“ရေကြောင်းကရော လေကြောင်းကရော ကြည်းတပ်ကရော လက်နက်ကြီးမျိုးစုံနဲ့ နေ့စဉ်ပစ်ခတ်နေတဲ့ အချိန်မှာ ကျနော်တို့ဖက်က ခုခံရေးမှအပ တစ်ခြားနည်းလမ်း မရှိဘူး” ဦးခိုင်သုခ (ULA/AA)

0
320

ရခိုင့်တပ်တော်(ULA/AA) ပြောခွင့်ရ ဦးခိုင်သုခနှင့် ဆက်သွယ်မေးမြန်းခြင်း

၂၈ မတ် ၂၀၂၀

မြန်မာတစ်နိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်(Covic-19) ပြန့်ပွားနေလို့ စိုးရိမ်ကြောက်လန့်နေရကာ နေ့စဉ်သတင်းအချက်အလက်အမှန်များကို စောင့်ကြည့်နေရချိန်မှာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာတော့ တပ်မတော်နဲ့ ရခိုင့်တပ်တော်(ULA/AA)တို့ တို်က်ပွဲတွေ ပြင်းထန်နေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂက ကိုရိုနာဗိုင်းရပ်ကြောင့် ကမ္ဘာတစ်ဝှမ်းစစ်ပွဲတွေ ရပ်ပေးကြားဖို့ တိုက်တွန်းတောင်းဆိုနေပေမယ့် အဆိုပါ ချင်းနဲ့ ရခိုင်ပြည်နယ်အတွင်း စစ်ပွဲအရှိန်က လျော့ကျမသွားပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရခိုင့်တပ်တော်(ULA/AA)ကို အစိုးရက မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာခဲ့ပါတယ်။ ဒါဟာ စစ်အရှိန်တက်ဖို့အတွက် လောင်စာဆီသဖွယ်ဖြစ်နေသလား စဉ်းစားစရာဖြစ်ပါတယ်။ ULA/AAအပါအဝင် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ ၊ တပ်မတော်အကြား အပစ်ရပ်ရေးဆွေးနွေးပွဲတွေကတော့ ကိုရိုနာဗိုင်းရပ်အကြောင်းပြုပြီး ဆိုင်းငံ့ထားပါတယ်။ ယခုအချိန်မှာ ရခိုင်ပြည်နယ်က စစ်ပွဲအခြေအနေတွေနဲ့ အပစ်ရပ်ရေးအခြေအနေတွေက ဘယ်လိုပုံစံရွေ့ပြောင်းသွားနိုင်သလဲဆိုတာ တွေးဆနိုင်ဖို့အတွက် ရခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခကို NMG မှ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – အစိုးရကနေပြီးတော့ ရက္ခိုင့်တပ်တော် ULA/AA ကို အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းအဖြစ် ကြေငြာ လိုက်တဲ့အပေါ်မှာ ဘာပြောချင်သလဲ။

ဖြေ- အဲဒီမတရားအသင်းကြေငြာတဲ့ ကိစ္စကတော့ ဒီလိုမျိုး အစိုးရနဲ့ စစ်တပ်က ကျနော်တို့ အပေါ် မှာ အကြမ်းဖက်အဖွဲ့အစည်းလိုမျိုး စွပ်စွဲတာမျိုးကတော့ ကျနော်တို့ကတော့ သိပ်ပြီးတော့ ထည့်သွင်းစဉ်းစား စရာတော့ မရှိဘူးလို့ပဲ ပြောချင်တယ်။ တစ်ဖက်မှာလည်းပဲ သူတို့ဖက်ကနေပြီးတော့ အင်အားသုံးပြီးတော့ အနိုင်ယူဖြေရှင်းမယ်ဆိုတာမျိုး စိတ်ပိုင်းဖြတ်ထားပုံရတယ်။ ဒါကြောင့်မို့လို့ မြန်မာအစိုးရရဲ့ ဒီလုပ်ရပ်ဟာ အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကြီးအကျယ် ထိခိုက်သွား စေနိုင်တယ်။ အထူးသဖြင့်တော့ ရှိစုမဲ့စု ယုံကြည်ချက်လေးတွေ ကျသွားပြီးတော့ တစ်ဖက်နဲ့ တစ်ဖက်ကြားမှာ ယုံကြည်မှုတွေ လုံး၀ပျက်ပြားသွားစေနိုင်တဲ့ အနေအထား ဖြစ်တယ်။ နောက်တစ်ခုက မြန်မာအစိုးရဖက်က ဘယ်လိုပဲ သတ်မှတ်သတ်မှတ် ကျနော်တို့က ဒီအစိုးရဆီမှာ ခွင့်ပြုချက်နဲ့ တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်း မဟုတ်ဘူး၊ ULA/AA ဟာ ရခိုင်လူထုက နေပြီးတော့ မွေးဖွားပေးလိုက်တဲ့ အဖွဲ့အ စည်း ဖြစ်တယ်။ ဒါကြောင့်မို့လို့ မြန်မာအစိုးရက ထောက်ခံနေစရာ မလိုဘူး။ အဓိက ကတော့ ကျနော်တို့ ရခိုင် ပြည်သူလူထုက တစ်ခဲတစ်နက်ထောက်ခံထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့က ဘယ် လို စံနှုန်းနဲ့ပဲ တိုင်းတိုင်း ကျနော်တို့ဟာ ရခိုင်ဒေသမှာ တရား၀င် အဖွဲ့အစည်းဖြစ်တယ်။

မေး – အခုလို အစိုးရဖက်ကနေ ULA/AA ကို အကြမ်းဖက်အဖွဲ့နဲ့ မတရားအသင်းအဖြစ် ထုတ်ပြန်လိုက်တဲ့ အ တွက် ရခိုင်ဖက်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်သလား။ ဘယ်လိုသုံးသပ်ချင်ပါသလဲ။

ဖြေ – တစ်ဖက်သတ်ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့ ULA/AA ကို မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အ စည်းအဖြစ် ကြေငြာတယ်ဆိုတာကတော့ တရားမ၀င်အဖွဲ့အစည်းအဖြစ် ကြေငြာတယ်ဆိုတာက ကျနော်တို့ ရခိုင်ပြည်သူ တစ်ရပ်လုံးကို စစ်ကြေငြာတာနဲ့ အတူတူပဲ။ ပြောမယ်ဆိုရင် မြန်မာအစိုးရဖက်က ကျနော်တို့ကို စစ်ကြေငြာတာဆိုရင် ဒီတစ်ကြိမ်နဲ့ဆို ၂ ကြမ်ရှိသွားပြီ။ လွန်ခဲ့တဲ့ ၂၀၁၉ ဇန်နဝါရီလ ၇ ရက်နေ့က လည်းပဲ ကျနော်တို့ ULA/AA ကို အပြုတ်တိုက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကလည်းပဲ အဲဒီမှာ တစ်ကြိမ် အမိန့်ပေးပြီးပြီ ဆိုတော့ အခုတစ်ကြိမ်ကနေပြီးတော့ စာရွက်စာတမ်းနဲ့ သူတို့ တရား၀င် ထုတ်ပြန်လာတာ လို့ ပြောရမှာပေါ့။ အကြမ်းဖက်အဖွဲ့အစည်း တရားမ၀င် အဖွဲ့အစည်းဆိုပြီးတော့ ကြေငြာလာတယ်။ ပြောရ မယ် ဆိုလို့ရှိရင်တော့ ဒါက သူတို့ဖက်ကနေ ပြောင်ပြောင်တင်းတင်း စစ်ကြေငြာလာတာပေါ့ဗျာနော်။ အဲဒါနဲ့ အတူတူ တစ်ပြိုင်နက်တည်းမှာပဲ မြန်မာအစိုးရဟာ ကြည်း ရေ လေ တပ်ဖွဲ့တွေ အကုန်လုံး သူတို့ကနေပြီးတော့ အင်အား အလုံးအရင်းကနေပြီးတော့ ရခိုင်ဒေသကို အင်အားဖြည့်နေတယ်။ အရင်တုန်းက စစ်မြေပြင်မှာဆိုရင် ရေတပ်တွေ နောက်လေတပ်တစ်ချို့ပါတာပေါ့။ ဒါပေမယ့် ကြည်းတပ်မှာ သူတို့သံချပ်ကာတပ်တွေ ထုတ် သုံးတာ မရှိဘူး။ အခုနောက်ဆုံးမှာ ဆိုလို့ရှိရင် သူတို့သံချပ်ကာ တပ်တွေကိုပါ ရခိုင်ဒေသကို အကြီးအကျယ် အားဖြည့်နေတယ်။ ဒါကြောင့်မို့လို့ ရှေ့လာမယ့် ရက်တွေမှာတော့ ရခိုင်ဒေသအနှံ့မှာ တိုက်ပွဲတွေကတော့ အပြင်းအထန်ဖြစ်လာမယ့် အနေအထားတွေ အများကြီး တွေ့နေရတယ်။

မေး – မနေ့က မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရက္ခိုင့်တပ်တော် ULA/AA ကို အစိုးရက အကြမ်းဖက် အဖွဲ့နဲ့ မတရားအသင်းအဖြစ် ကြောငြာလိုက်တဲ့အတွက် ပြည်ထောင်စု ပြိုကွဲပျက်ဆီးသွား အောင် လုပ်တာနဲ့ တူတယ်ဆိုပြီးတော့ ထည့်သွင်းထားတာတွေ့ရတယ်။ ဆိုတော့ ဘယ်လို အကြောင်းအရာ တွေကို အခြေခံပြီး အဲဒီအချက်ကို ထည့်သွင်းထုတ် ပြန်ရတာလဲ။

ဖြေ – ဖိနှိပ်မှုမျိုးစုံနဲ့ ကျနော်တို့ကို နှစ်ပေါင်း ၇၀ လောက် အကြီးအကျယ် ဒုက္ခပေးခဲ့တာ။ ဒါပေမယ့် တိုင်းရင်းသားတွေကတော့ ဒီပြည်ထောင် စုကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တည်ဆောက်ကြရအောင် မျှမျှတတ ဖြစ်အောင်လုပ်ကြရအောင်ဆိုပြီး အကြိမ် ကြိမ် ပြောလာတယ်။ ဒါပေမယ့် အခု တစ်ကြိမ်မှာတော့ မြန်မာအစိုးရဖက်ကသာ ဒီလိုမျိုး ကျနော်တို့ လက် တွေ့ ရင်ဆိုင်လို့ မရတဲ့ အဆင့်မျိုးကို ဖန်တီးလာမယ်ဆိုရင် ဒါဟာ ပြည်ထောင်စုပြိုကွဲခြင်းရဲ့ အစဖြစ်သွား မှာပေါ့။ ဆိုလိုတာက သူတို့ဖက်က ပြည်ထောင်မစုချင်တော့ဘူးဆိုရင် ကျနော်တို့ဖက်ကလည်း စုနေစရာ အကြောင်းမရှိတော့ဘူး။ ဒါကြောင့်မို့လို့ အခုသူတို့ ကင်ပွန်းတပ်ထားတဲ့ ပြည်ထောင်စုက မဖြစ်သေးတဲ့ ပြည်ထောင်စုပေါ့ဗျာ။ အဲဒီမဖြစ်သေးတဲ့ ပြည်ထောင်စုက လုံး၀တရား၀င် ပျက်ပြယ်သွားမယ်ဆိုတဲ့ အနေအထား ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဒီမြန်မာအစိုးရက သူတို့လုပ်နေတဲ့ ထိုးစစ်တွေကို မရပ်ဘူး။ ဒီအ တိုင်းပဲ ဆက်ပြီးတော့ ဖိနှိပ်ဖို့အတွက် ကြိုးစားမယ်ဆိုရင် ကျနော်တို့ဖက်ကလည်းပဲ သူတို့နဲ့ အတူတူ နေလို့မရဘူးဆိုရင် ကိုယ့်လမ်းကိုယ် လျှောက်ရတော့မယ်။ ဒါကြောင့်မို့ အခုလုပ်နေတဲ့ မြန်မာအစိုးရရဲ့ လုပ်ရပ်တွေဟာ ပြည်ထောင်စုကို သူတို့ ဖြိုခွင်းတဲ့ လုပ်ရပ်ဖြစ်တယ်။ သူတို့ဖက်က တကယ် နောင်တ မရပဲနဲ့ ဆက်လုပ်မယ်ဆိုလို့ရှိရင်တော့ ဒါပြိုကွဲသွားမှာ သေချာသလောက်ရှိတယ်။

မေး – အစိုးရကနေ ULA/AA ကို အကြမ်းဖက်အဖွဲ့တို့ မတရားအသင်းတို ့အဖြစ် ကြေငြာလိုက်တဲ့အတွက် နောက်လာမယ့် နှစ်ဖက် တွေ့ဆုံဆွေးနွေးမယ့် အခြေအနေကရော ဘယ်လိုဖြစ်လာနိုင်သလဲ။

ဖြေ – ဒီကြေငြာချက်တွေကို ကြည့်လိုက်လို့ရှိရင် ဒီနေရာမှာ ပြောစရာ တစ်ခုရှိတာက ဥပမာ – စစ်တပ် ကတော့ သူတို့ ခေတ်အဆက်ဆက်မှာ တိုင်းရင်းသား လူမျိုးတွေကို ကမ်းကုန်အောင် ဖိနှိပ်လာ ခဲ့ တဲ့ သောင်းကျန်းသူ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တယ်။ ဒါပေမယ့်လို့ တိုင်းရင်းသားတွေဖက်က ဒေါ်အောင် ဆန်းစုကြည် အာဏာရလာရင် ဒီစစ်တပ်ဟာ ဒီအရပ်သားရဲ့ ဦးဆောင်မှုအောက်ကို ရောက်လာလို့ရှိရင် ကောင်းသွားမလားဆိုတဲ့ မျှော်လင့်ချက်တွေရှိတယ်။ ဒါပေမယ့် အရမ်း၀မ်းနည်းစရာ ကောင်းတဲ့ အချက်က အခု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က စစ်ရာဇ၀တ်ကောင်လို ဖြစ်နေပြီ။ ဘာ့ကြောင့် စစ်ရာဇ၀တ်ကောင် ဖြစ် နေပြီလဲဆိုရင် လွန်ခဲ့တဲ့ ၂၀၁၉ ဇန်နဝါရီလ ၇ ရက်နေ့ကနေစပြီးတော့မှ ULA/AA ကို ရခိုင်ဒေသ မှာ အမြစ်ပြုတ်တိုက်ဖို့အတွက် သူက အမိန့်ပေးတယ်။ အမိန့်ပေးတဲ့အတွက်ကြောင့် မြန်မာစစ်တပ်က ကျူး လွန်တဲ့ စစ်ရာဇ၀တ်မှုအားလုံးက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရမှာ တာ၀န်ရှိတယ်။ ဒါဟာ သူတို့ ကမ္ဘာသိ ကြေငြာထားတဲ့ ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကည်ကိုယ်တိုင်က အာဏာ ရှင် ဖြစ်သွားပြီ။ ဒါကြောင့်မို့လို့ တိုင်းရင်းသားတွေ အတွက်ကတော့ သူ့ဆီက ဘာမှ မျှော်လင့်လို့မရတော့ဘူး။ ရှင်းရှင်း လင်းလင်းပြောရမယ်ဆိုရင် ဘယ်ဗမာခေါင်းဆောင်မှာမှ တိုင်းရင်းသား တစ်ခြားလူမျိုး ကနေပြီးတော့ မျှမျှတတ ဖြေရှင်းပြီးတော့မှ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဆန္ဒ မရှိဘူးဆိုတာ ဒါက လုံး၀ဖော်ပြနေတာဖြစ်တယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသားတွေအတွက်ကတော့ ဘယ် ဗမာ နိုင်ငံရေး ခေါင်းဆောင်ကိုမှ ယုံကြည်လို့ မရတော့ဘူး။ အားကိုးစရာ မရှိတော့ဘူး။

မေး – အခုလို အနေအထားမျိုးမှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးမှု က ရှေ့ ဆက် ဘယ်လိုမျိုး ဖြစ်လာနိုင်သလဲ။

ဖြေ – ဆွေးနွေးပွဲတောင်ဖြစ်လာမလားဆိုတာ စဉ်းစားရမယ်။ အခုအချိန်မှာတော့ ဆွေးနွေးပွဲ ဖြစ်လာစရာ အကြောင်း မရှိတော့ဘူးလို့ ကျနော်က ထင်တယ်။ ဘာကြောင့်လို့လဲဆိုရင် မြန်မာစစ်တပ်က သူတို့ မီးကုန်ယမ်းကုန် တိုက်ဖို့ ပြင်ဆင်နေပြီဆိုတော့ အဲလိုမီးကုန်ယမ်းကုန်တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေတဲ့ အနေအထားမှာ တွေ့ဆုံဆွေးနွေးရေးဆိုတာကရော မျှော်လင့်နိုင်မှာလား ဆိုတာ မေးခွန်းထုတ်စရာရှိ တယ်။ ကျနော်တို့ ဒီ ညီနောင်မဟာမိတ်အဖွဲ့ကတော့ မြန်မာစစ်တပ်ဖက်ကသာ ဆွေးနွေးမယ်ဆိုရင် ကျနော်တို့ကတော့ အမြဲတမ်း အဆင်သင့် ရှိတယ်။ အချိန် နောက်မကျသေးဘူး။ ဒါပေမယ့် သူတို့ဖက်ကလည်း နောက်ထပ်ကမ်းကုန်အောင် မိုက်မယ်ဆိုလို့ရှိရင်တော့ ဒီပြည်ထောင်စုကို ဖြိုခွင်းတာ မြန်မာစစ်တပ်ပဲ မြန်မာဒီနိုင်ငံရေးခေါင်းဆောင်တွေပဲ ဆိုတာကတော့ ဒါလုံး၀ကို မှတ်တမ်း၀င်သွားမယ့် အနေအထားရှိတယ်။

မေး – Covid 19 ကို ထိရောက်စွာ တွန်းလှန်နိုင်ဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ကမ္ဘာနှင့်အ ၀န်း အပစ်ရပ်ဖို့ တောင်းဆိုထားပေမယ့် ရခိုင်ပြည်နယ်ဖက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်။ ဆိုတော့ တိုက်ပွဲတွေ ဆက်ဖြစ်ပွားရတဲ့ အဓိက အကြောင်းအရင်းက ဘာ့ကြောင့်လဲ။

ဖြေ – ကျနော်တို့ ရခိုင်လူမျိုးတွေအဖို့ကတော့ မြန်မာစစ်တပ်ဟာ ဒီ covid 19 ထက် အစပေါင်းများစွာ ကြောက်ဖို့ ကောင်းတယ်။ ဘာကြောင့်လဲဆိုရင် ရခိုင်ဒေသ မှာ ယခုအချိန်အထိ ကိုဗစ်နဲ့ သေတဲ့သူတစ်ယောက်မှ မရှိသေးဘူး။ (စစ်ကြောင့်) ဒုက္ခရောက်တဲ့သူတွေ၊ သေတဲ့လူတွေ နေ့စဉ်ရက်ဆက် ရှိတယ်။ ဒါကြောင့်မို့ မြန်မာစစ်တပ်ဟာ covid 19 ထက် အများကြီး အန္တရာယ်ရှိတယ်လို့ ကျနော်တို့ဖက်ကတော့ ခံယူထားတယ်။ ဒီလောက် ကမ္ဘာကြီးကပ်ဆိုက်တဲ့ အချိန်မှာတောင်မှ ကျနော်တို့ကို သတင်းမီဒီယာတွေ အမှောင်ချ ပိတ်ဆို့ထားပြီးတော့ လူမျိုးတုန်းသတ်ဖြတ်ဖို့အတွက် ကြိုးစားနေတယ် လို့ ပြောလို့ရတယ်။ ဒါကြောင့်မို့ အခုမြန်မာစစ်တပ်ဖက်က အခုနောက်ဆုံးပြင်ဆင်နေတဲ့ အနေအထားတွေ ဟာ ရခိုင်ဒေသမှာ နောက်တစ်ကြိမ် လူမျိုးတုန်းသတ်ဖြတ်မှုကို ဦးတည်တယ်လို့ ကျနော်တို့က ရှင်းရှင်းလင်းလင်းမြင်တယ်။ ဒါကြောင့်မို့ ကျနော်တို့ ULA/AA အနေနဲ့ကတော့ အစွမ်းကုန်ကြိုးစားပြီး ခုခံသွားဖို့အတွက် အဆင်သင့် ပြင်ဆင်ထားတယ်။

မေး – covid 19 ဖြစ်ပွားနေတဲ့ အခြေအနေမျိုးမှာ ULA/AA ဖက်ကနေ စစ်ရှိန်လျော့လိုက်ဖို့ အနေအထား မရှိ ဘူးလား။

ဖြေ – မြန်မာစစ်တပ်ဖက်က ဒီလောက်ထိုးစစ်တွေ ကျနော်တို့ကို ကြီးကြီးမားမား ဆင်ပြီးတော့မှ ရေကြောင်းကရော လေကြောင်းကရော ကြည်းတပ်ကရော လက်နက်ကြီးမျိုးစုံနဲ့ နေ့စဉ် ပစ်ခတ်နေတဲ့ အချိန် မှာ ကျနော်တို့ဖက်ကတော့ ခုခံရေးမှအပ တစ်ခြားနည်းလမ်းမရှိဘူး။ ဒါကြောင့်မို့လို့ လောလောဆယ်မှာ ကျနော်တို့ဖက်က စစ်ရှိန်လျော့သွားမလားဆိုတာကတော့ မြန်မာစစ်တပ်ရဲ့ ထိုးစစ်အပေါ်မှာပဲ မူတည်တယ်။ သူတို့ဖက်ကနေပြီးတော့ ထိုးစစ်ကို ကြီးကြီးကျယ်ကျယ် လုပ်သမျှကာလမှာတော့ ကျနော်တို့ ဖက်ကလည်း ခံစစ်ကိုတော့ ထိထိရောက်ရောက် လုပ်ရမှာ။

မေး – ULA/AA အနေနဲ့က ရခိုင်ပြည်နယ်မှာ ရှိနေတယ်။ ဆိုတော့ ရခိုင်စစ်ဘေးရှောင်တွေအတွက် covid 19 နဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်ဖို့ တစ်စုံတစ်ရာ စဉ်းစားထားတာရှိလား။

ဖြေ – လောလောဆယ်မှာတော့ ကျနော်တို့ ရခိုင်ပြည်သူတွေ အားလုံးက ကိုဗစ်ထက် မြန်မာစစ်တပ်ကို ကြောက်ပြီးတော့မှ ပြေးလွှားရှောင်တိမ်းနေရတဲ့ အနေအထားရှိတယ်။ တောကလူတွေ သက်သက်မဟုတ်ဘူး။ မြို့ပေါ်က လူတွေအတွက်လည်းပဲ ကျီးလန့်စာစားနေရတယ်။ မနေ့က ညမှာတောင်မှာ ဒီကျောက်တော်တောင် ပေါ် ကနေပြီးတော့ မြို့ဖက်ကို မြန်မာစစ်တပ်က သူတို့ စစ်သေနတ်တွေ လက်နက်ကြီးတွေနဲ့ သူတို့လှမ်းပစ်နေ တာ ရှိတယ်။ ဒီလိုမျိုး အနေအထား နောက်နေရာတွေမှာလည်း ဒီလိုပါပဲ နေ့ညမပြတ် မြန်မာစစ်တပ်ဖက်က လက်နက်ကြီးမျိုးစုံနဲ့ ကျနော်တို့ရဲ့ ရခိုင်ရွာတွေကို ဦးတည်ပြီးတော့မှ ပစ်ခတ်နေတာတွေရှိတယ်။ ဒါကြောင့်မို့လို့ ဒီအချိန်မှာ covid ထက် ကျနော်တို့က မြန်မာစစ်တပ်ကိုပဲ ကြောက်ဖို့ကောင်းနေတယ်။ ဒါကြောင့်မို့ ကျနော် တို့က ဒီကပ်ကို ကျနော်တို့ ရခိုင်တွေ ဘယ်လိုကျော်လွှားမလဲဆိုတာကို ကျနော်တို့ အာရုံစိုက်ပြီးတော့ လုပ် ဆောင်နေတယ်။

မေး – နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွတ်ပြောစရာများ ရှိသေးလဲ။

ဖြေ – ဖိနှိပ်မှုက လွတ်ဖို့ဆိုရင် ကျနော်တို့ရဲ့ ရကိ္ခတလမ်းစဉ်အတိုင်း ချီတက် ပြီးတော့မှ ကိုယ့်ကံကြမ္မာ ကိုယ်အပြည့်အ၀ ဖန်တီးနိုင်အောင် လုပ်ဆောင်နိုင်ဖို့ ရက္ခိတလမ်းစဉ်အတိုင်း တစ်သွေမတိမ်း ဆက်လက်ပြီး ချီတက်သွားမှာဖြစ်တယ်။

NMG မှ ‌ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here