“KNU အနေနဲ့ ရွှေကုက္ကိုလ်ကိစ္စအပြင် တခြားသော စီမံကိန်းကြီးတွေကို သုံးသပ်လုပ်ဆောင်သွားမယ်” ပဒိုစောလှထွန်း(KNU)

0
152

KNU အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းနဲ့ တွေ့ဆုံခြင်း

၁၇ မတ် ၂၀၂၀

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုစာအချုပ်(NCA)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့နဲ့ ဦးသိန်းစိန်အစိုးရတို့အကြား လက်မှတ်ရေးထိုးခဲ့တာဟာ ၄နှစ် ကျော်ခဲ့ပါပြီ။ ဒီလက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့တွေထဲမှာမှ ကရင်အမျိုးသားအစည်းအရုံး(KNU)ဟာ အင်အားအကြီးဆုံးအဖွဲ့လို့ဆိုရမှာပါ။ အခုလိုအပစ် ရပ်လက်မှတ်ရေးထိုးခဲ့ပေမယ့် ကရင်ပြည်နယ်နဲ့ KNU ရဲ့ ထိန်းချုပ်နယ်မြေတွေအတွင်းက ဒေသဖွံ့ဖြိုးရေး အခြေအနေတွေ ဘယ်လိုအနေအထားရှိပါသလဲ။ လက်တလော ကရင်ပြည်နယ်အတွင်း လူသိများနေတဲ့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ရော KNU ရဲ့ သဘောထားဘယ်လိုရှိသလဲ စတဲ့ ငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ မေးခွန်းအချို့ကို မိမိတို့ BNI ငြိမ်းချမ်းရေးစောင့်ကြည့်အဖွဲ့က ဦးဆောင်ပြုလုပ်တဲ့ ဖားအံမြို့ရှိ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲမှာ KNU ရဲ့ အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းနဲ့ တွေ့ဆုံ မြန်းဖြစ်ခဲ့ပါတယ်။

မေး ။ကရင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သတ်ပြီး NCA မတိုင်မီနှင့် NCA နောက်ပိုင်း ဘာကွာ ခြားတွေ များဖြစ်သွားလဲ သိပါရစေ။

ဖြေ ။ကျွန်တော်တို့ ကရင်ပြည်နယ်အခြေအနေကတော့ ပြည်တွင်းစစ်ကာလကနေ ၂၀၁၀ အထိ လောက် ကတော့ လမ်းပန်းခရီးသွားလာရေးကော၊ လုပ်ကိုင်စားသောက်ရေးကော၊ အခက်အခဲတွေ အများကြီး ရှိခဲ့ပါ တယ်။ ၂၀၁၁ ပဏာမ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းတွေ စတင်တော့ လူထုအနေဖြင့် ပိုပြီး တည်ငြိမ်တဲ့ အနေ အထားကို ရရှိလာတဲ့အတွက်ကြောင့် ပိုပြီးကောင်းမွန်လာတယ်လို့ ထင်ရပါတယ်။ ပြီးတော့ အပစ် အခတ် ရပ်စဲ ရေး လုပ်လိုက်တော့ ပြည်နယ် ဖွံ့ဖြိုးရေးကို တော်တော်များများ လုပ်လာနိုင်တာကို တွေ့ရပါတယ်။ ဒေသ တွင်း လမ်ပန်းဆက်သွယ်ရေး ကောင်းလာတယ်။ နောက်တစ်ခုက အလုပ်အကိုင် အခွင့်အလမ်းတွေဆိုတာ ထက် စီးပွားရေးလုပ်ငန်းတွေ ပိုပြီး လုပ်ကိုင်လာတာတွေ့ရတယ်။ ဥပမာအားဖြင့် ဟိုတယ်တွေ ပိုများလာတာမျိုး ပေါ့၊ အရင်တုန်းက အဲ့လောက်မရှိဘူး။ ဒါက အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးလာတာမျိုးလို့ ပြောရင်လည်း ရပါတယ်။

နောက်ထပ် ဖွံ့ဖြိုးတိုးတက်ရေးတစ်ခုလို့ ပြောရမလား အာရှလမ်းမကြီးက အရင်တုန်းက ကျွန်တော်တို့ KNU ထိန်းချုပ်နယ်မြေထဲမှာ ရှိတာပေါ့နော်။ ဒါပေမယ့် NCA ထိုးပြီးနောက်ပိုင်းမှာ ယုံကြည်မှု တည်ဆောက်နိုင်လာ တော့ အာရှလမ်းမကြီးကို ဖောက်ခွင့်ပေးလိုက်ပါတယ်။ အဲ့တော့ ကုန်စည်စီးဆင်းမှုအနေနဲ့ ပိုမိုပြီး ကောင်း လာတာမျိုးကို တွေ့ရပါတယ်။ ပြီးတော့ အဲ့ဒီကနေ အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာပါတယ်။ ဘာပဲဖြစ်ဖြစ် အကြမ်းဖျင်းပြောရရင်တော့ ဖွံဖြိုးတိုးတက်မှုတွေ ရှိလာတယ်လို့ပြောရမှာ ဖြစ်ပါတယ်။ ဒါကလည်း သိသိသာ သာမြင်ရတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ဖို့ကလည်း ရေရှည်တည် တံ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်ဖို့လိုအပ်တော့ အဲ့နှစ်ခုကချိတ် ဆက်နေပါတယ်။ ငြိမ်းချမ်းနေမှလည်း ရင်းနှီး မြုပ်နှံမှုလာမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အပစ်အခတ်ရပ်စဲရေး အစီအစဉ်က ဒေသဖွံ့ဖြိုးရေးအစီအစဉ်အတွက် အကျိုးရှိတယ်လို့ ပြောရမှာဖြစ်ပါတယ်။

မေး ။နောက်တစ်ခုက KNU ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေက (အထူးသဖြင့် ကိုယ့်ရဲ့ နယ်မြေထဲမှာ လုပ်ရ တဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတွက်ကော) NCA ထိုးပြီးနောက်ပိုင်းမှာ ဘယ်လို အပြောင်းအလဲတွေ ရှိခဲ့ပါသလဲ။

ဖြေ ။ခုနက ပြောခဲ့သလိုပဲ KNU ကလည်း သူ့ရဲ့ ထိန်းချုပ်နယ်မြေရှိတဲ့အတွက် တချို့သော ဒေသဖွံ့ဖြိုးရေး ကိစ္စတွေကို ကျွန်တော်တို့ KNU နယ်မြေထဲက ဒေသတွေအတွက် စိုက်ပျိုးရေးစနစ်တွေ၊ ဒါတွေက အစကနဦး အခြေအနေတွေပဲ ရှိပါသေးတယ်။ ဒါတွေက ပြောင်းလဲမှု အဆင့် တစ်ခုပေါ့လေ။ ဒါပေမယ့် ကောင်းကောင်း မွန်မွန်စနို်င်ပြီလားဆိုတော့ ဒါတွေက မရှိသေးပါဘူး။ တစ်ဖက်ကလည်း ကျွန်တော်တို့ အရင်ကပြောနေတဲ့ Border Cross ပံ့ပိုးမှုတွေကလည်း အတွင်းဖက်ကနေပြီး ပံ့ပိုးမှုတွေ ဖြစ်လာတဲ့အတွက် တချို့သော ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စတွေက သဟဇာတ မဖြစ်မှုတွေ ဖြစ်လာတယ်။ ဒါတွေက ဖွံ့ဖြိုးရေး ကိစ္စတွေအတွက် ကြုံနေရတဲ့ အခက်အခဲဖြစ်ပါတယ်။ အဆင်ပြေခြင်းတော့ အရမ်းမရှိပါဘူး။

မေး ။နောက်တစ်ခု ကရင်ပြည်နယ်မှာဆိုရင် လူပြောလည်း များတယ်။ နောက်ပြီးတော့ မေးခွန်း ထုတ် မှုလည်း ရှိနေကြတယ်။ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအပေါ် KNU ရဲ့ သဘောထား ဘယ်လိုရှိပါလဲ။ ဘယ်လိုများ မှတ်ချက်မျိုး ပေးချင်ပါသလဲ။

ဖြေ ။ရွှေကုက္ကိုလ် နဲ့ ပတ်သတ်တဲ့ ကိစ္စကတော့ အမျိုးသားလုံးခြုံရေးနဲ့ ဆိုင်တဲ့ ကိစ္စလည်း ဖြစ်နေ တယ်။ ဒီနို်ငငံနဲ့လည်း ဆိုင်တဲ့ ကိစ္စဖြစ်တယ်။ ဒါပေမယ့် ဖြစ်တည်လာမှုကလည်း ကြားထဲမှာ ရှင်းရှင်းလင်းလင်း သိပ်မရှိဘူး။ ရွှေကုက္ကိုလ်ရဲ့ဖြစ်တည်မှုနဲ့ သူ့ရဲ့သဘောတရားက ဘယ်လောက်အထိ လုပ်ပိုင်ခွင့်ရှိလဲ ဆိုတဲ့အချက်ကလည်း စတင်ဖြစ်ကတည်းကိုက ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရကြားမှာ ရှင်းလင်းမှု ရှိမနေဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကတော့ သူတို့ရဲ့ ရွှေကုက္ကိုလ်မြို့ပြ စီမံကိန်းအကောင်အထည်ဖော်မှုအတွက် မေးခွန်းတွေ ရှိပါတယ်။ အဲ့ဒီအပေါ်မှာ တရုတ်တွေရဲ့ ဝင်ရောက်လာမယ့် တရုတ်မြို့ပုံစံရယ်၊ နောက်တစ်ဖက်ကလည်း ခုနက ပြောတဲ့ ကာစီနိုင်လိုမျိူး ကိစ္စတွေများပြားလာမယ့် အခြေအနေတွေကြောင့် ကိုယ့်ရဲ့ အမျိုးသားယဉ်ကျေးမှု ထုံးတမ်းဓလေ့တွေ ထိခိုက်လာစေမယ့် ကိစ္စမျိုးတွေ ရင်ဆိုင်လာရမှာ ဖြစ်ပါ တယ်။ ဆိုတော့ ဒါတွေက စိုးရိမ်စိတ်ရှိတယ်။ ဒါတွေကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတဲ့ ကိစ္စက အစိုးရဆီမှာ ကော ကျွန်တော်တို့ KNU မှာကော ညှိနှိုင်းဆွေးနွေးမှုတွေ ဒီစီမံကိန်းနဲ့ ပတ်သတ်ပြီး ရှိမနေပါဘူး။ ဒါကလည်း စိုးရိမ်ရတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ KNU အနေနဲ့ ကတော့ အခု လုပ်လိုက်တဲ့ ကိစ္စအပေါ်မှာတော့ အစိုးရနဲ့ BGF တို့ ကိုင်တွယ်ဆောင်ရွက်တဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် အစိုးရဘက်က လာတဲ့ စီမံကိန်းလို့ ယူဆပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ကိုယ့်ကရင်ပြည်နယ်လည်း ဖြစ်တယ်၊ ကိုယ့်ကရင့် အမျိုးသားရေး နဲ့လည်း ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ စိုးရိမ်မှု ရှိပါတယ်။ ဒါကို ကျွန်တော်တို့ သေသေချာချာ ပြန်စီစစ်ပြီး ဘယ်လောက်အတိုင်းအတာအထိ လက်ခံသင့်လဲ၊ လက်မခံသင့်လဲ၊ တကယ်လို့ လုပ်မယ်ဆိုရင် ကိုယ့်ပြည်နယ်အတွက် အကျိုးရရှိမှု ဘယ်လောက်အထိ ရှိမလဲ၊ ဘယ်လောက်အထိ အပြစ်ဖြစ်နိုင်မလဲ ဆိုတာ သေချာ ဆန်းစစ်ရမှာဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ KNU အနေနဲ့ကတော့ ရွှေကုက္ကိုလ်ကိစ္စအပြင် တခြားသော စီမံကိန်းကြီးတွေကို သုံးသပ်ပြီး လုပ်ဆောင်သွားမယ်ဆိုပြီး လုပ်ထားတာ ရှိပါတယ်။

မေး ။ရွှေကုက္ကိုလ်မလုပ်ခင်ကနေပြီးတော့ ဆရာတို့ သတင်းရရှိတာမျိူးတွေကော ရှိသလား။

ဖြေ ။အဲ့လိုတော့ မရှိပါဘူး။

မေး ။EBO က ကမကတပြုပြီး ကမ္ဘောဒီးယားက မြို့ပြစီမံကိန်းတစ်ခုကို လေ့လာခွင့် ရခဲ့တယ်လို ကျွန်တော် တို့ သိထားပါတယ်။ အဲ့ဒီဟာနဲ့ ရွှေကုက္ကိုလ်နဲ့ ပုံစံတူနေတာလို့ သုံးသပ်တာမျိုး ရှိပါတယ်။ အဲ့ဒါကို မျှဝေပေး ပါဦး။

ဖြေ ။EBO ကတော့ support တာတော့ မဟုတ်ပါဘူး။ ဒါက ငြိမ်းချမ်းရေးဆိုင်ရာ ဆက်စပ်တဲ့ ကိစ္စရပ် ပါ။ ကမ္ဘောဒီးယားရဲ့ သီဟာနုဗီးလစ် (Sihanouk Village) လိုမျိုးပုံစံက ရွှေကုက္ကိုလ်လိုမျိုးဖြစ်နေတော့ ခုနက ကျွန်တော်တို့ ဆွေးနွေးသွားခဲ့သလို ဖြစ်လာနိုင်ခြေရှိတဲ့ Impacts နဲ့ Effects တွေက ဘယ်လိုရှိနေမလဲ ပေါ့။ အဲ့ဒါကို တခြားနေရာက စီမံကိန်းတွေကို လည်း ကျွန်တော်တို့ လေ့လာမှုတွေ လုပ်မှာဖြစ်ပါတယ်။ တကယ်ပဲ ရှိထားခဲ့ပြီးဖြစ်တဲ့၊ တည်ဆောက်လာခဲ့ပြီဖြစ်တဲ့ ကမ္ဘောဒီးယားက သီဟာနုဗီးလစ် (Sihanouk Village) လိုမျိုး ဒေသခံတွေက တကယ်ကော အကျိုးရရှိခဲ့လား (သို့) ကမ္ဘာဒီးယားရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာကို ခြိမ်းခြောက် မှု ရှိလားစသည်ဖြင့် လေ့လာကြတာဖြစ်ပါတယ်။ ဒီမှာလည်း အဲ့လိုမျိုး ကိစ္စတွေ ဖြစ်နေမလား ဆိုပြီး ရွှေကုက္ကိုလ် စီမံကိန်းရဲ့ Effects တွေကို လေ့လာဆန်းစစ်ရမှာဖြစ်ပါတယ်။ လေ့လာဆန်းစစ်ပြီးမှသာ တစ်မျိုး သားလုံးဆိုင်ရာအတွက် အကျိုးဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ ခုနားက ကမ္ဘောဒီးယားက ဟာနဲ့ ပုံစံတူဖြစ်ရင်၊ ကမ္ဘော ဒီးယားကတော့ သူ့အနေနဲ့ ကိစ္စမျိုးစုံကို ရင်ဆိုင်နေရပါတယ်။ အဲ့ဒီအပေါ်မှာ တချို့ကလည်း တရုတ် လူမျိုးတွေ များပြားလာမှုကြောင့် စိုးရိမ်တဲ့ ပုံစံတွေလည်း ရှိတော့ ခုနက ကမ္ဘောဒီးယားကိစ္စနဲ့ ပြန်ပြီး နှိုင်းယှဉ် သုံးသပ်မှု တွေ လုပ်ရမှာဖြစ်ပါတယ်။ အခုအချိန်ထိ ကြည့်ရသလောက်တော့ လေ့လာသုံးသပ်နေဆဲ ဖြစ်ပါတယ်။

မေး ။ဒီ NCA အလွန်မှာ ဒီစီမံကိန်းတွေကို လေ့လာသုံးသပ်တာမျိုးတွေ လုပ်နေတယ် ဆိုတော့ ကရင်ပြည် နယ်မှာ စီမံကိန်း တွေ ဘယ်လောက်များများ သတိထားမိပါသလဲ ခင်ဗျာ။

ဖြေ ။ကရင်ပြည်နယ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒီလိုစီမံကိန်းတွေကို တိတိကျကျပြောဖို့ မေးခွန်း မေးစရာရှိတယ်။ ဥပမာ ဘယ်လိုမျိုးလဲပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ မြဝတီမှာ စီးပွားရေးဇုန်လိုမျိုးလုပ် မယ်ပေါ့။ ဒါကလည်း စီးမံကိန်းအကြီး။ အဲ့ဒီအောက်ထဲမှာတော့ ဘယ်လိုစီမံကိန်းအသေးတွေ ရှိမလဲ။ ပြီးတော့ ဖားအံ စက်မှုဇုန်ဆိုလည်း စီမံကိန်းအကြီးပဲ။ ဒါပေမယ့် ဒီစီမံကိန်းနဲ့ ဆက်စပ်နေတဲ့ အရာတွေက ဘာတွေလဲပေါ့။ တကယ်လို့ ကြီးကြီးမားမားမြို့ပြစီမံကိန်း လိုဟာမျိုး ပြောမယ်ဆိုရင်တော့ နယ်စပ်မှာ အိမ်၊ခြံမြေ မရှိတဲ့ လူတွေ အတွက် လုပ်တဲ့ဟာမျိုးရှိတယ်။ ဒါပေမယ့် တကယ့်စီမံကိန်းလားဆိုတော့လည်း တကယ့်စီမံကိန်းမျိုး မဟုတ် ပြန်ဘူး။ တကယ့် ဒီနိုင်ငံ၊ ဒီပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်မယ့် အထူးစီးပွားရေးဇုန်လိုဟာ မျိုးက စီမံကိန်းအကြီးအောက်ထဲမှာ ရှိနေရမှာပေါ့။ တခြားသေးသေးလေးတွေ ရှိပေမယ့် စီမံကိန်း ပုံစံလိုမျိုး မရှိဘူးလို့ ပြောရမှာပါ။

မေး ။ KNU အနေနဲ့ကော စီမံကိန်းကြီးတွေ လုပ်ဖို့ လျာထားတာမျိုးတွေ ရှိပါသလား။

ဖြေ ။ KNU အနေနဲ့တော့ နိုင်ငံရေးအာမခံချက် ရဖို့ အဓိက ထားပြီးတော့ စဉ်းစားထားတာ ဖြစ်ပါတယ် ။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဖို့ရာအတွက် ကျွန်တော်တို့ လျာထားချက်တော့ ရှိပါတယ်။ ကြီးမားတဲ့ ပရောဂျက်တွေကတော့ နိုင်ငံရေး အာမခံချက်ရရှိ ပြီးမှ ဘယ်လိုလုပ်သွားမလဲ ဆိုတဲ့ အပိုင်းတွေကို စဉ်းစားထားပါတယ်။

မေး ။နောက်တစ်ခုကတော့ KNU အနေနဲ့ ကြုံတွေ့ရတဲ့ (တချို့ EAOs တွေဆိုရင်ပြောကြတယ် နို်င်ငံတကာ ကူညီပံ့ပိုးမှု တွေ လျော့ကြသွားတာမျိုးပေါ့) ဘယ်လို side effect တွေ ရှိခဲ့ပါလဲ။

ဖြေ ။ခုနက ပြောသလိုပါပဲ အရင်တုန်းက cross-border ခေါင်းစဉ်အောက်ကနေ လာတဲ့ Aid တွေမျိုးပေါ့။ ကျန်းမာရေး၊ ပညာရေးအစရှိတဲ့ ဝန်ဆောင်မှု ပေးရတဲ့ ကိစ္စရပ်မျိုးတွေမှာ အရင်တုန်းက အားကောင်းခဲ့ပါတယ်။ နောက်ပြီး ကျန်းမာရေးဆိုရင်လည်း ကျွန်တော်တို့ပြန်ကြည့်ရင်တော့ ထိုင်းနိုင်ငံ မဲဆောက် မှာ ရှိတဲ့ မယ်တော် ဆေးခန်းဆိုတဲ့ အစိတ်အပိုင်းတချို့ကလည်း သွားပတ်သတ်နေတယ်။ အဲ့ဒီမှာတော့ ပံ့ပိုးမှု ထောက်ပံ့မှုတွေ မလုံလောက်ပေမယ့် ဝန်ဆောင်မှု ပေးနိုင်တဲ့ အဆင့်အနေနဲ့ ရှိပါတယ်။ ကျန်းမာရေး နဲ့ ပညာရေးမှာ အဲ့လို လည်ပတ်နေပေမယ့် လူမှုရေးအပို်င်းမှာလည်း နိုင်ငံခြားပံ့ပိုးမှုတွေ ရှိတော့ ဆောင်ရွက်ရတဲ့ ကိစ္စတွေ လွယ်ကူစေခဲ့ပါတယ်။ ဒါပေမယ့် NCA နောက်ပိုင်းမှာတော့ တချို့သောနိုင်ငံတွေက ဒီနိုင်ငံရဲ့ သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က ပြောင်းလဲသွားပြီဆိုပြီး သူတို့ကလည်း ပြည်တွင်းဖက်ကနေပြီး ဝင်တာမျိုးတွေ လုပ်ကြ ပါတယ်။ အပြင်ဘက်က ရှိနေတဲ့ အရင်က cross border aid တွေက လျော့နည်းလာပါတယ်။ အဲ့ဒါကလည်း အခက်အခဲ အဖြစ် ကြုံရတာဖြစ်ပါတယ်။ NCA မတိုင်ခင် နို်င်ငံတကာ အဖွဲ့အစည်းတွေရဲ့ မူဝါဒ က တစ်မျိုးဖြစ် ပြီး NCA ထိုးပြီးနောက်ပိုင်းမှာ နိုင်ငံတကာရဲ့ စဉ်းစားချက်ကလည်း ပြည်တွင်းကနေလုပ်ပြီး အပြောင်းအလဲ ကို ဖန်တီးမယ်ဆိုတဲ့ မူဝါဒ ပြောင်းသွားပါတယ်။ အဲ့ဒါကြောင့် Border Cross က အားနည်းသွားတာမျိုးအခက် အခဲ ကြုံပါတယ်။ နောက်ပြီးတော့ နယ်စပ်မှာ ရှိနေတဲ့ Refugee တွေ အတွက် လိုအပ်တဲ့ ထောက်ပံမှု တွေ လိုအပ် တာမျိုးတွေ ကြုံရပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

နှင်းကို – တွေ့မေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here