စစ်မက်ဖြစ်ပွားရာဒေသတွေမှာ ‌အင်တာနက်ဖြတ်တောက်ခြင်းဟာ လူအခွင့်အရေးချိူးဖောက်မှုတွေကို အမှောင်ချလိုက်တာလား

0
290

၁၁ မတ် ၂၀၂၀

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်၀မြို့နှင့် ရခိုင်ပြည်နယ်မြို့နယ်တစ်ချိူ့မှာ ဆက်သွယ်ရေးအင်တာနက်လိုင်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၃) ရက်နေ့ကစပြီး အစိုးရက ပိတ်ပင်လိုက်တာဟာ ခုဆိုရင် တစ်လကျော်ရှိပါပြီ။ ဒီလို အင်တာနက်လိုင်းတွေ ပိတ်ပင်လိုက်တာကြောင့် အဲဒီဒေသမှာရှိကြတဲ့ ဒေသခံပြည်သူတွေရဲ့ နေ့စဉ်ဘ၀တွေ ဘယ်လောက် ထိခိုက်နစ်နာမှုတွေရှိစေသလဲ။ အစိုးရအနေနဲ့ ဘယ်လိုရည်ရွယ်ချက်မျိူးနဲ့ အခုလို အင်တာနက်လိုင်းတွေပိတ်ရတာလဲ။ ဒီလိုလုပ်ရပ်ဟာ အခြေခံလူ့အခွင့်အရေးရပိုင်ခွင့်တွေကို ချိူးဖောက်ရာရောက်ပါသလား။ စစ်မက်ဖြစ်ပွားရာဒေသက လူ့အခွင့်အရေး ချိူးဖောက်မှုတွေကို အမှောင်ချလိုက်တဲ့သဘောလား။ ဒီကိစ္စနဲ့ပတ်သက်ပြီး နယ်ပယ်အသီးသီးက ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ကြိုးစားနေသူတွေ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူငယ်တွေရဲ့ အမြင်သဘောထားတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။

Cherry Zahau – လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ

ရည်ရွယ်ချက်ရှိရှိနဲ့ မလုပ်သင့်တဲ့အရာကိုလုပ်တယ်လို့မြင်ပါတယ်၊ လူ့အခွင့်အရေးချိူးဖောက်မှု ဖြစ်ပျက်နေတဲ့အရာတွေကို လူတွေမသိအောင် ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တယ်၊ လူတွေဒုက္ခရောက်အောင် ရည်ရွယ်ချက်ချက်ရှိရှိနဲ့လုပ်တယ်၊ အဲဒီဒေသမှာ ဖြစ်ပျက်နေတဲ့ လူအခွင့်အရေးချိူးဖောက်မှုတွေကို ကမ္ဘာကမသိအောင်၊ မြန်မာနိုင်ငံကလူတွေမသိအောင် အမှောင်ချလိုက်တဲ့သဘောဖြစ်တယ်၊ ဒါကမလုပ်သင့်ဘူး၊ ရိုးသားမှုမဟုတ်ဘူး၊ ပြည်သူလူထုတွေအတွက် ကောင်းကျိူးမပြုဘူး၊ ဘယ်အစိုးရကမှ မလုပ်သင့်ဘူး။

Salai Za Uk Ling – Deputy Executive Director – CHRO

အင်တာနက်လိုင်းက မပိတ်သင့်တဲ့အရာပေါ့နော်၊ ဘာလို့လဲဆိုတော့ ဆက်သွယ်ရေးအင်တာနက်လိုင်းက အစကတည်းက အဲလောက်ကောင်းခဲ့တာမဟုတ်ဘူး၊ စစ်ပွဲတွေဖြစ်တဲ့အချိန်မှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် အခက်အခဲပိုဖြစ်စေတာပေါ့နော်၊ အာဏာပိုင်တွေကတော့ AA နဲ့တိုက်ပွဲဖြစ်တဲ့အချိန်မှာ သတင်းမထွက်အောင် ဒါမှမဟုတ် AA တွေက ဒါမျိူးတွေ မသုံးနိုင်အောင် ဖြတ်တောက်ထားတာလို့ဆိုပေမယ့် အဓိကတော့ ပြည်သူတွေဆီမှာပဲ အကျိူးသက်ရောက်မှုက သွားဖြစ်စေတော့ မလုပ်သင့်တဲ့အရာလို့မြင်တယ်၊ ဒီလိုမျိူး ဆက်သွယ်ရေးအင်တာနက်ဖြတ်တောက်တာမျိူးက တခြားနိုင်ငံမှာလည်း မတွေ့ရဘူး၊ အထူးသဖြင့် စစ်ဘေးရှောင်ပြည်သူလူထုတွေ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် သတင်းအချက်တွေ သိရှိနိုင်ဖို့က အရေးကြီးတယ်၊ ဒီမိုကရေစီအစိုးရရဲ့ လုပ်သင့်တဲ့အရာမဟုတ်ဘူး၊ ဒီလိုဆက်သွယ်ရေးလိုင်းတွေပိတ်လိုက်တာဟာ Rights to Information (သတင်းအချက်အလက်သိရှိပိုင်ခွင့်) တစ်ခုတည်းမဟုတ်ဘဲနဲ့ Rights to Life ပါထိခိုက်သွားတယ်၊ လူတစ်ဦးတစ်ယောက်ရဲ့ အသက်ရှင်ရပ်တည်နေထိုင်ပိုင်ခွင့်ဆိုတဲ့ အခြေခံလူ့အခွင့်အရေးထဲမှာ အရေးပါဆုံးအရာတစ်ခုဖြစ်တယ်၊ အထူးသဖြင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် Rights to Life ကိုထိပါးစေတယ်၊ ဒီမိုကရေစီအစိုးရတစ်ရပ်အနေနဲ့ မလုပ်သင့်တဲ့အရာဖြစ်သလို ဆက်သွယ်ရေးအင်တာနက်ဖြန့်ဖြူးတဲ့ (Operator) တွေကလည်း မလိုက်လျောသင့်ဘူး။

Salai Ceu Bik Thawng – ချင်း လူငယ်နိုင်ငံရေးသမား တစ်ဦး

AA နဲ့ တပ်မတော်တို့ရဲ့စစ်ပွဲဆိုင်ရာကိစ္စရပ်တွေကို တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ရပါတယ်၊ ဖြတ် (၄) ဖြတ်ပုံစံမျိူးနဲ့ သတင်းအချက်အလက်တွေကအစ ဟိုလူ့ကိုသတင်းအချက်အလက်တွေဖြတ်ချင်လို့ဆိုပြီးတော့ သိန်းနဲ့သန်းနဲ့ရှိတဲ့ ဒေသခံပြည်သူလူထုတွေကို သတင်းအချက်အလက်ပိတ်ပင်တာမျိူးကျတော့ မဖြစ်သင့်ဘူး၊ တပ်မတော်ကနေ ဒီမြို့နယ်၊ ဒီမြို့နယ်တွေ အင်တာနက်လိုင်းပိတ်ပေးဖို့ တင်ပြလာတဲ့အပေါ်မှာကြည့်ပြီးတော့ အစိုးရက ပိတ်ထားတယ်ပေါ့လေ၊ ကျနော်တို့က အဲဒါကို မေးခွန်းထုတ်ချင်တာက အစိုးရကနေပြီးတော့ တပ်မတော်ပြောတိုင်းကိုပဲ လုပ်နေမှာလား၊ ဆင်ခြင်တုံတရားနဲ့ လူ့အခွင့်အရေးဆိုတာကိုလည်းပဲ အစိုးရက သိရမယ်၊ ဒါက စစ်ရေးနဲ့မဆိုင်ဘူးလေ၊ ပြည်သူနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ပိတ်ပင်လို့မရဘူး၊ ဒါက ပြည်သူလူထုရဲ့အကျိူးစီးပွားနဲ့ အခွင့်အရေးကို ချိူးဖောက်နေတာဖြစ်ပဲလေ။

မင်းဘာချေ – ရခိုင်လူငယ်မျိူးဆက်သစ်ကွန်ယက် ဦးဆောင်သူ

ချင်းပြည်နယ်မှာရှိတဲ့လူတွေရော၊ ရခိုင်ပြည်နယ်မှာရှိတဲ့လူတွေရော သူတို့ရဲ့တစ်နေ့တာစားသောက်ဖို့ တစ်နေ့တာ၀င်ငွေတွေ၊ အွန်လိုင်းအသုံးပြုပြီး စီးပွားရေးလုပ်တဲ့အပိုင်းတွေ အကုန်ထိခိုက်လာတယ်၊ နို်င်ငံခြားမှာရောက်ရှိနေကြတဲ့ သူတို့မိသားစုတွေနဲ့ ဆက်သွယ်တဲ့စနစ်တွေကအစ မရှိတော့ဘူး၊ နောက်တစ်ခုက ကျောင်းသူ/ကျောင်းသားတွေ အွန်လိုင်းကိုအသုံးပြုပြီးတော့ ပညာရေးကို လေ့လာနေကြတဲ့သူတွေ အများကြီးရှိကြတယ်၊ သူတို့အတွက်လည်း အခွင့်အရေးကမရှိတော့ဘူး၊ နောက်တစ်ခုကတော့ ကျန်းမာရေးပိုင်းပေါ့၊ စစ်ဘေးရှောင်ပြည်သူတွေ၊ သူတို့နေထိုင်တဲ့ စခန်းတွေရဲ့ မြေပြင်ပကတိအနေအထားတွေ မသိနိုင်တော့ဘူး၊ သူတို့ရဲ့ကျန်းမာရေးအခြေအနေ၊ အစားအသောက်ဖူလုံမှုက ဘယ်လိုရှိလဲ၊ စစ်ဘေးရှောင်စခန်းရဲ့ လုံခြုံရေးက ဘယ်လောက်ရှိလဲ၊ စတဲ့အကြောင်းအရာတွေကို သက်ဆိုင်တဲ့အစိုးရအဖွဲ့ရော၊ နို်င်ငံတကာအဖွဲ့အစည်းတွေရော၊ စိတ်၀င်တစားစောင့်ကြည့်နေကြတဲ့ အဖွဲ့အစည်းတွေအတွက် သေချာခိုင်မာတဲ့ သတင်းစီးဆင်းမှုကမရှိတော့ဘူး၊ အင်တာနက်ဖြတ်တောက်လိုက်ပြီဆိုတာနဲ့ မြေပြင်ရဲ့ပကတိအနေအထား အခြေအနေကို အများပြည်သူတွေသိအောင်၊ နိုင်ငံတကာသိအောင် မချပြနိုင်တော့တဲ့အခါမှာ စစ်တပ်အနေနဲ့ သူတို့လုပ်ချင်သလို လုပ်လို့ရသွားတယ်၊ အင်တာနက်လိုင်းဖြတ်လိုက်ပြီဆိုတာနဲ့ ဒါက လူ့အခွင့်အရေးချိူးဖောက်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုတာကို အစိုးရကလည်း ကောင်းကောင်းသိတယ်၊ ဒါပေမယ့် ဘာဖြစ်လို့ဖြတ်လဲပေါ့၊ နိုင်ငံတော်လုံခြုံရေးကိုအကြောင်းပြပြီး စစ်တပ်က ဒီစကားကိုပြောပြီးတော့ အင်တာနက်ဖြတ်တဲ့အပိုင်းကို သူတို့ကလုပ်တယ်၊ နိုင်ငံတော်လုံခြုံရေးဆိုတဲ့အရာသည် ဘာကိုဆိုလိုသလဲ၊ စစ်တပ်ရဲ့လုံခြုံရေးကို ဆိုလိုသလား၊ ဒါမှမဟုတ် ပြည်သူတွေရဲ့လုံခြုံရေးကိုဆိုလိုသလား၊ ဆိုတဲ့မေးခွန်းရှိပါတယ်၊ ဒါပေမယ့် အခုကျနော်တို့မြင်တာက စစ်တပ်ရဲ့လုံခြုံရေးကိုပဲ အဓိကတည်ဦးတည်ပြီးလုပ်တဲ့လုပ်ရပ်ဖြစ်နေပါတယ်၊ စစ်တပ်ရဲ့လုံခြုံရေးကို အစိုးရက Cover ပေးတဲ့သဘောလို့ပဲမြင်ပါတယ်။

Peter Luailu – အယ်ဒီတာချူပ် ၊ ခူမီးမီဒီယာအဖွဲ့

ဒီဒေသမှာ တိုက်ပွဲတွေပြင်းထန်လာတဲ့အခါမှာ သတင်းတွေ တခြားနေရာမှာပြန့်မသွားအောင် အင်တာနက်လိုင်းတွေ ပိတ်ထာလို့ယူဆရပါတယ်၊ ဒါပေမယ့် ဒီဟာက လုပ်ထုံးလုပ်နည်းမမှန်ဘူး၊ တခြားနည်းလမ်းတွေနဲ့ ဆောင်ရွက်သင့်ပါတယ်၊ သူတို့လုပ်ချင်တဲ့အရာကိုပဲမစဉ်းစားပဲနဲ့ ဒေသခံတွေရဲ့ နစ်နာထိခိုက်မှုတွေကို ထည့်တွက်ခံစားပေးစေချင်တယ်၊ ခုဆိုရင် ပလက်၀မြို့ဒေသက လူတွေကတော့ သတင်းအမှောင်ချထားခံရသလိုဖြစ်နေတာပေါ့နော်၊ ပလက်၀မှာက တခြားမြို့နယ်တွေလို ပုဂ္ဂလိကဘဏ်တွေလည်းမရှိတော့ Wave Money နဲ့ငွေလွှဲစနစ်ကို အဓိကအသုံးပြုရတယ်၊ အင်တာနက်လိုင်းဖြတ်လိုက်တဲ့နောက်ပိုင်းမှာ Wave Money လည်း သုံးလို့မရတော့ဘူး၊ ပလက်၀မြို့နယ်က ဆယ်တန်းအောင်ချက်နည်းတဲ့အတွက်ကြောင့် တခြားမြို့နယ်တွေမှာ ၁၀ တန်းတက်နေတဲ့ သားသမီးတွေကို ငွေပို့လို့မရတော့ဘူး အကျိူးဆက်ကတော့ အများကြီးပါပဲ၊ အခုဆိုရင် ရေလမ်း၊ ကုန်လမ်းတွေ အကုန်လုံးပိတ်သွားတဲ့အတွက်ကြောင့်မို့လို့ ဒုက္ခတွေက ပိုပြီးတော့များလာပေါ့နော်၊ ဒေသခံတွေက ဘယ်သူ့ကိုအားရမလဲဆိုတာ မသိတော့တဲ့အခြေအနေဖြစ်နေပါတယ်၊ ပလက်၀မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ် (၅) ဦးနဲ့ ၀န်ကြီးတစ်ဦးရှိတာပေါ့နော်၊ ကျနော်တို့ ဒီအစိုးရကိုမဲပေးလို့ အစိုးရဖြစ်လာကြတာပေါ့ဗျာ၊ မဲပေးတဲ့ပြည်သူတွေကလည်း အစိုးရကို အားကိုးတာပေါ့ဗျာ၊ ဘာလုပ်ပေးလာမလဲဆိုတာ၊ ဒါပေမယ့် အစိုးရကလည်း တစ်လလောက်နီးပါးအထိ ဘာမှမလုပ်ပေးနိုင်ဘူးဖြစ်နေတယ်၊ ဒေသခံတွေအနေနဲ့ သူတို့အပေါ်မှာ အားမရမိတာတော့အမှန်ပဲ။

ခိုနူမ်းသုန် – စုစည်းပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here