ကိုရိုနာဗိုင်းရပ် တားမြစ်ကာကွယ်မှုများ NCAနှင့်အညီ ညှိနှိုင်းလှုပ်ဆောင်ရန် အစိုးရနှင့် တပ်ကို KNUတိုက်တွန်း

၂၆ မတ်၂၀၂၀

လတ်တလောဖြစ်ပွားနေသည့် ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် တားမြစ်သွားနိုင်ရင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCAပါ သဘော တူညီချက် များနှင့်အညီ ညှိနှိုင်းလုပ်ဆောင်သွားရန် ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုမှ ယနေ့ ထုတ်ပြန်သည့် ထုတ်ပြန်ကြေညာချက်၌ အစိုးရကို တိုက်တွန်းထားသည်။

ကေအဲန်ယူ အပစ်ရပ်နယ်မြေအတွင်းရှိ ပြည်သူလူထုများနှင့် ဒေသခံ ဌာနေ တိုင်းရင်းသားများ၏ ကျန်းမာရေး ဆိုင်ရာ ပညာပေးရေးနှင့် ကာကွယ်ပေးရေး လုပ်ငန်းများကို NCA အခန်း (၆) အပိုဒ် (၂၅) နှင့်အညီ ကေအဲန်ယူ ၏ ကျန်းမာရေး ဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန် တိုက်တွန်းထားခြင်းဖြစ်သည်။

ကေအဲန်ယူ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက “ဒီကိစ္စက ကျနော်တို့ ကေအဲန်ယူ နယ်မြေမှာကလည်း ကျန်းမာရေး စနစ်က ရှိနေတဲ့အပေါ်မှာ KDHW နဲ့ ဒီ အစိုးရရဲ့ ကျန်းမာရေး စနစ် ကြားထဲမှာ ဘယ်လို ချိတ် ဆက် လုပ်ကိုင်နိုင်တဲ့ coordination, cooperation လုပ်ငန်းတွေ လုပ်နိုင်မလဲပေါ့နော်။ အခု ရွှေ့ပြောင်း လုပ်သားတွေ များစွာ ပြန်လာတာလည်းရှိပါတယ်။ ကျနော်တို့ နယ်မြေဘက်မှာ ပြန်သွားတဲ့သူ တွေလည်း ရှိပါတယ်။ အဲ့အခြေခံအပေါ်မှာမူတည်ပြီးတော့ ညှိနှိုင်းလုပ်ကိုင်ဆောင်ရွက်တဲ့ လုပ်ထုံးလုပ်နည်းတွေ ချထား သင့်ပါတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် ကေအဲန်ယူ၏ ထုတ်ပြန်ကြေညာချက်၌လည်း ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ဗိုင်းရပ်စ် ရောဂါ တိုက်ဖျက်ရေးတွင်အတူတကွ ပါဝင်ကြရန် ပြောကြားသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်၏ မေတ္တာရပ်ခံချက်ကို ကြိုးဆိုကြောင်းနှင့် ကြိုတင် ကန့်သတ်ချက် မထား သည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကို ကြေညာခြင်းပြုလုပ်ရန်ကိုပါ အစိုးရ နှင့် တပ်မတော်ကိုပါ တောင်းဆိုထားသည်။

NCA အခန်း (၆)၏ ကြားကာလတွင် ဆောင်ရွက်ရမည့် အစီအစဉ်များ၏ အပိုဒ် (၂၅) အပိုဒ်ခွဲ (က)၏ (၁)အရ ပြည်သူ လူထုများ၏ ကျန်းမာရေး ပညာရေး ၊လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံဖွ့ံဖြိုးတိုးတက်ရေး လုပ်ငန်း များကို နှစ်ဖက်ညှိနှိုင်း လုပ်ဆောင်ရန် သဘောတူထားသည်။

လက်ရှိတွင်လည်း ကေအဲန်ယူအနေဖြင့် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့်အလျှောက် ကုသရေးအတွက် အခက်အခဲရှိသောကြောင့် ကာကွယ်ရေးကို ဗဟို၏ ညွန်ကြားမှုနှင့်အတူ ကေအဲန်ယူ၏ ကရင်ကျန်းမာရေးနှင့်ကယ်ဆယ် ရေး-KDHW မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့-WHO၏ လမ်းညွန်ချက်အတိုင်း အမျိုးသား လုံခြုံရေးအဖြစ် ကာကွယ်ရေးကို ဦးစာပေးအဆင့် လုပ်ဆောင်နေကြောင်း ကေအဲန်ယူက ဆိုသည်။

ထိုသို့လုပ်ဆောင်ရာတွင် WHO ၏ လမ်းညွန်ချက်နှင့်အညီ လိုအပ်သည့် ပညာပေး လုပ်ငန်းများ၊ နယ်မြေဒေသ စည်းမျဉ်းစည်းကမ်းများ ထုတ်ခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းများကို ယာယီရပ်ဆိုင်းခြင်းများစသည့် ကာကွယ်ရေး လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ တပ်မဟာ၊ခရိုင်၊ မြို့နယ် တပ်ရင်း တပ်ခွဲများအထိ ညွန်ကြားချက်များ ပေး ထား ကြောင်းလည်း ကေအဲန်ယူက ပြောသည်။

KDHW ၏ တာဝန်ခံ စောဒိုင်းမွန်းခင်က “ကျနော်တို့က မြန်မြန်ဆန်ဆန်လူထုဆီရောက်အောင် ကြေးနန်းကနေ တဆင့် ခရိုင်တိုင်းကို တပ်မဟာအပါအဝင်ပေါ့ Shot to the point ညွန်ကြားထားတာရှိတယ်။ ဖေ့စ်ဘွတ်ကနေ ထုတ်ပြန်ချက်ထုတ်တာလည်းရှိတယ်။ အခုဆိုရင် ပိုစတာတွေ ထုတ်ပြီးလိုက်ကပ်ဖို့ အမြန်လုပ်နေတယ်။ နောက်ပြီး Educator တွေ စပြီးသင်တန်းပေးတာပေါ့။ ကျေးရွာတွေကို ပညာပေးဆင်းဖို့အတွက်။ သဘောက ဒီသတင်းစကားက အခြေခံ လူတန်းစားတွေအထိရောက်အောင်ဆိုတာက အဓိက ဗျူဟာဖြစ်တာပေါ့။” ဟု ကေအိုင်စီ သို့ပြောသည်။

လက်ရှိတွင် အဆိုပါ ကပ်ရောဂါ နှင့်ပတ်သက်ပြီး ကျေးလက်ဒေသတွင်းသို့ ပညာပေးလုပ်ဆောင်ရန် ပညာပေး ပိုစတာများနှင့် သင်တန်းပေးမှုသာ ပြုလုပ်ပြီးစီးထားကြောင်းနှင့် ပညာပေးလုပ်ဆောင်ရန် တချို့ကျေး လက်ဒေသ များတွင် ဘာသာရေး အယူအဆများအရ ရွာတွင်းပေးမဝင်သည့် အခက်အခဲများရှိကြောင်းလည်း စောဒိုင်းမွန်းခင်က ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၉ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ လက်မှတ်ဖြင့် NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် အဖွဲ့များဆီသို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာမှတစ်ဆင့် အကြောင်းကြားစာပေးပို့ရာတွင် WHO၏ ကိုရိုနာဗိုင်းရပ်စ်ကို ကပ်ရောဂါး အဖြစ်ကြေညာချက်နှင့် အတူ ညွန်ကြားချက်များအတိုင်း ရောဂါ ကာကွယ်ရေး ပညာပေး လုပ်ငန်းများကို လက်တွဲ လုပ်ဆောင်ရန် အသိပေးအကြောင်းကြားထားကြောင်း သိရသည်။

အလားတူ ယမန်နေ့ မတ်လ ၂၄ရက်နေ့တွင်လည်း ကေအဲန်ယူ တပ်မဟာ (၂) တောင်ငူခရိုင်မှ နယ်မြေအတွင်း ဝင်ထွက်သွားလာမှုများကို တားမြစ်ထားသည့် အသိပေး ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်သလို ကျန် တပ်မဟာ ခရိုင် မြို့နယ် နှင့် တပ်ရင်း တပ်ခွဲများတွင်လည်း အသိပေးထုတ်ပြန်ထားပြီး တခြားသော ကရင် လက်နက်ကိုင်အဖွဲ့အစည်းများလည်း အသီးသီးစာထုတ်ပြန်ထားသည်။

ယနေ့ မတ်လ ၂၆ရက်နေ့အထိ နောက်ဆုံးရရှိထားသည့် စာရင်းများအရ နိုင်ငံပေါင်း ၁၉၇နိုင်ငံမှ COVID-19 ကူးစက်ခံထားရသူ (၄၇၂,၇၉၀) ဦးတွင် (၂၁,၃၁၃) ဦး သေဆုံးသွားခဲ့ပြီး (၁၁၄,၉၁၁) ဦး ပြန်လည်ကောင်းမွန် လာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံ၏ အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ စောင့်ကြည့်လူနာ ၂၃၆ဦး၊ သံသယလူနာ ၂ဦးနှင့် ပိုးတွေ့ရှိသူ ၃ဦး ရှိနေကြောင်း ထုတ်ပြန်ထားသည်။

စအိုင်ဆူး(ကေအိုင်စီ) – ရေးသည်။

Share me now!