ပလက်၀ဒေသ စားနပ်ရိက္ခာကိစ္စ AA ဦးခိုင်သုခ ဘာပြောသလဲ

0
310
Photo: ခိုနူမ်းသုန်မီဒီယာဂရု(ပ်)

Photo: ခိုနူမ်းသုန်မီဒီယာဂရု(ပ်)

AA ပြောခွင့်ရသူနှင့် ဆက်သွယ်မေးမြန်းချက်

၁၁ မတ် ၂၀၂၀။

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်၀မြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်လာသည့်အတွက် ရခိုင်ပြည်နယ်နှင့် ဆက်သွယ်သည့် ရေလမ်း၊ ကုန်လမ်းများ ပြတ်တောက်သောကြောင့် ပလက်၀မြို့နယ်တွင် စားနပ်ရိက္ခာသယ်ယူပို့ဆောင်၍ မရတော့သည့်မှာ ယခုဆိုလျှင် တစ်လကျော်ကြာမြင့်နေပြီဖြစ်သည်။ စားနပ်ရိက္ခာအတွက် ရခိုင်ပြည်နယ်ကို အဓိကမှီခိုအားထားနေရသည့် ပလက်၀မြို့နယ်တွင် ဆန်၊ ဆီ၊ ဆားနှင့် လောင်စာဆီမှအစ ၀င်ရောက်ခြင်းမရှိတော့သည့်အတွက် ယခုအခါ အငတ်ဘေးဆိုက်ရောက်မည့် အနေအထားဖြစ်နေပြီး ဆန်တစ်အိတ်လျှင် ကျပ်ငွေတစ်သိန်း၊ ကျပ်သွန်နီတစ်ပိသာ တစ်သောင်းကျပ်၊ ငရုပ်သီးခြောက်တစ်ပိသာ နှစ်သောင်းကျပ်အထိ မိိုးထိမတတ် ဈေးခုန်တက်သွားခဲ့သည်။ ထိုကဲ့သို့အခြေအနေဖြစ်နေသည့် ပလက်၀မြို့နယ်အတွက် ချင်းပြည်နယ်အစိုးရနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများက ဆန်နှင့် အခြားစားနပ်ရိက္ခာများ သယ်ယူပို့ဆောင်ရန်စီစဉ်နေကြသော်လည်း နယ်မြေလုံခြုံမှုမရှိသည့်အတွက် သယ်ယူပို့ဆောင်၍မရကြောင်း ပြောဆိုကြသည်။ ပလက်၀မြို့နယ်ကို ရိက္ခာသယ်ယူမည်ဆိုလျှင် ရခိုင်ပြည်နယ်၊ ကျောက်တော်မှတဆင့် ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေဖြင့်သော်လည်းကောင်း၊ ချင်းပြည်နယ် မင်းတပ်-မတူပီ-ဆမီး လမ်းကြောင်းမှတဆင့် သယ်ယူပို့ဆောင်နိုင်သည်။

သို့သော်လည်း အငတ်ဘေးဆိုက်ရောက်လုမတတ်ဖြစ်နေသည့် ပလက်၀မြို့နယ်အတွက် စားနပ်ရိက္ခာများ ယနေ့ချိန်ထိ ပို့ဆောင်နိုင်ခြင်းမရှိသေးခြင်းသည် မည်သူ့မှာတာ၀န်ရှိပါသနည်း။ စားနပ်ရိက္ခာသယ်ယူရေးမှာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့က ပိတ်ပင်ဟန့်တားမှုတွေရှိနေပါသလား။ ယခုကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ချင်းပြည်နယ်အစိုးရကတော့ နယ်မြေမလုံခြုံတာကြောင့် ပလက်၀မြို့နယ်မှာ ဘာမှပို့လို့မရဘူးလို့ပြောနေတယ်၊ ဆိုတော့ စားနပ်ရိက္ခာသယ်ယူမှုမှာ (AA) အနေနဲ့ တစ်စုံတစ်ရာ နှောက်ယှက်ပေးတာမျိူးရှိလား။

ဖြေ။ ။ ဘယ်တုန်းကမှ ပိတ်ပင်တားစီးတာ မရှိဘူး၊ ကုလားတန်မြစ်ထဲမှာ စစ်တွေဘက်ကတက်လာတဲ့ စက်လှေတွေရော၊ ပလက်၀ဘက်ကလာတဲ့ စက်လှေတွေရော လိုအပ်တဲ့လုံခြုံရေးအရ စစ်ဆေးမှုတွေ နည်းနည်းပါးပါးတော့ရှိတယ်၊ အဓိကကတော့ မြန်မာစစ်တပ်ရဲ့ ရိက္ခာတွေ မပါလာဘူးဆိုလို့ရှိရင်၊ တခြားဒေသခံတွေအတွက် သယ်လာတဲ့ရိက္ခာတွေဆိုလို့ရှိရင် ဘာမှလုပ်စရာအကြောင်း မရှိဘူး၊ သယ်လို့ရတယ်၊ ကျနော်တို့က ခွင့်ပြုထားပြီးသားပါ၊ ပိတ်ပင်ထားတာက မြန်မာစစ်တပ်ဘက်က ပိတ်ပင်ထားတာပါ၊ စက်လှေတစ်စီးမှာ ဆန်အိတ် (၂၀) ထက် မသယ်ရဘူး၊ ကုန်သည်တစ်ဦးမှာ ဆန်အိတ် (၂၀) ထက်မသယ်ရဘူးဆိုပြီး မြန်မာစစ်တပ်က ပိတ်ပင်ထားတာပါ၊ ကျနော်တို့ဘက်က ဘာမှ ပိတ်ပင်ထားတာ မရှိဘူး။

မေး။ ။ အခု ပလက်၀ကိုပို့မယ့် ဆန်တွေ စစ်တွေကို ရောက်နေပြီ၊ ပြီးတော့ ဆမီးမြို့မှာလည်း ဆန်အိတ်ရောက်နေပြီ၊ ဒါပေမယ့် နယ်မြေ မလုံခြုံတာကြောင့် ပလက်၀ကို မသယ်ရဲကြဘူးလို့ ပြောနေတယ်၊ တကယ်လို့ အဲဒီဆန်တွေကို ပလက်၀ကို ပို့မယ်ဆိုရင် (AA) အနေနဲ့ ဘယ်လိုသဘောထားရှိပါသလဲ။

ဖြေ။ ။ ဒေသခံတွေအတွက် သယ်ယူမယ့်ရိက္ခာ၊ ဆန်တွေဆိုရင် ဘာမှတားဆီးပိတ်ပင်တာ မရှိဘူး၊ ဒါပေမယ့် တစ်ခုတော့ရှိတာက အစိုးရအနေနဲ့ ဖြစ်နိုင်လို့ရှိရင် စစ်ဖြစ်နေတဲ့နေရာဆိုတော့ ကြိုတင်ပြီးတော့ အကြောင်းကြားသင့်တာပေါ့၊ ဒါမှလည်း အဲဒီမှာ လာတဲ့သူတွေ၊ ဖြတ်သွားတဲ့လူတွေရဲ့ လုံခြုံရေးအာမခံချက် ရှိမှာ၊ ဆိုတော့ အဲဒီစစ်ပွဲဖြစ်တဲ့နေရာကို သွားမယ်ဆိုရင် ကြိုတင်ပြီးတော့ အကြောင်းကြားဖို့တော့ လိုတာပေါ့၊ တဖက်နဲ့တဖက် နားလည်မှုတည်ဆောက်ပြီး ပွင့်ပွင့်လင်းလင်း ဆက်သွယ်လုပ်ဆောင်လို့ရှိရင်တော့ ပိုပြီးတော့ အဆင်ပြေ ချောမွေ့နိုင်မှာပေါ့။

မေး။ ။ ပလက်၀မြို့နယ်အတွက် ဆန်အိတ် ၆၀၀၀ ကို (AA) က သယ်ခွင့်ပြုတယ်ဆိုပြီးတော့ သတင်းတစ်ခု တက်လာတယ်၊ အဲဒီကိစ္စက တကယ်လား။

ဖြေ။ ။ အဲဒီ ဆန်အိတ် ၆၀၀၀ သယ်မယ်ဆိုတဲ့ကိစ္စက ကျနော်တို့ဘက်ကို တရား၀င်အကြောင်းကြားလာတာ ဘာမှမရှိသေးဘူး၊ တရား၀င်အကြောင်းကြားလာလို့ရှိရင် ကျနော်တို့ကလည်း တရား၀င်ပြန်ပြောလို့ ရတာပေါ့၊ ဒါပေမယ့် အခြေခံအားဖြင့်တော့ ကျနော်တို့က ဒေသခံတွေအတွက် သယ်ယူမယ့်ရိက္ခာဆန်တွေနဲ့ပတ်သက်ပြီးတော့ ဘာမှ တားဆီးကန့်သတ်ထားတာမရှိဘူး။

မေး။ ။ ပလက်၀မြို့နယ်က အခုလက်ရှိမှာ စစ်မက်ဖြစ်ပွားတဲ့နေရာဆိုတော့ ကျောင်းသူ/ကျောင်းသားတွေရဲ့ စာမေးပွဲဖြေဆိုမှုအပေါ် ထိခိုက်လာမှာကိုစိုးရိမ်နေကြတယ်။

ဖြေ။ ။ ကျောင်းသူကျောင်းသားတွေ စာမေးပွဲတွေကောင်းကောင်းမွန်မွန်ဖြေဆိုနို်င်ဖို့က တပ်မတော်ဘက်ကနေ လက်ရှိလုပ်နေတဲ့ ထိုးစစ်တွေကို ရက်အကန့်အသတ်နဲ့ပဲ ဖြစ်ဖြစ် ရပ်တန့်ထားဖို့သင့်တာပေါ့၊ အဲလိုရပ်တန့်ထားရင်တော့ တိုက်ပွဲကတော့ ရပ်တန့်နို်င်တဲ့အနေအထား ရှိပါတယ်၊ မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင်နေတဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကလည်း ခုခံပြီးတော့ တိုက်ခိုက်နေရတဲ့သဘော ရှိတယ်ဗျ။

လားနွန်(ခိုနူမ်းသုန်)-မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here