“နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား တွေအနေနဲ့ လူအားလုံးက ကိုယ့်အပေါ်ရောက်ရှိလာမယ့် မျက်လုံးစိမ်းများစွာကို နားလည်မှု ရှိရှိ မိသားစု ပုံစံမျိုးနဲ့ ရင်ဆိုင်ဖြတ်သန်းပါ” ဦးမိုးကြိုး (ဥက္ကဌ ၊ JACBA)

0
370

ထိုင်း-မြန်မာနယ်စပ် ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူ ဦးမိုးကြိုးနဲ့ တွေ့ဆုံမေးမြန်းခြင်း

၂၅ မတ် ၂၀၂၀

ကိုရိုနာဗိုင်းရပ်ကို အကြောင်းပြုပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေဟာ ပုံစံမျိုးစုံနဲ့ အမိနိုင်ငံကို ပြန်လာနေကြပါတယ်။ တချို့က တရား၀င်ပုံစံမျိုး၊ တချို့ကတော့ တရား၀င်မဟုတ်တဲ့ ပုံစံမျိုးနဲ့ နယ်စပ်ဂိတ်တွေက ပြန်လာကြပါတယ်။ မြန်မာနိုင်ငံသားတွေ သန်းနဲ့ချီက ရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံမှလည်း မြန်မာအလုပ်သမားတွေ ပြန်လာနေကြပါပြီ။ သူတို့တွေ ဘယ်လိုပုံစံနဲ့ ပြန်လာကြသလဲ၊ သူတို့ရဲ့ ကျန်းမာရေး အခြေအနေတွေကရော ဘယ်လိုလဲ၊ သူတို့အနေနဲ့ မြန်မာနိုင်ငံအတွင်းက ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေသမှ ဘယ်လိုပြုမူနေကြသင့်သလဲ စတဲ့ မေးခွန်းတွေကို ယခုအင်တာဗျူးမှာ ဖတ်ရှုရမှာပါ။ ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူ မြန်မာပြည်သားများအရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးနဲ့ လတ်တလော အလုပ်သမား နေရပ်ပြန်ဝင်လာမှု အခြေအနေ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး – ပြည်တော်ပြန် မြန်မာအလုပ်သမားတွေ ပြန်လည်ဝင်ရောက်လာမှု အခြေအနေက ဘယ်လိုရှိလဲ။ တစ်ရက် ကို ပျမ်းမျှဘယ်လောက်ရှိမလဲ။

ဖြေ – အခုအမှတ်(၂)ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားမှာ ပြီးခဲ့တဲ့ မတ်လ ၂၁ရက်နေ့တုန်းက ပြည်တော်ပြန် မြန်မာ အလုပ်သမား ၂,၅၃၄ ယောက်ရှိတယ်။ နောက် ၂၂ရက်နေ့မှာကြတော့ ပြည်တော်ပြန်အလုပ်သမား တိုးလာပြီး တော့ ၃,၂၄၀ ယောက်ရှိတယ်။ မနေ့က ၂၃ရက်နေ့မှာကြတော့ ပြည်တော်ပြန်အလုပ်သမား နှစ်ထောင် ကျော်ရှိ တယ်။ ဒီနေ့ မတ်လ ၂၄ရက်နေ့မှာလည်း ပြည်တော်ပြန်အလုပ်သမား နှစ်ထောင်နီးပါး ပြန်ကြလိမ့်မယ်လို့ ယူဆ လို့ရတယ်။ ဆိုတော့ မတ်လ ၂၁ရက်နေ့ကစပြီး ၂၄ရက်နေ့အထိ ကို သုံးသပ်ကြည့်မယ်ဆိုရင် တစ်ရက်ကို နှစ်ထောင်ကျော်ပြန်တာဖြစ်တဲ့အတွက် နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း တစ်သောင်း ကျော် ပြန်သွားကြပြီပေါ့။ ဒါက အမှတ် (၂) တံတားပဲ။ အမှတ်(၁)တံတားနဲ့ အပြိုင် သောင်ရင်းမြစ်ကို ဖြတ်တဲ့ စက်လှေဂိတ်တွေရယ် ပြန်သွားတဲ့ အလုပ်သမားအင်အားတွေ မပါသေးဘူး။

မေး – ဒီအလုပ်သမားတွေအတွက် နှစ်နိုင်ငံ အစိုးရက အဝင်အထွက်တွေအတွက် ဘယ်လိုတွေ စီစဉ်ဆောင်ရွက် ပေးထားလဲ။

ဖြေ – အမှတ်(၁)တံတားဘက်တုန်းက ထိုင်းဘက်မှာကော မြန်မာဘက်မှာကော ကိုရိုနာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်တယ်။ အခုအမှတ် (၂) တံတားမှာတော့ ထိုင်းဘက်က ကျန်းမာရေး စစ်ဆေးမှု လုံးဝလုပ်တာမတွေ့ရပဲနဲ့ မြန်မာဘက်ကပဲ နေရပ်ပြန် ရွှေ့ပြောင်း အလုပ်သမားတွေကို ကျန်းမာရေး စစ်ဆေးတာ ကိုယ်ရေးအချက်အလက်တွေကို ရယူတာနဲ့ နေရပ်ပြန်အလုပ်သမားတွေ သက်တောင် သက်သာ သွားလာနိုင်ဖို့အတွက် ထိုင်းဘက်ခြမ်းကနေစပြီးတော့ မြန်မာဘက်ခြမ်းအထိကို ရွှေမြန်မာ မော်တော်ယာဉ် လိုင်းအသင်းကနေပြီးတော့ အခမဲ့ ကားအကြိုအပို့လုပ်ပေးတယ်။ ပြီးတော့ အလုပ်သမားတွေ မိမိနေရပ်ပြန်မဲ့ မြို့နယ်အသီးသီးကိုလည်း အဝေးပြေးကားယာဉ်တွေနဲ့ အသီးသီးပို့ဆောင်ပေးတယ်။ ဒါက ကရင်ပြည်နယ် အစိုးရရဲ့အစီအစဉ်တွေနဲ့ ဦးဆောင်ပြီး လုပ်ပေးနေတယ်။ ထိုင်းအစိုးရရဲ့ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ် သမားတွေအတွက် ဗီဇာ အခမဲ့ မရှိတော့ဘူး။ အဲ့အတွက် ဗီဇာကြေးရယူပါတယ်။ အထွက်တုံးကြီး ဗီဇာတုံးကြီးအတွက် အထွက်ကို တစ်ထောင်(ဘတ်တစ်ထောင်) ရယူပါတယ်။ ပြီးတဲ့ အခါကျတော့ Cancel တုံးဆိုတဲ့ ထိုင်းနိုင်ငံကို ပြန်မလာတော့ပါဘူးဆိုတဲ့ တုံးကတော့ ဘတ် ၁၀၀ပေါ့။ ဘာဆို ဘာမှ အထောက် အထားမပါလာတဲ့သူကတော့ ပြန်လို့ မရဘူး။ သောင်ရင်းမြစ်ကို ဖြတ်တဲ့ စက်လှေဂိတ်တွေကို မတ်လ ၂၁ရက်ကတည်းက နှစ်ဖက်စလုံးက ပိတ်လိုက်ပြီ။ သောင်ရင်းမြစ်ကို ဖြတ်တဲ့ စက်လှေ ဂိတ်က အုန်းဖန်၊ ဖုတ်ဖရ၊ မယ်ရမ၊ထဆောင်ရန်း၊တာ့ခ် မြို့နယ် (၆)မြို့နယ်မှာ စက်လှေဂိတ်ပေါင်း ၃၂ဂိတ် ရှိပြီး တော့ ၁၆ဂိတ်က ကုန်ပစ္စည်းတွေအတွက်ရည်ရွယ်ပြီး ကျန် ၁၆ဂိတ်က လူကူးဖို့အတွက် ရည်ရွယ်ပါတယ်။ အဲ့ဒီကနေ သွားလာတာတွေကို အခု ခွင့်မပြုပါဘူး။ တကယ်တမ်းဆိုရင် မတ် ၂၃ရက်နေ့ကတည်းက ထိုင်းဘက်က လုံးဝပိတ်သိမ်းတာဖြစ်တဲ့အတွက် အခုက မြန်မာအလုပ်သမားတွေက ရုံးစု ရုံးစုနဲ့ ရောက်လာပြီး တော့ မြန်မာတွေက မေတ္တာရပ်ခံတဲ့အတွက် ဖွင့်ပေးရတယ်။ အထူးအစီအစဉ်အနေနဲ့ ဖွင့်ပေးရတာဖြစ်တယ်။

မေး – လတ်တလော ပြန်ရောက်လာတဲ့ အလုပ်သမားတွေ အနေနဲ့ နေရပ်ပြန်ဖို့ ဘာအခက်အခဲတွေကို ကြုံတွေ့ နေရတာမျိုးရှိနေလဲ။

ဖြေ – စာရွက်စာတမ်းမရှိတဲ့ သူတွေက ကူးလို့မရဘူးပေါ့။ စာရွက်စာတမ်း အထောက်အထားမရှိတဲ့သူတွေက အရင်တုန်းက ပြည်တော်ပြန် အစီအစဉ်ပုံစံမျိုးနဲ့သွားရတာ။ ပြည်တော်ပြန် လုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက လုပ်ပေးနေတာ။ အခု ပြည်တော်ပြန်လုပ်ငန်းစဉ်က ရပ်ထားတယ်။ ရပ်ထားတဲ့ အတွက် စာရွက်အထောက်အထားမဲ့သူတွေက အခု နေရပ်ပြန်မယ့် အစီအစဉ်မှာ ပါဝင်လို့မရဘူး။ စာရွက် စာတမ်းတစ်ခုခုရှိရင် ရတယ်။ သူ့ပါသူ သက်တမ်းရှိရှိ မရှိရှိရတယ်။

မေး – ထိုင်းက တံတားပိတ်တော့မယ်ဆိုပြီး လတ်တလော အလုပ်သမားတွေ ဆက်တိုက်ဆိုသလို ပြန်လာနေတဲ့ အခြေအနေကရော ဘာကြောင့်ပါလဲ။

ဖြေ – ချို့ယွင်းချက်အနေနဲ့ အခု ဘာဖြစ်လို့ ပြည်တော်ပြန်တွေ ဆက်ဆက်ပြီးဖွင့်ပေးရလဲဆိုတော့ ၂၃ ရက်နေ့က ချစ်ကြည်ရေး တံတား ပိတ်လိုက်ပါပြီလို့ ပြောထားတဲ့ ကြားထဲက ဘာဖြစ်လို့ဖွင့်ပေးရလဲဆိုတော့ အရင် အမှတ်(၁) တံတားနဲ့ အခုအမှတ် (၂)တံတား ကွာခြားချက်မှာ အမှတ်(၁)တုန်းက ပုံမှန် မြန်မာစံတော်ချိန် မနက်(၆)နာရီ၊ ထိုင်းစံတော်ချိန် ၆နာရီ ခွဲမှာစဖွင့်ပြီး ညနေ မြန်မာ(၈)နာရီ ထိုင်း ၈နာရီခွဲ မှပိတ်ပြီး အမှတ် (၂)မှာကြတော့ မနက် မြန်မာစံတော်ချိန်(၅)နာရီ ထိုင်းစံတော်ချိန် (၅)နာရီခွဲမှာ စဖွင့်ပြီး ညနေ မြန်မာစံတော်ချိန် (၆)နာရီနဲ့ ထိုင်း (၆)နာရီခွဲအချိန်မှာ ပိတ်တယ်။ တချို့က အဲ့ဒါကို သတိမမူမိတဲ့အခါကျတော့ အဲ့ဒီ မတ်၂၂ရက်နေ့ ညပိုင်း တုန်းက ထိုင်း စံတော်ချိန် (၈)ခွဲလောက်မှအလုပ်သမား(၄၅)ယောက် ရောက်လာကြတယ်။ တံတားက ပိတ်နေပြီ။ အဲ့ဒီ ၄၅ယောက်ကို ၂၃ရက်နေ့မှာ စပြီး ဖွင့်ပေးတာကစပြီးတော့ အလုပ်သမာသံအရာရှိ (မဲဆောက်) ဦးဝေလင်းမောင်၊ နောက် ဦးမိုးကြိုးတို့အဖွဲ့တွေပေါ့ ပူးပေါင်းဝန်းရံတာကနေ ပြည်ထောင်စုအထက်ထိ ရောက်သွားတယ် အစီရင်ခံစာ တွေက။ အလုပ်သမားဝန်ကြီးဌာနဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ၊ နောက် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အထိရောက်သွား တယ်။ ရောက်သွားတဲ့ အခါကျတော့ နောက်နေ့ ၂၃ရက်နေ့မှာ သူတို့ ၄၅ယောက်ကို ထိုင်းဖက်က ဖွင့်ပေးတာ ကနေ တခြားသော မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးထောင်ကျော်လည်း သွားဖို့ လမ်းပွင့်သွားတာ။

မေး – ဒီ ပြန်လာတဲ့ အလုပ်သမားတွေက အပြီးပြန်လာကြတာလား၊ ထိုင်းကို ပြန်သွားမယ့် သူတွေရော ရှိသေးလား။

ဖြေ – အပြီးပြန်သူထက် ထိုင်းနိုင်ငံကို ပြန်လာမယ့်သူက များပါတယ်။ တစ်ထောင်တန် တုံးထုတဲ့သူက ပိုများတယ်။ တစ်သောင်းလောက်ဝန်းကျင်မှာ ခန့်မှန်းရတာကတော့ ထိုင်းနိုင်ငံကို ပြန်လာမယ့်သူက များတယ်။ ဗီဇာ အထွက် တုံးဆိုတော့ ပြန်လာဖို့များတယ်။ Cancel တုံးနဲ့ ပြန်သွားတဲ့သူတွေကလည်း နောက်ထပ် စာရွက် စာတမ်း အသစ်လုပ်ပြီးတော့ ပုံစံအသစ်နဲ့ ပြန်လာလို့ရတယ်။ ဘာမှမထုဘဲနဲ့ ဟိုးအရှေ့ပိုင်းက စက်လှေဂိတ်က နေပြန်တဲ့သူတွေ၊ ပွဲစားအမျိုးမျိုးရဲ့ ပေါက်တက်ကရ ပြောဆိုမှုအပေါ် နားယောင်မိတဲ့ အ့ဲဒီစက်လှေဂိတ်က ကူးသန်းတဲ့ သူတွေ၊ လွယ်ရင် လွယ်သလို အလွယ်လုပ်တဲ့သူတွေကတော့ ထိုင်းနိုင်ငံကို ပြန်ဝင်ဖို့ အခက်အခဲရှိသွားပြီ။ သူတို့မှာ အထွက်တုံးလည်း မရှိဘူး၊ Cancel တုံးလည်း မရှိဘူး။

မေး – ပြန်သွားတဲ့ သူတွေအတွက် ထိုင်းကို ပြန်ဝင်လာဖို့အတွက် ရက်ကန့်သတ်ထားတာမျိုး ရှိလား။

ဖြေ – ဒီကိုရိုနာ ဗိုင်းရပ်စ် မကင်းစင်သေးသ၍ ထိုင်းနိုင်ငံထဲကို ပြန်ဝင်ခွင့်ပြုမှာ မဟုတ်ဘူး။ သူတို့ ဘယ်လောက် ပဲဝင်ချင် ဝင်ချင် ၊ အခု ထိုင်းနိုင်ငံထဲကို မတ်လ ၂၁ရက်နေ့တုန်းက ၃၅၀ နဲ့ ၃၀၀လောက် ဝင်ခွင့်ပြုထားတယ်။ မတ်လ ၂၁ရက်နေ့တုန်းက မြန်မာဘက်ကနေ ထိုင်းနိုင်ငံဘက်ကို ၃၈၁ယောက်။ ဒါတွေက ဘာပြောတာလဲ ဆိုတော့ အလည်ဗီဇာတို့၊ စာအုပ်ကြီးတွေ ဘာတွေနဲ့ လာကြတာ။ အလုပ်လုပ်ဖို့ လာတဲ့ သူတွေကို ဝင်ခွင့်မပြု ဘူး။ အခုဆို အမှတ် (၂) တံတားဆိုရင် တော်တော်လေးကို တင်းတင်းကြပ်ကြပ် အထွက်ပဲရမယ် အဝင်မရဘူး။ မြန်မာနိုင်ငံသားမှန်ရင်။ တစ်စုံတစ်ရာစိတ်ချရတဲ့ အနေအထားလောက်မှ ထိုင်းထဲကို ပြန်ဝင်လာလို့ရမယ်။

မေး – အလုပ်သမားအားလုံးကိုကော နေရပ်ပြန်ရေးနဲ့ပတ်သက်ပြီး ဘာတွေ အသိပေး ပြောကြားခြင်တာမျိုးရှိလဲ။

ဖြေ – ပြန်သွားတဲ့ ပုံစံက (၅)မျိုးရှိတယ်။ နံပါတ် (၁)က မတ်လတို့ ဧပြီလတို့က သင်္ကြန်ပွဲတော် ဆင်နွဲဖို့အတွက်။ ကွဲကွာနေတဲ့ မိဘ ဆွေမျိုးတွေနဲ့ တွေ့ဖို့ မိမိ မိဘတွေဆီမှာ အပ်နှံထားတဲ့ ရင်သွေးငယ်တွေနဲ့ နွေးနွေး ထွေးထွေး ပြန်နေဖို့၊ ပါလာတဲ့ ချွေးနည်းစာလေးတွေနဲ့ ဘာသာရေး လူမှုရေး အလှူအတန်းတွေလုပ်ဖို့။ နံပါတ် (၂)ကျတော့ စာရွက်စာတမ်းတွေ သက်တမ်းကုန်တော့မယ် မတ်လ ၃၁ရက်နေ့က။ ထိုင်းအစိုးရက သက်တမ်း တွေ တိုးပေးဖို့ အစီအစဉ်တွေရှိပါတယ် ။ အဲ့လိုစာရွက်စာတမ်းတွေအတွက် စိုးရိမ်ပူပန်လို့ပြန်တာရှိတယ်။ နံပါတ် (၃)က ထိုင်းနိုင်ငံ မတ်လတို့ ဧပြီလတို့ မေလတို့က အလုပ်ပါးတယ်။ အလုပ်ပါးတဲ့ အခိုက်လေး ပြန်လိုက်အုံးမယ် ဆိုပြီးပြန်တာ။ နံပါတ် (၄)က အလုပ်ပြုတ်လာလို့ ပြန်တာ။ ထိုင်းနိုင်ငံမှာ တရုတ် လုပ်ငန်းရှင်တွေ အပါအဝင် နိုင်ငံခြား လုပ်ငန်းရှင်တွေက သူတို့က ဘာဗိုင်းရပ်စ်လဲဆိုတော့ ဒေဝါလီ ဗိုင်းရပ်စ်လို့ခေါ်တယ်။ ဒေဝါလီ ဗိုင်းရပ်စ် ကိုက်တဲ့အခါကျတော့ လုပ်ငန်းရှင်တွေက ဒေဝါလီခံလိုက်တော့ အလုပ်သမားတွေက ဘာမှ မရဘဲနဲ့ ဘာနစ်နာကြေး လျှော်ကြေးမှ မရဘဲနဲ့ ပြန်ရတယ်။ နံပါတ် (၅ )တော့ အလုပ်ရှင်ကနေ ကိုရိုနာ ဗိုင်းရပ်စ် စိုးရိမ်လို့ သူတို့မြို့မှာလည်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုနှုန်း ဖြစ်လာမှုဆိုးလို့ ပြန်လိုက်ပါအုံးဆိုပြီး ပြန်ခိုင်းလိုက်တာ။ စောစောက ပြောလိုက်တဲ့ အကြောင်းပြချက် (၅)ချက်နဲ့ မိမိနေရပ်အသီးသီးကို ပြန်ကြတဲ့ အလုပ်သမား တွေအနေနဲ့ ကိုယ့်မြို့ ကိုယ်ရွာကို ကျန်းမာရေး အသိနဲ့ ကျန်းမာရေး သတိနဲ့ စောင့်ရှောက်ကာကွယ်ပေးပါလို့။ မိမိတို့ ရောက်ရှိနေတဲ့ မြို့နယ်ဆိုလည်း မြို့နယ် တိုက်နယ်ဆိုလည်း တိုက်နယ် ကျေးရွာအုပ်စုဆိုလည်း ကျေးရွာ အုပ်စု ကျေးရွာလေးဆိုလည်း ကျေးရွာ အဲ့မှာ ကျေးရွာ အုပ်ချုပ်ရေးမှူး သက်ဆိုင်ရာ အာဏာပိုင် တွေကို တာဝန်ရှိသူတွေကို သတင်းပို့ပေးပြီးတော့ ကူးစက်ခံလူနာအနေနဲ့ အမိမြေကို ပြန်လာတာမဟုတ်ဘူး။ ရှိနေမယ်ဆိုလည်း လိုအပ်တဲ့ စောင့် ကြည့်ကာလ ၁၄ရက်ကိုလည်း လိုအပ်ရင် လိုအပ်သလို ဖြတ်သန်းမယ်။ ဒါဟာ ကိုယ့်ရွာကို ကာကွယ်စောင့်ရှောက် တယ်ဆိုတာကို အရင်ဆုံး ကိုယ်ကစပြီး လုပ်ရမယ်။ ထိုင်းအစိုးရ အနေဖြင့် သူ့ရဲ့ အမျိုးသားကျန်းမာရေး အစီအစဉ်နဲ့ ကိုရိုနာ ဗိုင်းရပ်စ် တစ်စုံတစ်ရာ ယုံကြည်စိတ်ချရတဲ့ အနေအထားမရှိ မချင်း ထိုင်းနိုင်ငံထဲ ပြန်လာလို့မရဘူး။ ဒါ့အပြင် ထိုင်းနိုင်ငံကို MOUစနစ်နဲ့ ဝင်လာမယ့် သူတွေလည်း အခု ဝင်လာလို့ မရသေးဘူး။ ပြောချင်တာက စောစောကပြောသလို နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား တွေအနေနဲ့ လူအားလုံးက ကိုယ့်အပေါ်ရောက်ရှိလာမယ့် မျက်လုံးစိမ်းများစွာကို နားလည်မှု ရှိရှိ မိသားစု ပုံစံမျိုးနဲ့ ရင်ဆိုင်ဖြတ်သန်းပါ။ ကိုယ့်မှာ ဘာမှမရှိရင် ဘယ်သူ့ကို ဘာမှ ကြောက်စရာမလိုဘူး။ သို့သော် မိမိက သည်းခံ စိတ်ရှည်ဖို့တော့ လိုတယ်လို့ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မီးမောင်းထိုးပြချင်ပါတယ်။

စအိုင်ဆူး(ကေအိုင်စီ) – တွေ့မေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here