“ပြည်သူလူထုတွေကို မတရားအနို်င်ကျင့်လို့ရှိရင်ဘယ်သူပဲကျူးလွန်ကျူးလွန် အဲဒီလူကို ကျနော်တို့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှာပဲ” ဦးခိုင်သုခ

0
373
ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခနှင့် မေးမြန်းခြင်း

ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခနှင့် မေးမြန်းခြင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်၀မြို့နယ်၊ ဆီဖလောင်းကျေးရွာသား မူလတန်းကျောင်းအုပ်ဆရာ ဦးအာဗြေလနှင့် ကြက်ဥ၀ရွာသား (၂) ဦးတို့သည် လက်နက်ကိုင်တစ်စုမှ ပြီးခဲ့သည့် ဇန်နဝါရီလ (၇) ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပျောက်ဆုံးသွားရာမှ ရွာသားများက လိုက်လံရှာဖွေကြရာ (၃) ရက်မြောက်နေ့ ဇန်နဝါရီလ (၁၀) ရက်နေ့၌ တောတွင်းတစ်နေရာတွင် လက်ပြန်ကြိုးတုပ်လျက် ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြသည်။ ခူမီးချင်းမျိူးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) ကတော့ ဦးအာဗြေလနှင့် ရွာသား (၂) ဦးတို့ကို ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့၀င်များက ကြက်ဥ၀ကျေးရွာတွင် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဇန်နဝါရီလ (၁၀) ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ထားသည်။

ထို့အပြင် (အေအေ) တပ်ဖွဲ့၀င်များသည် ကျီးလေကျေးရွာသို့ ၀င်ရောက်အခြေပြု၍ ကျေးရွာရှိ အမျိူးသမီးငယ်တစ်ဦးအား လက်နက်ဖြင့်ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ရန်ကြိုးစားပြီး ကျေးရွာတာ၀န်ရှိလူကြီးများကိုလည်း ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့သည်ဟု ပြောဆိုထားသည်။ ယင်းကိစ္စများနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်ပြောရေးဆိုင်ခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ပလက်၀မြို့နယ်၊ ဆီဖလောင်းကျေးရွာက မူလတန်းပြကျောင်းအုပ်ဆရာ ဦးအာဗြေလနဲ့ ကြဥ၀ကျေးရွာက ရွာသား (၂) ဦး သေဆုံးတဲ့ကိစ္စမှာ အေအေရဲ့ လက်ချက်မကင်းဘူးဆိုပြီး ပြောဆိုနေကြတယ်။ ဒီကိစ္စအပေါ် ဘာများပြောချင်ပါလဲ။

ဖြေ။ ။ အဲဒီ ဆီဖလောင်းကျေးရွာမှာ ခမီးလူမျိုး ကျောင်းဆရာတစ်ယောက်နဲ့ ဒီ ရခိုင်လူမျိုး (၂) ဦးကို ဖမ်းသွားပြီးတော့မှ နောက်တစ်နေ့မှာ အလောင်းတွေ့တယ်ဆိုတဲ့ကိစ္စကို အဲဒီ KACC ရဲ့ထုတ်ပြန်ချက်မှာ ကျနော်တို့ဘက်က ဖမ်းသွားတယ်ဆိုပြီးတော့ အဲလိုမျိုးစွပ်စွဲထားတာရှိတယ်၊ ဆိုတော့ အဲဒီကိစ္စက ကျနော်တို့နဲ့ လုံး၀ပက်သက်မှုမရှိဘူး၊ ကျနော်တို့ဘက်က လုပ်တာလည်း လုံး၀မဟုတ်ဘူး၊ ဆိုတော့ အဲဒီအခင်းဖြစ်တဲ့နေရာကို ကျနော်တို့လည်း လေ့လာကြည့်တာပေါ့၊ အဲဒီအခင်းဖြစ်တဲ့နေရာက (ခလ ၂၈၉) နောက်ကျောမှာဖြစ်တာဆိုတော့ အဲဒီ (ခလ ၂၈၉) ရဲ့ နောက်ကျော ဟိုဘက်မှာဆိုလို့ရှိရင် မီးချောင်းတံတားရှိတယ်၊ အဲဒီမီးချောင်းတံတားရဲ့ထိပ်မှာ မြန်မာစစ်တပ်ဘက်ကနေ လက်နက်ကြီးစခန်းရှိတယ်၊ အဲဒီမှာတင် စစ်ကြောင်းတွေလည်း ရှိတယ်၊ ဗမာစစ်တပ်တွေ လုံခြုံရေးထူထပ်တဲ့နေရာဆိုတော့ အဲဒီနေရာမှာ အဲဒီလူတွေ အဖမ်းခံရပြီးတော့ အသတ်ခံရတာဆိုတော့ ကျနော်တို့ လေ့လာတွေရှိချက်သလောက်က မြန်မာစစ်တပ်ကနေပြီးတော့ သူတို့ရဲ့ သတင်းပေးတွေပေါ့၊ အဲဒီသတင်းပေးတွေက မြန်မာစစ်တပ်ကခိုင်းလို့ သတ်လိုက်တယ်ဆိုပြီးတော့ အဲလိုပဲ သိရတာရှိတယ်၊ ဆိုတော့ အဲဒီကိစ္စ ကျနော်တို့နဲ့ လုံး၀ ပတ်သက်မှုမရှိဘူး။

မေး။ ။ ဒါဆိုရင် အခုသေဆုံးသွားတဲ့ (၃) ဦးကို အေအေတပ်ဖွဲ့အနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာ မဟုတ်ဘူးပေါ့။

ဖြေ။ ။ လုံး၀မဟုတ်ဘူးဗျ၊ အဲဒီနေရာက ကျနော်တို့တပ်စုတွေလည်း မရှိဘူးဆိုတော့၊ အဲဒီမှာ ဖမ်းသွားတယ်ဆိုတဲ့ ဥစ္စာက သူတို့မြန်မာစစ်တပ်ဘက်ကနေပြီး တပ်ဖွဲ့တစ်ချို့နဲ့ သူတို့ရဲ့ သတင်းပေးတွေက ဖမ်းသွားပြီးတော့မှ အဲလိုသတ်လိုက်တာပေါ့နော်၊ သတ်လိုက်ပြီးတော့မှ ဒါ AA ကလုပ်သလိုမျိုး ပုံဖော်တာ ပြောရမယ်ဆိုလို့ရှိရင်တော့ ဒီကိစ္စက သွေးရိုးသားရိုးတော့မဟုတ်ဘူး၊ ဒီ တရုတ်သမ္မတရဲ့ ခရီးစဉ်မတိုင်ခင်မှာ ကျနော်တို့ ရက္ခိုင့်တပ်တော်ကို ပြည်သူလူထုနဲ့နိုင်ငံတကာကြားမှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပုံဖော်ချင်တဲ့အတွက်ကြောင့်မို့လို့ အဲလိုမျိုးလုပ်တာတွေရှိတယ်။

မေး။ ။ သေဆုံးသွားတဲ့သူတွေဟာ လက်ကိုနှောက်ပြန်ကြိုးတုပ်ထားပြီး ဓားဒဏ်ရာနဲ့ သေဆုံးနေတာကို ဓာတ်ပုံတွေထဲမှာ တွေ့ရတယ်၊ အေအေ လက်ချက်မဟုတ်ရင် ဘယ်သူ့လက်ချက်ဖြစ်နိုင်မလဲ။

ဖြေ။ ။ အဲဒီဥစ္စာ ကျနော်တို့လေ့လာသိရှိသလောက်ကတော့ အဲဒီမှာ မြန်မာစစ်တပ်ရဲ့ ထောက်လှမ်းရေးသတင်းပေးတွေပေါ့၊ မြန်မာစစ်တပ်ရဲ့ စစ်ဘက်ထောက်လှမ်းရေးတွေက သူတို့ရဲ့ အရပ်ဖက်သတင်းပေးတွေကို အသုံးပြုပြီးတော့မှ အဲလိုမျိုး အဲဒီရွာသားတွေကို ဖမ်းဆီးပြီးတော့မှ သတ်ဖြတ်လိုက်တယ်ဆိုပြီးမှ ကျနော်တို့ သိထားတာရှိတယ်။

မေး။ ။ ကျီးလေကျေးရွာမှာ အေအေတပ်ဖွဲ့တွေအခြေချပြီး ကျေးရွာမှာရှိတဲ့ အမျိူးသမီးငယ်ကို အေအေတပ်ဖွဲ့၀င်တစ်ဦးက အဓမ္မပြုကျင့်ဖို့ကြိုးစားတယ်၊ ရွာထဲကလူကြီးတွေကိုလည်း ကိုယ်ထိလက်ရောက်ရိုက်နှက်တာတွေလုပ်တယ်လို့သိရပါတယ်။ အေအေတပ်ဖွဲ့တွေအနေနဲ့ အလိုမျိူးတကယ်ကျူးလွန်မှုတွေရှိခဲ့လား။

ဖြေ။ ။ အဲဒီလိုမျိုးတော့ လုံး၀မရှိဘူးဗျ၊ ကျနော်တို့ အဲဒီကိစ္စကို ကျနော်တို့သက်ဆိုင်ရာ တပ်ရင်းမှူးတွေကို သွားပြီးတော့ ကျနော်တို့စုံစမ်းစစ်ဆေးမှုတွေကိုလုပ်ပြီးပြီ၊ အဲဒီစုံစမ်းစစ်ဆေးမှုတွေက ရလာတဲ့ရလဒ်တွေကိုလည်း ဒီနေ့ ကျနော်တို့ခုနပဲ Video နဲ့တကွ အဲဒီမှာ ရွာသားတွေနဲ့ ကျနော်တို့လည်း အပြန်အလှန်စကားပြောနေတဲ့ စစ်ဆေးချက်တွေကို ကျနော်တို့အခုပဲ Video ဖိုင်ထုတ်ပြန်လိုက်တာရှိတယ်၊ ဆိုတော့ အဲဒီမှာ အဲဒီသက်ဆိုင်ရာ အမျိုးသမီးပေါ့နော်၊ သူ့ကိုလည်းပဲ ကျနော်တို့ လူတွေ့ပြီးတော့မှ စစ်ဆေးမေးမြန်းပြီးပြီဆိုတော့ အဲလိုမျိုးလုပ်တာလုံး၀မရှိဘူး၊ အဲဒီနေ့က ကျနော်တို့စစ်ကြောင်းတစ်ကြောင်းက အဲဒီကျီးလေရွာကို ၀င်တာတော့မှန်တယ်၊ အဲဒီမှာ၀င်တဲ့အကြောင်းရင်းကလည်းပဲ အဲဒီကျီးလေရွာထဲမှာရှိနေတဲ့ မြန်မာစစ်တပ်ရဲ့ သတင်းပေးပေါ့နော်၊ အဲဒီသတင်းပေးကို ကျနော်တို့က စစ်ဆေးဖို့သွားတာ အဲဒီချိန်မှာ သတင်းပေးကထွက်ပြေးသွားတယ်၊ သူ့သမီးနှစ်ယောက်ကျန်ခဲ့တဲ့ဥစ္စာကို ကျနော်တို့ဘက်က ခဏလေးထိန်းသိမ်းထားတာ၊ အဲဒါ သူ့အဖေလာဖို့အတွက်ပေါ့နော်၊ နောက်တော့ သူ့အဖေလာတာပေါ့၊

သူ့အဖေ လာတဲ့အချိန်မှာ သူ့သမီးကို ချက်ချင်းပဲ လွှတ်ပေးလိုက်တာဆိုတော့ အဲလိုမျိုး ခဏလေး ထိန်းသိမ်းထားတဲ့အချိန်မှာတော့ မင်းအဖေ ဘယ်ဘက်ထွက်ပြေးသွားလဲဆိုတဲ့ ပုံစံမျိုးနဲ့ ဝါးခြမ်းပြားနဲ့ တစ်ချက်နှစ်ချက်ရိုက်တာတော့ ရှိတယ်၊ ဆိုတော့ အဲဒီကိစ္စကိုလည်းပဲ ဒီကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်တဲ့ သက်ဆိုင်ရာ တပ်မှူးတွေကို ရက္ခိုင့်တပ်တော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ထားပြီးပြီဖြစ်တယ်၊ ဆိုတော့ အဲဒီမှာ ကျေးရွာလူကြီးတွေရော ဆယ်အိမ်မှူးတွေရော အကုန်လုံး လူတွေ့ပြီးတော့ မေးပြီးပြီ၊ အဲလိုမျိုး မုဒမ်းကျင့်ဖို့ကြိုးစားတဲ့ဥစ္စာ လုံး၀မရှိဘူး၊ အဲလို လိင်မှုဆိုင်ရာ ဒီမဖွယ်မရာလုပ်ဖို့ကြိုးစားတဲ့ဥစ္စာ လုံး၀မရှိဘူး။

မေး။ ။ ပလက်၀မြို့နယ်မှာ အေအေတပ်ဖွဲ့ရဲ့ ဒီလိုလှုပ်ရှားမှုကြောင့် ချင်းနဲ့ ရခိုင်ကြားထဲမှာ လူမျိူးရေးမုန်းတီးမှုတွေ ရှိလာမှာကို စိုးရိမ်နေကြတယ်။

ဖြေ။ ။ တကယ်တော့ ချင်းနှင့်ရခိုင်က ပလက်၀ဘက်မှာ ဘယ်တုန်းကမှ အဲလိုမျိုးပြသာနာတွေမရှိခဲ့ဘူး၊ အခု မြန်မာစစ်တပ်ကနေပြီးတော့ ချင်းနှင့်ရခိုင်ကြားမှာ ပြသာနာတွေကိုရှိအောင် ဖန်တီးနေတာ၊ နောက်ပြီးလို့ရှိရင် ဒီရခိုင်မျိုးနွယ်စုနဲ့ ခမီးလူမျိုးတွေကြားမှာလည်းပဲ သူတို့က ဘာသာရေး၊ လူမျိုးရေးပြသာနာတွေဖြစ်အောင် အဲလိုမျိုးဖန်တီးနေတာရှိတယ်၊ ကျနော်တို့ရက္ခိုင့်တပ်တော် AA ရဲ့မူဝါဒထဲမှာတောင် ကျနော်တို့ ဒီဘာသာရေးအရ၊ လူမျိုးရေးအရ အဲလိုမျိုး ခွဲခြားဆက်ဆံတယ်ဆိုတာ လုံး၀မရှိရဘူး၊ ဘာသာရေးအရ၊ လူမျိုးရေးအရ အဲလိုမျိုးခွဲခြားဆက်ဆံတဲ့ ဥစ္စာလည်း ကျနော်တို့မှာ လုံး၀လက်မခံဘူး၊ အဲတော့ လူ့အခွင့်အရေးချိုးဖောက်လို့ ကိုယ့်လူက မဟုတ်မဟတ်သွားလုပ်လို့ သတင်းထိန်ချန်မယ်ဆိုတဲ့ဥစ္စာတို့လည်း ကျနော်တို့မူဝါဒထဲမှာ လုံး၀မရှိဘူး၊ တကယ်လို့ ပြည်သူလူထုတွေကို မတရားအနို်င်ကျင့်လို့ရှိရင် ဘယ်သူပဲကျူးလွန်ကျူးလွန် အဲဒီလူကို ကျနော်တို့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှာပဲ၊ အဲဒါကတော့ ဒါကျနော်တို့ရဲ့ တိကျတဲ့မူဝါဒတွေဖြစ်တယ်။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ခိုနူမ်းသုန်မှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here