ကိုရိုနာဗိုင်းရပ် ပြန့်ပွားနေချိန်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်ရပ်ပေးဖို့ အစိုးရနှင့် တပ်မတော်ကို ကေအန်ယူ တောင်းဆို

ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး

၂၇ မတ် ၂၀၂၀

လက်ရှိ ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် အသက်ရှုလမ်းကြောင်း ဆိုင်ရာ အဆုတ်ရောင်ရောဂါ (COVID 19) ကို ထိထိရောက်ရောက် တွန်းလှန်နိုင်ရန်တွက် ကန့်သတ်ချက် တစ်စုံတစ်ရာ မထားဘဲ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အပစ်ရပ်ပေးရန် ကရင်အမျိုး သား အစည်းအရုံး KNU က အစိုးရနှင့် တပ်မတော်ကို တောင်းဆို လိုက်သည်။

မတ်လ ၂၆ ရက် က ကရင်အမျိုးသား အစည်းအရုံး KNU က ကိုရိုနာဗိုင်းရပ်စ်ပိုး (COVID 19) ကူးစက် ရောဂါ နှင့် ပတ်သက်၍ ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက “ကျနော်တို့ ဒီမှာလည်း IDPs တွေ ရှိနေတုန်းပဲ ရှမ်းမြောက်မှာလည်း ရှိတယ်။ ရခိုင်ဖက်မှာလည်း ရှိတယ်။ ဆိုတော့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အကြံပြုချက် အတိုင်းပေါ့နော နှိုးဆော်ချက်အတိုင်း စစ်တပ်နဲ့ အစိုးရ အနေနဲ့ တစ်နိုင်ငံ လုံး အပစ်ရပ်စဲရေးကို ကျနော်တို့ ဒီ ကြိုတင်ကန့် သတ်ချက်မရှိပဲနဲ့ ကြေငြာလိုက်ခြင်းအားဖြင့် ကျနော်တို့ ဒီ IDPs တွေပေါ့နော်။ ပြည်တွင်းနေရပ် စွန့်ခွာ တိမ်းရှောင်နေရတဲ့ ပြည်သူလူထုတွေ အတွက်လည်း ပိုပြီးတော့ သက်သက်သာသာ ဖြစ်လာပြီးတော့ ဒီမလိုအပ်တဲ့ ဒီတိုက်တာ ခိုက်တာဆိုတဲ့ ဒီလုပ်ဆောင်ချက်တွေကိုလည်း ကျနော်တို့ လူသားအချင်းချင်း ဒီကပ်ဆိုးကို ကာကွယ်ဖို့အတွက် အထောက်အကူပေးတဲ့ နေရာမှာ ပြန်လည်အ သုံးပြုနိုင်မယ်ဆိုရင် ပိုပြီးတော့ သင့်တော်မယ်ဆိုတဲ့ အခြေခံကိုလည်း ကျနော်တို့ ပြောချင်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် အပစ်ရပ်ရာတွင်လည်း မည်သည့် ကန့်သတ်ချက် တစ်စုံတစ်ရာ မထားပဲ အပစ်ရပ်ရန် လိုအပ်ပြီး ယင်းသို့ အပစ်ခတ်ရပ်စဲရေးအတွက် အစိုးရနှင့် တပ်မတော်ကသာ အဓိကကျကြောင်း ပဒိုစောတာဒိုမူးက ယခုလို ပြောပါသည်။

“အမှန်ကတော့ ကျနော်တို့ မြင်တာက တကယ်လို့ တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံး အနေနဲ့ အပစ်ခတ်ရပ်စဲ ရေးကိုသာ ကြေငြာလိုက်မယ်ဆိုရင် ကျန်တဲ့ တိုင်းရင်းသားတွေ အနေနဲ့က ရပ်တံ့ဖို့ အဆင်သင့်ပဲဆိုတာ ကျနော်တို့ နားလည်ပါတယ်။ ဆိုတော့ အကုန်လုံးက ကိုယ့်နေရာ ကိုယ်နေနေရတယ်ဆိုတော့ တကယ်လို့ တိုက်တာခိုက်တာတွေ ဒီထိုးစစ်တွေ မရှိဘူး ဆိုရင်တော့ ပစ်ခတ်တာ ရပ်ထားပြီးသားပဲ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ အဲလိုပဲ မြင်တဲ့ အတွက်ကြောင့် ဒီအစိုးရနဲ့ တပ်မတော်အနေနဲ့ သဘောထား ကြီးကြီးနဲ့ တစ်နိုင် ငံလုံး အပစ်ခတ်ရပ်စဲရေးကို ကြေငြာလိုက်တယ်ဆိုရင်တော့ အထူးသဖြင့် ဒီကပ်ဆိုးကို ကြုံတွေ့ရတဲ့ ပြည်သူ လူထုတွေ မကပဲနဲ့ ကျနော်တို့ IDPs ဒေသမှာလည်း ပိုမိုပြီး ဒီရောဂါကူးစက်ရေးအတွက် ပိုမိုစိတ်ချနိုင်မယ်။”

KNU ၏ ထုတ်ပြန်ချက်ထဲတွင် ဤသို့ပြုလုပ်ခြင်းသည် အကာအကွယ်မဲ့ ဘ၀ အခြေအနေတွင် ရောက်ရှိနေ သော ပြည်တွင်း ပဋိပက္ခဒေသ အသီးသီးရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ယင်းတို့ကို အထူးတာ၀န်ယူ နေရသည့် အဖွဲ့အစည်းများ သည် လည်း ဗိုင်းရပ်စ်ပိုးကာကွယ်ရေးနှင့် တိုက်ဖျက်ရေး လုပ်ငန်းတွင် ပါ၀င်လာ နိုင်မည် ဖြစ်သည်ဟု ပါရှိသည်။

ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် အတူတကွ ပါ၀င်ကြရန် ပြောကြားသော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် ၏ မေတ္တာရပ် ခံချက်ကို KNU ကရင်အမျိုးသား အစည်းအရုံး အနေဖြင့် ကြိုဆိုသည်ဟု KNU ကဆိုသည်။

ထိုကြောင့် မြန်မာနိုင်ငံတွင်လည်း ကြိုတင်ကန့်သတ်ချက်မထားသည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ ရေးကို ပြုလုပ်ရန်အတွက် အစိုးရနှင့် တပ်မတော်တို့အား တောင်းဆိုလိုက်ပါသည်ဟု ထုတ်ပြန်ချက်ထဲ တွင် တောင်းဆိုထားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်လိုက်ခြင်းဖြင့် လက်ရှိ ရင်ဆိုင်နေရသည့် ကမ္ဘာ့ကပ်ရောဂါကို ထိထိ ရောက်ရောက် တွန်းလှန်နိုင်မည့် အခွင့်အရေးကို ရရှိမည့်အပြင် မည်သူ့ကိုမျှ ချန်မထားသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖြစ်ပေါ်စေနိုင်သည် ဟု ပဒိုစောတာဒိုမူးက ပြောသည်။

ထို့သို့ ပြုလုပ်ခြင်အားဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်တွင် ကြီးမားသည့် တန်ဖိုးမဖြတ် နိုင် သော ထောက်ကူပံ့ပိုးမှုများ ဆောင်ကျဉ်းပေး လာမည်ဖြစ်ပါသည် ဟု KNU က ဆိုသည်။

လက်ရှိ ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ် အသက်ရှုလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါ (COVID 19) သည် ကမ္ဘာ တစ်၀န်း ကူးစက်မှု လျင်မြန်စွာ ဖြစ်ပွားလျက်ရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်နေ သကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း ၎င်းတို့ ထိန်းချုပ်ရာ ဒေသတွေမှာ ရောဂါ ကာကွယ် တားဆီးရေး အတွက် အရှိန်မြင့် လုပ်ဆောင်လာနေကြသည်ဟု ဆိုသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ကူးစက်ခံထားရသည့် လူနာ ၅ ဦး အထိ ရှိနေပြီဖြစ်သည်။

အားမီ(NMG)-ရေးသည်။

Share me now!