး ညှိနှိုင်း အဖြေရှာတဲ့ ခံယူချက်နဲ့ ကျနော်တို့ တွန်းတွန်းတိုက်တိုက်နဲ့ ဆက်သွားမယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှု ဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာ Stakeholder (ပါဝင်ပတ်သက်သူ)တွေ ဆွေးနွေး ညှိနှိုင်းဘက်တွေ ကြားထဲမှာလည်း အာသီသ (စိတ်ဆန္ဒ) ပြင်းပြမှလည်း ဖြစ်မှာ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ အာသီသ ပြင်းပြစွာနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ၊ တပ်တပ်ချင်း တွေ့ဆုံညှိနှိုင်းမှုသော်လည်းကောင်း နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းပြီး ဖက်ဒရယ် တည်ဆောက်မှု အခြေခံရရှိမှုသော်လည်းကောင်း တစိုက်မတ်မတ် ကြိုးစားနေပါတယ်။

မေး။ ။ ဒီ ဖာပွန် ကိစ္စရပ်အပေါ် ခြုံငုံပြီး ဘာများ ဖြည့်စွက်ပြီး ပြောချင်ပါသေးသလဲ။

ဖြေ။ ။ ချုပ်ပြီးပြောရရင်တော့ ဒီကိစ္စရဲ့အားလုံးရဲ့ ရေသောက်မြစ်ကတော့ ဒီ NCAအပေါ်မှာ လိုလိုလားလားနဲ့ အကောင်အထည်ဖော်လိုခြင်း ရှိခြင်း၊ မရှိခြင်း မေးခွန်းအပေါ်မှာ အားလုံးဖြေရမှာ ဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် ဒီ NCAအပေါ်မှာ တစ်စိုက်မတ်မတ်နဲ့ အကောင်အထည်ဖော်လိုတဲ့ ဆန္ဒက ပါးစပ်ဖျားကနေ လုပ်လို့ မရပါဘူး။ လက်တွေ့ အောက်ခြေအဆင့်မှာ လုပ်ရမှာဖြစ်သလို ဒီနိုင်ငံရေးဆွေးနွေးပွဲမှာလည်း ပြသဖို့လို ပါတယ်။ ဒီ ယုံကြည်မှုတည်ဆောက်ရေးဆိုတာက ဒီပါးစပ်ဖျားကနေ ပြောလို့မရဘူး။ လက်တွေ့ သဘောတူ ထားတဲ့ သဘောတူညီချက်တွေကို ဘယ်လောက်ထိ လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ အဲ့ဒါ ပထမအချက်အနေနဲ့ ပြောချင်ပါတယ်။

ဒုတိယ အချက်အနေနဲ့ကတော့ ပြည်သူလူထုကို ပြောချင်တာကတော့ ကျနော်တို့ ငြိမ်းချမ်းရေးကို ရောက်သေးတာ မဟုတ်ပါဘူး။ အပစ်အခတ်ရပ်စဲရေး အနေအထားမှာပဲ ရှိနေပါတယ်။ ဆိုတော့ အပစ်အခတ်ရပ်စဲရေး ကာလတစ်ခုမှာတော့ နှစ်ဖက် နှစ်ရှည်လများ ရန်သူပမာနေခဲ့တဲ့ အတိုင်းအတာတစ်ခုအထိ ရှိလာတဲ့အခြေခံကနေ ချက်ချင်းကြီး လွယ်လွယ်ကူကူရသွားဖို့ကတော့ ခဲယဉ်းပါလိမ့်မယ်။ ဒါပေမဲ့ ပြည်သူလူထု အနေနဲ့ အပစ်အခတ်ရပ် စဲရေး ကာလတစ်ခုမှာတော့ အပစ်အခတ်ရပ်စဲထားတဲ့ ကာလတစ်ခုဖြစ်ပေမဲ့ နှစ်ဖက်နားလည်မှု လွဲတဲ့ အခြေခံပေါ်မှာမူတည်ပြီး ထိတွေ့မှု ရှိတဲ့ အပိုင်းတစ်ပိုင်းကတော့ ရှိပါလိမ့်မယ်။ အပစ်အခတ်ရပ်စဲခြင်းကနေ လုံးဝ ရပ်ဆိုင်းပြီးတော့ ရပ်တန့်သွားတာမဟုတ်ဘူးဆိုတဲ့ အခြေခံ တစ်ခုက ရှိပါသေးတယ်။

အဲ့အတွက်ကြောင့် ဒီအခြေအနေမှန်ကိုလည်း သုံးသပ်ပြီးတော့ ပြည်သူလူထုတွေရဲ့အပိုင်း သက်ဆိုင်ရာ အကုန်းလုံး Stakeholder က အပစ်အခတ်ရပ်စဲရေး ခိုင်မာမှုနဲ့ နိုင်ငံရေး အဖြေထွက်ဖို့ ဆိုတဲ့ အပိုင်းကို ဝိုင်းပြီးတော့ တွန်းတွန်းတိုက်တိုက်နဲ့ပါဝင်ကြဖို့ လိုအပ်ပါတယ်။

စအိုင်ဆူး (ကေအိုင်စီ)-တွေ့မေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here