ကချင်ပေါင်းစည်းပါတီ (KSPP) ဥက္ကဌ ဒေါက်တာတူးဂျာနှင့် မေးမြန်းခြင်း

0
146

မတ်လ ၃ရက် ၂၀၂၀

“ငြိမ်းချမ်းရေး ကျန့်ကြာနေတာက ခေါင်းဆောင်မှုပိုင်းမှာ အများကြီးမူတည်တယ်။.. ပြောတာက ငြိမ်းချမ်းရေး လုပ်နေတာက မငြိမ်းချမ်းရေး” ဒေါက်တာတူးဂျာ (ဥက္ကဌ ၊ KSPP)

၂၀၂၀ ရွေးကောက်ပွဲနှစ်ရောက်လာပေမယ့် ငြိမ်းချမ်းရေးအတွက် မြောက်ပိုင်းတပ်ဖွဲ့နှင့် အစိုးရတပ်တို့ အပစ်ခတ်ရပ်စဲရေးလက်မှတ် တစ်စုံတစ်ရာ မထိုးနိုင်သေးတဲ့အပေါ်မှာ ငြိမ်းချမ်းရေးဖြစ်စဉ် အသေးစိတ်ပါဝင်နေတဲ့ ဒေါက်တာတူးဂျာနှင့် မေးမြန်းထားပါတယ်။ ဒေါက်တာတူးဂျာဟာ KIO ဒုဥက္ကဌ ဟောင်းတစ်ဦးလည်းဖြစ်သလို လက်ရှိမှာတော့ ကချင်ပေါင်းစည်းပါတီဖြစ်တဲ့ KSPP မှာ ဥက္ကဌ တာဝန်ယူထားပါတယ်။

မေး။ ။ရွေးကောက်ပွဲလည်းနီးလာပေမယ့် အခုထိ မြောက်ပိုင်း ၄ ဖွဲ့နဲ့ အစိုးရတပ်မတော်ဘက်က လက်မှတ်တစ်စုံတစ်ရာ မထိုးနိုင်တာက ဘယ်လိုမျိုးအခြေအနေကြောင့်လို့ သုံးသပ်ပါသလဲ။

ဖြေ။ ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အစိုးရတပ်မတော်ကြား Bilateral လက်မှတ်ရေးထိုးဖို့ သူတို့တွေ့ဆုံ ဆွေးနွေးလာတာ တော်တော်လေးအဆင့်ရောက်လာပြီလို့တော့ ယူဆတယ်။ ဇန်နဝါရီလ နောက်ဆုံး ပိုင်းလောက် မှာ တစ်ခါတွေ့ဖို့ဖြစ်တဲ့ခါ တရုတ်နှစ်သစ်ကူးက ဇန်နဝါရီ ၂၄ ကနေ ဖေဖော်ဝါရီ ၁၀ ရက်နေ့ထိ ဖြစ်ခဲ့တာကို။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကျတော့ ပြည်ထောင်စုနေ့ပြန်ဖြစ်ရော ၁၃ ကနေပြန်ပြီး သူတို့က တွေ့ဖို့ ပထမ ကတော့ ရည်ရွယ်ထားတာပေါ့။ ဒါပေမဲ့ အခုက တရုတ်နိုင်ငံမှာဖြစ်နေတဲ့ CORONA ရောဂါကြောင့် သွားရေးလာရေး ခက်ခဲရှိတယ်။ ခွေးမြင့် မှာလည်း အစည်းအေ၀း ကျင်းပလို့မရဘူး ဆိုပြီး ရက်ပြန်ရွေ့ရတယ်လို့ ကြားရတယ်။ ကျနော်ကတော့ တော်တော်စိတ်ပျက်တယ်။ ဒီလိုနဲ့ပဲရက်ရွေ့ရွေ့နဲ့ နောက်ဆုံးပျက်သွားနိုင်တယ်။ ဒါကို သက်မှတ်ထားတဲ့အချိန်ဇယားအတိုင်း မှန်မှန်ကန်ကန် တွေ့ဆုံဆွေးနွေးသွားနိုင်မယ်ဆိုရင် အများကြီးအလားအလာကောင်းပြီလို့တော့ ကျနော်မြင်တာပဲ။ မြောက်ပိုင်းအခြေအနေကတော့ အခုကျနော်တွေးဆလို့ မရဘူးဖြစ်နေတယ်။ ဘယ်တော့မှ ဒီရောဂါ ကင်းရှင်းမှာလည်း။ အဲကြောင့် ဒီမြောက်ပိုင်းအဖွဲ့ရဲ့ တွေ့ဆုံဆွေးနွေးပွဲက ပြည်တွင်းမှာ သင့်တော်တဲ့ တစ်နေရာရာ CORONA မစိုးရိမ်ရတဲ့ နေရာမှာ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် အင်မတန်ကောင်းမှာပါ။ ဒါပေမယ့် ဒီခေါင်းဆောင်ပိုင်းအနေနဲ့ ဒီလိုမဆွေးနွေး မဆုံးဖြတ်ဘူးဆိုရင်တော့ တော်တော်ကြာအုံးမယ်။

မေး။ ။တပ်မတော်ဘက်ပြောတာက ဒီ AA တွေဟာ လိုင်ဇာမှာရှိနေတယ်။ ပြီးတော့ မြောက်ပိုင်း ၄ ဖွဲ့မှာ ပါနေတယ်။ သူတို့ပါနေတဲ့အတွက် ငြိမ်းချမ်းရေးလက်မှတ် Bilateral လက်မှတ်ထိုးဖို့အတွက် နှောက်နှေးကျန့် ကြာမှုတွေဖြစ်နေတယ်ဆိုပြီး အများက သုံးသပ်ကြတဲ့အပေါ်မှာရော ဘယ်လိုသုံးသပ်မိပါသလဲ။ တကယ်လို့ AA အဖွဲ့က လိုင်ဇာမှာရှိနေလို့ ငြိမ်ချမ်းရေးက ပျက်ပြယ်သွားနိုင်လား အဲဒီအပေါ်မှာရော ဘယ်လို သုံးသပ်လဲ။

ဖြေ။ ။ KIO ကလွဲလို့ ကျန်တဲ့ ၃ဖွဲ့ ကတော့ Bilateral ကို သိပ်ပြီး ဆန္ဒမရှိဘူးလို့ကြားသိရတယ်။ အဲလိုအခြေအနေမျိုးမှာ KIO က Bilateral ထိုးဖို့ သီးသန့်ကြီး လုပ်ဆောင်ကောင်းလုပ်ဆောင်သွားနိုင်စရာရှိတာပေါ့။ ဒါပေမဲ့ မကြာတဲ့နောက်ပိုင်းမှာ ဒီ ၃ ဖွဲ့ ကလည်း Bilateral ထိုးဖို့ ဆန္ဒရှိလာတဲ့အတွက်ကြောင့် အခုက ၄ ဖွဲ့နဲ့တွေ့ဖို့ ဖြစ်နေတယ်။ အစိုးရတပ်မတော်တွေနဲ့ ကိုယ်စားလှယ်တွေ မြောက်ပိုင်း ၄ ဖွဲ့နဲ့ ဆက်လက်ပြီး ကျင်းပဆွေးနွေးသွားဖို့ဆိုတဲ့ အဆင့်ပြန်ဖြစ် လာတာပေါ့လေ။ ဒီအနေအထားကို ကြည့်မယ်ဆိုရင်လည်း AA လည်း Bilateral ထိုးဖို့ ဆန္ဒရှိတယ်။ အစိုးရဘက် ကလည်းဒါကို နားလည်ပေးပြီးတော့မှ အပြန်အလှန်နားလည်မှုရှိရှိနဲ့ သဘောထားကြီးကြီးနဲ့ AA ရခိုင်ပြည်နယ် ပြသာနာကို တွေ့ဆုံဆွေးနွေးဖြေရှင်းသွားမယ်ဆိုရင် အလားအလာကောင်းတွေ ပေါ်ထွန်းလာနိုင်တယ်။

မေး။ ။ IDP တွေ နေရပ်ပြန်နိုင်ရေးအတွက် နှစ်ဖက်သော KHCC ဘာသာရေးအဖွဲ့ ကနေလုပ်နေတယ်။ NRPC ဘက်ကလည်း လုပ်နေပေမယ့် ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေးတဲ့အပေါ်မှာ ဘယ်လိုမျိုးသုံးသပ်ပါသလဲ။

ဖြေ။ ။ IDP တွေနေရပ်ပြန်နိုင်ရေးကို KIO ဘက်ကရော အစိုးရတပ်မတော်ကရော လိုလားနေတာဖြစ်တယ်။ ပြည်သူတွေသာမက အကုန်လိုလားချက်တစ်ခု ဖြစ်တယ်။ အခု တစ်ချို့တစ်လေက ပြန်နေပြီ။ အစိုးရဘက်ကလည်း ဒေါက်တာ ၀င်မြတ်အေးက လားရှိုးမှာ တစ်ခါ ၊ မြစ်ကြီးနားမှာတစ်ခါ ဆွေးနွေးပွဲလုပ်တာပေါ့ လေ။ လူမှုကယ်ဆယ်ရေး၀န်ကြီး သူပြောတဲ့အတိုင်းဆိုရင် IDP စခန်းတွေအားလုံးရုပ်သိမ်းသွားမယ်လို့ပြောတာပဲ။ IDP ပြန်နိုင်ရေးကိုသာ အစိုးရတပ်မတော်က ဆုံးဖြတ်လိုက်ပြီ ဆိုတဲ့ အဓိပ္ပါယ်ပေါက်တာပေါ့။ ဒီဆုံးဖြတ်လိုက်ပြီ ဆိုတဲ့ အဓိပ္ပါယ်ပေါက်တယ်ဆိုတာက ဘယ်ပေါ်မူတည်နေလည်းဆိုတော့ တိုက်ပွဲအဆင့်မရှိတော့ဘူးဆိုတဲ့ ခံယူချက်ပေါ်မူတည်တာပေါ့နော်။ တိုက်ပွဲက လောလောဆယ်မရှိပါဘူး။ ကချင်ပြည်နယ်မှာ တိုက်ပွဲမရှိတာ နည်းနည်းတော့ကြာပြီပေါ့လေ။ ကိုးကန့် အထူးသဖြင့် ပလောင်နဲ့ AA ရခိုင်ပြည်နယ်ကြား မှာပဲ အစိုးရနဲ့ ဖြစ်နေတဲ့ တိုက်ပွဲလောက်ပဲရှိတာကို။ IDP အများစု ရာခိုင်နှုန်း ၉၀ လောက်ရှိနေတာ ကချင်ပြည်နယ်ထဲမှာ ဖြစ်နေတယ်။ ဒါကြောင့်မို့ KIO KIA နဲ့ အစိုးရတပ်မတော်ကြား တစ်ကယ်ပဲ တိုက်ပွဲထပ် မဖြစ်လာအောင် နှစ်ဖက်သဘောတူညီကြပြီဆိုရင် ဒီ IDP တွေကို စနစ်တကျ ပြန်ခိုင်းဖို့ လွယ်ကူသွားမယ်လေ။ IDP တွေ နေရပ်ပြန်ခိုင်းရေး ကိစ္စကတော့ တော်တော်လေးအလားအလာကောင်းလာတယ်လို့ ကျနော် မြင်ပါတယ်။ အစိုးရ တပ်မတော် ၊KIO နှင့် KHCC စတဲ့ ၃ ဖွဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့မှ စနစ်တကျ သူတို့ကို ပြန်လည်နေရာချထားရေး အမြန်လုပ်ဆောင်နိုင်ဖို့ အရေးကြီးတယ်။ လက်တွေ့ကျကျ စနစ်တကျလုပ်ဆောင်ရင် KIO နဲ့ အစိုးရကြားမှာ Bilateral အရင်ထိုးရမယ်။ Bilateral ထိုးနိုင်မှ ပိုသေချာတာပေါ့။

မေး။ ။ KIO နဲ့ မြန်မာ့တပ်မတော်က နှစ်ဖွဲ့က Bilateral မထိုးပဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲ အလားအလာက ဘယ်လိုမျိုးရှိနိုင်မလဲ။

ဖြေ။ ။ အရင်က ၂၀၁၀ မှာရော ၂၀၁၅ မှာရော KIO/KIA က လုံး၀ အနှောက်အယှက်မပေးပါဘူး။ ဒါကြောင့် အခု ၂၀၂၀ မှာရော အနှောက်အယှက်ပေးမှာ မဟုတ်ပါဘူး။ ဒါကတော့ သေချာတယ်။ ၂၀၂၀ က ဟို ၂၀၁၅ တုန်းကထက် အခြေအနေပိုကောင်းလာတယ်။ Bilateral လက်မှတ်ရေးထိုးဖို့အတွက်တောင် နီးကပ်လာပြီဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပိုပြီး လုံခြုံတယ်။ KIO က နကိုကတည်းကလည်း အနှောက် အယှက်မပေးခဲ့သလို အခု ၂၀၂၀ မှာရော ပိုပြီး အနှောက်အယှက်ပေးမှာမဟုတ်ဘူး။

မေး။ ။ ငြိမ်းချမ်းရေးမရသေးလို့ လိုရာခရီးကို အမြန်မရောက်ဘဲနဲ့ ကျန့်ကြာနေတဲ့အပေါ် ဘယ်လိုပြောချင်လဲ။

ဖြေ။ ။ ငြိမ်းချမ်းရေး ကျန့်ကြာနေတာက ခေါင်းဆောင်မှုပိုင်းမှာ အများကြီးမူတည်တယ်။ အစိုးတပ်မတော် ၊ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါ့။ နိုင်ငံရေးပါတီလည်းပါတယ်။ အဓိကကတော့ အစိုးရတပ်မတော် ၊ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အစု ၃ စုမှာ မူတည်တယ်။ ပြောတာက ငြိမ်းချမ်းရေး လုပ်နေတာက မငြိမ်းချမ်းရေး။ ပြောတာက အပစ်အခတ်ရပ်စဲရေး လုပ်တာက အပစ်ခတ်မရပ်ရေး ဆိုတော့ ဘယ်လိုလုပ်မလဲ။ တကယ်ငြမ်းချမ်းရေးလိုချင်ရင် တကယ်ပြုပြင်ပြောင်းလဲရေးလိုလားတယ်။

မေး။ ။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နောက်ဆုံးအခြေအနေအရ ဘာတွေ ထပ်ပြီး ဖြည့်စွက်ပြောချင်လဲဗျာ။

ဖြေ။ ။ ငြိမ်းချမ်းရေးနဲ့ ပက်သက်တာကို မြန်မြန်လုပ်ကြပါ။ ဒါက ကလေးကစားဒါမဟုတ်ဘူး။ ဒါ ပြည်ထောင် စုတစ်ခုလုံးမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ အကျိုးစီးပွားကို ရှေးရှုရမယ်။ ဒါကြောင့် ခေါင်း ဆောင်ပိုင်းအနေနဲ့ ပြည်ထောင်စုဆိုတာကို ဘယ်သူမှလည်းမငြင်းပယ်ပါဘူး။ ဒါပေမယ့် ပြည်ထောင်စုမျိုးနွယ်ဆိုတာကျတော့ မတူကြဘူးဗျ။ တစ်ချို့က ပြည်ထောင်စုစိတ်ဓါတ် ပူးပေါင်းနေထိုင်ရေးတာနဲ့ပြီးသွားပြီ။ ပူးပေါင်းနေထိုင်ရေးက ဘာမှပြသာနာမပေါ်အောင် တည်ငြိမ်အေးချမ်းမှုရှိအောင်ဆိုရင် တန်းတူအခွင့် အရေးရှိရမယ်။ တိုင်းရင်းသားအချင်းချင်း ၊ လူမျိုးအချင်းချင်းကြား တန်းတူအခွင့်အရေးရှိရမယ်။ ခွဲခြားဆက်ဆံတယ်ဆိုတာ လုံး၀မရှိရဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုရှိရမယ်။ ဒါမှ ငြိမ်းချမ်းရေးအစစ်အမှန်သာရမှာ ဖြစ်တယ်။ အားလုံးက ဒါကို နားလည်သဘောပေါက်ပြီး ဒါကို လက်တွဲဆောင်ရွက်နိုင်မှ ပြည်ထောင်စုငြိမ်းချမ်းနိုင်မယ်လို့ ကျနော်ပြောချင်တယ်။

ကေအန်ဂျီမှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here