အင်တာနက်ပြန်ဖွင့်ပေးရန် ဆန္ဒပြခဲ့သည့် ကျောင်းသား (၇)ဦး ထောင်ဒဏ် (၁)လချမှတ်ခံရ

0
261

၂၇ မတ် ၂၀၂၀

ရခိုင်နှင့် ချင်းပြည်နယ်မှာ အင်တာနက် ပြန်ဖွင့်ပေးရန်အပါအဝင် ရခိုင်အရေး ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ကျောင်း သား (၇)ဦးကို မတ်လ ၂၅ ရက်နေ့တွင်၊ ရန်ကုန် ကမာရွတ်မြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင် ဒဏ်(၁)လချမှတ်ရန် အမိန့်ချမှတ်ခဲ့သည်။

၎င်းတို့ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အင်တာနက်ပြန်ဖွင့်ပေးရန် အပါအဝင် ဘူးသီးတောင်မြို့နယ်က စာသင်ကျောင်းအား လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာနှင့် ဖြေရှင်းပေးရေး၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများကို လွတ်လပ်စွာ သတင်းရယူခွင့်ပေးရန် ဆန္ဒပြခဲ့သောကြောင့် ငြိမ်းချမ်း စွာ စီတန်းလှည့်လည်ခြင်းဆိုင်ဥပဒေ ပုဒ်မ (၁၉)ဖြင့် ကမရွတ်မြို့နယ်ရဲစခန်းက အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မတ်လ (၅)ရက်နေ့တွင် ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ဒါကတော့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ လွတ်လပ်စွာ တောင်းဆိုနေကြတဲ့ ကျောင်းသားတွေကို ဒီလိုမျိုး အပြစ်ပေးတာ ကတော့ မှန်တာပြောရင ်ဒီလိုဖြစ်မယ်ဆိုတဲ့ ပုံစံလေးတစ်ခုဖြစ်သွား တယ်”ဟု ရခိုင်ပြည် ကျောင်းသားသမဂ္ဂက သံတမန် ရေးရာတာဝန်ခံ ကိုသော်ဇင်ထွန်းကပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသူများမှာ ကိုနောင်ထက်အောင်၊ ကိုအောင်ပြည့်စုံဖြိုး၊မနှင်း၊ မအေးမြတ်မွန်ကျော်၊ ကိုသုတ စိုး၊ ကိုစစ်နိုင်၊ ကိုသက်တင်အောင်တို့ဖြစ်သည်။ ရဲတပ်ဖွဲ့က ၎င်းတို့အပါအဝင် ကိုမြတ်ဟိန်းထွန်းနှင့်ကိုကျော် လင်းတို့ကိုလည်းအမှုဖွင့်ခဲ့ပြီး လက်ရှိတွင် ၎င်းတို့မှာတိမ်းရှောင်လျက်ရှိသည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၁)ရက်နေ့တွင် အစိုးရက ကြိုတင်အသိမပေးဘဲ အင်တာနက်ဖြတ်တောက်ခဲ့သည်။

ထို့နောက် စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝ မြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ယင်းမြို့နယ်များကို ထပ်မံဖြတ်တောက်ခဲ့သည်။

ခိုင်ရိုးလ(DMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here