“တွေ့ဆုံဆွေးနွေးနေတာက အဖြေတစ်ခုခုတော့ ရလာမှာ ၊ ဘာပဲဖြစ်ဖြစ် အမြန်တွေ့ဆုံနိုင်တာက ပိုကောင်းတယ်” ဦးလမိုင်ဂွမ်ဂျာ (ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့)

0
358

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွမ်ဂျာနှင့် မေးမြန်းခြင်း

၂၇မတ် ၂၀၂၀
ငြိမ်းချမ်းရေးအတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ မြန်မာအစိုးရတို့ကြား Bilateral လက်မှတ်ထိုးရေးအတွက် တွေ့ဆုံဖို့ နေရာဆွေးနွေးနေရင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်လည်း ထပ်မံ ကြန့်ကြာနေရပြန်ပါတယ်။ အသေးစိတ်အခြေအနေကို ငြိမ်းချမ်းရေးတွေ့ဆုံပွဲတစ်လျှောက် ကြားဝင်ညှိနှိုင်းပေးနေတဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာနဲ့ ကချင်သတင်းဌာနမှ သတင်းထောက်လည်း ဖြစ် ၊ BNI-မြန်မာငြိမ်းချမ်းရေးစောင့်ကြည့်အဖွဲ့ရဲ့ မြေပြင်သတင်းသမားလည်း ဖြစ်တဲ့ ကိုနောနော်က ဆက်သွယ်မေးမြန်းထားပါတယ်။

‌မေး။ ။Bilateral လက်မှတ် ရေးထိုးဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ နှင့် အစိုးရ NRPC တို့ရဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။
ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ တရုတ်နိုင်ငံ ကူမင်းမှာ လုပ်တဲ့ အလွတ်သဘောဆွေးနွေးပွဲမွာ ဖေဖော်ဝါရီလမှာ အလွတ်သဘောပြန်လည်တွေ့ ဆုံမယ် ဆိုပြီး နှစ်ဖက် သဘောတူခဲ့တာရှိတယ်။ ဖေဖော်ဝါရီလမှာ တွေ့ဖို့လုပ်နေတဲ့ချိန် တရုတ်နိုင်ငံမှာ Corona Virus ရောဂါ ပြန်ဖြစ်တဲ့အတွက် မတွေ့နိုင်ပဲဖြစ်သွားတယ်။ ကြာသွားတဲ့အတွက် အခုနှစ်ဖက်စလုံးကို ပြန်ညှိတဲ့ အချိန် အစိုးရဘက်ကတော့ မြစ်ကြီးနား၊ ကျိုင်းတုံ၊ မြန်မာပြည်တွင်းမွာ လုပ်ရအောင်ဆိုပြီး အဆိုသွင်းလာတယ်။ မဟာမိတ်တွေဘက်ကတော့ ခုချိန်မှာ ခရီးသွားလာမှုမှာ လုံခြုံရေးအတွက် စိုးရိမ်ရတယ်။ တရုတ်မှာပဲ ဆွေးနွေးရအောင်လို့ပြောတယ်။ အစိုးရဘက်ကတော့ ခုချိန် တရုတ်မှာ‌ရောဂါ အရမ်းဆိုးနေတယ်၊ ဘယ်လိုမှ တရုတ်နိုင်ငံဘက် သွားလို့အဆင်မပြေဘူးလို့ပြောထားတယ်။ ဒီလိုနဲ့ နှစ်ဖက်ညှိနှိုင်းနေတဲ့သဘောဖြစ်တယ်။

မေး။ ။ AA ရခိုင့်တပ်မတော် နဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန် Bilateral ထိုးဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထိရောက်မှု ရှိနိုင်မလား၊ ဘယ်လိုအခြေအနေလဲ။
ဖြေ ။ ။ ဒါကေတာ့ ပြီးခဲ့တဲ့ချိန်မှာ ဆွေးနွေးထားတဲ့ အချက်(၈)ချက် ရှိတယ်။ အဲဒီထဲက (၃) ချက်ကို သဘောတူရင် လက်မှတ်ထိုးနိုင်အောင် ဆိုပြီး ဆွေးနွေးထားတာဖြစ် တယ်။ ဒီတစ်ခါပြန်တွေ့ရင် အလွတ်သဘောအနေနဲ့ ဒါကို ဆက်ဆွေးနွေးဖို့ပြောထားတာဖြစ်တယ်။ ဒါကြောင့် ရခိုင်မှာဖြစ်တဲ့ တိုက်ပွဲတွေက ဆက်ရှိနေအုံးမှာပဲ။ ဒါပေမယ့် ဒီတွေ့ဆုံဆွေးနွေးပွဲကို အဆင်ပြေအောင်ဆိုရင် လက်မှတ်ထိုးပြီး မဟာမိတ်တွေက အားလုံးသဘောတူထားတာ ရှိတယ်။ ဒါကြောင့် ဒီတွေ့ဆုံမှုအတွက် အခုချိန်ထိ မတွေ့ဆုံနိုင်သေးဘူးဖြစ်နေတယ်။ နေရာမသတ်မှတ်ရသေးတဲ့ အတွက်ဖြစ်တယ်။

မေး ။ ။တပ်မတော်က ရခိုင်ပါတာကို မကြိုက်ဘူးလို့ ကောလဟာလတွေ ထွက်နေတယ်။ တကယ်လို့ စစ်ပွဲကြီးတွေ အဆက်မပြတ်ဖြစ်နေရင် AA မပါဘဲ Bilateral လက်မှတ်ထိုးတာက အောင်မြင်ပါ့မလား။
ဖြေ ။ ။အဲ့တာတော့ မပြောနိုင်သေးဘူး။ အစိုးရတပ်မတော်ဘက်ကတော့ ရခိုင်ပြည်မှာ AA ကို မရှိအောင် ပြောထားတာတော့ကြာပြီ။ ဒါပေမယ့် နှစ်ဖက်လုံးတိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပြီး၊ ကျရှုံးမှုတွေများလာတော့ AA လည်း တွေ့ဆုံပြီး ဆွေးနွေးလိုက်တာက အရေးကြီးဆုံးပဲလို့ ပြောထားတာတော့ရှိတယ်။ အစိုးရတပ်မတော်ဘက်က ဘာပဲပြောပြော NRPC အစိုးရကေန ဒါကိုတွေ့ဆုံဆွေးနွေးနိုင်အောင် ကြိုးစားနေတာဖြစ်တယ်။ ဒါကြောင့်အမြန်တွေ့ဆုံ ဆွေးနွေးနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် နေရာကြောင့် ခက်ခဲဖြစ်နေတာ ဆွေးနွးပြီးရင်တော့ ပြောထားတဲ့ကတိတိုင်း ညှိ နှိုင်းစရာတွေကို ညှိနှိုင်းပြီးပြီဆို လက်မှတ်ထိုးတဲ့ဘက်တော့ လှည့်လာမှာဖြစ်တယ်။

မေး။ ။ ကျောင်းပိတ်ပြီးရင် စစ်ရှောင်တွေ ကိုယ့်နေရပ်ပြန်တော့မယ်လို့ ကြားတယ်။ အဲ့တာဆို Bilateral လက်မှတ်မထိုးနိုင်ရင် စစ်ရှောင်တွေအတွက် စိုးရိမ်မှု ဘယ်လိုရှိမလဲ။
ဖြေ ။ ။ ဒါနဲ့ပတ်သက်ပြီး KHCC နှင့် NRPC ဆွေးနွေးထားတာတွေ ရှိတယ်။ လက်မှတ်မထိုးနိုင်လို့ စစ်ရှောင်တွေ အကုန်မပြန်နိုင်ရင်လည်း စစ်ပွဲမရှိတဲ့ ရွာတွေမှာ ပြန်လို့ရတယ်။ ဒါကြောင့်လက်မှတ်မထိုးနိုင်ခဲ့လည်း ပြန်လို့ရမယ့် ရွာတွေ အကုန်ရွေးထား တယ်။ ဒီအတောအတွင်း ပြန်နိုင်အောင် KHCC ကနေ အစိုးရ နဲ့ KIA ဘက်ကို ဆွေးနွေးလုပ်ဆောင်နေတာဖြစ်တယ်။ Bilateral လက်မှတ်ထိုးနိုင်ရင်တော့ အကုန်ပြန်နိုင်အောင်လုပ်တာတော့ ဟုတ်တယ်။

မေး ။ ။ ကိုရိုနာဗိုင်းရပ်ကြောင့် ဆွေးနွေးဖို့ နေရာမသတ်မှတ်နိုင်ရင် အခြား ဘယ်လိုကြိုးစားလုပ်ဆောင်နေပါလဲ။
ဖြေ ။ ။ကျွန်တော်တို့လည်း နည်းလမ်းနှစ်ဖက်ကနေ လုပ်ဆောင် ဆွေးနွေးနေတာတော့ဟုတ်တယ်။ တရုတ်ပြည်မှာလည်း မဟုတ်၊ ဒီမြန်မာပြည်အတွင်းလည်းမဟုတ်ရအောင် နယ်စပ်တစ်လျှောက် နေရာတစ်ခုခု မှာ တွေ့ဆုံဆွေးနွေးမယ်လို့တော့ လုပ်ထားတယ်။ တိတိကျကျ အဖြေတော့ မရသေးဘူး။

မေး။ ။ Bilateral လက်မှတ်ရေးထိုးဖို့နဲ့ပတ်သက်ပြီးတော့ အခြားထပ်မံဖြည့်စွက်ချင်တာရှိရင် ပြောပေးပါ။‌ဖြေ ။ ။ အခြားတော့ မရှိဘူး။ ဒါပေမယ့် လက်မှတ်ထိုးနိုင်မှာဖြစ်ဖြစ် မထိုးနိုင်မှာဘဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးနေတာက ပိုကောင်းတယ်ပေါ့။ မတွေ့ဆုံဘဲကြာရင် ဘာမဆိုဖြစ်လာနိုင် တယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေးနေတာက အဖြေတစ်ခုခုတော့ ရလာမှာပေါ့။ ဘာပဲဖြစ်ဖြစ် အမြန်တွေ့ဆုံနိုင်တာက ပိုကောင်းတယ်လို့ တွေ့ရတယ်။

နောနော်(ကေအန်ဂျီ) – မေးမြန်းသည်။
မှတ်ချက်။ ။ ယခုမေးမြန်းချက်သည် ရခိုင့်တပ်မတော် (AA)ကို အစိုးရမှ မတရားအသင်း မကြေညာသေးခင် မတ်လ အလယ်တွင် မေးမြန်းထားခြင်းဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here