“တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကိုသာ ကြေငြာလိုက်ရင် ကျန်တဲ့ တိုင်းရင်းသားတွေ အနေနဲ့ ရပ်တန့်ဖို့ အဆင်သင့်ပဲဆိုတာ ကျနော်တို့ နားလည်ပါတယ်” ပဒိုစောတာဒိုမူး (အထွေထွေအတွင်းရေးမှူးချုပ်၊ KNU)

0
207

ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူးနှင့် ဆက်သွယ်မေးမြန်းခြင်း

၂၉ မတ် ၂၀၂၀

လက်ရှိ ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် အသက်ရှုလမ်းကြောင်း ဆိုင်ရာ အဆုတ်ရောင်ရောဂါ ကပ်ဆိုးကြီးကို ထိထိရောက်ရောက် တွန်းလှန်နိုင်ဖို့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအဖြင့် အပစ်ရပ်ပေးဖို့ ကရင်အမျိုး သား အစည်းအရုံး KNU က အစိုးရနဲ့ တပ်မတော်ကို မတ်လ ၂၆ ရက် တွင် တောင်းဆို လိုက်ပါတယ်။ လက်ရှိမှာဆိုရင် ကိုရိုနာဗိုင်းရပ်စ် အသက်ရှုလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါဟာ ကမ္ဘာတစ်၀န်း ကူး စက်မှု လျင်မြန်စွာ ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံမှာလည်း လက်ရှိအချိန် အထိ ၈ ဦး ကူးစက်ခံထား ရပါတယ်။ အစိုးရအနေဖြင့် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်နေသကဲ့သို့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းတွေကလည်း ၎င်းတို့ ထိန်းချုပ်ရာ ဒေသတွေမှာ ရောဂါ ကာကွယ် တားဆီးရေး အတွက် အရှိန်မြင့် လုပ်ဆောင်လာနေကြတယ်လို့ သိရပါတယ်။ KNU အနေနဲ့ အစိုးရနဲ့ တပ်မတော်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ်ပေးဖို့ ဘာကြောင့် တောင်းဆို လိုက်တာလဲ။ ဒါအပြင့် ရက္ခိုင့်တပ်တော် AA အပေါ် အစိုးရက အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းအဖြစ် ကြေ ငြာလိုက်တဲ့အပေါ် KNU ရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ စတဲ့ အကြောင်းအရာတွေကို ကရင်အမျိုး သား အစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးကို ဆက်သွယ် မေးမြန်းထားပါတယ်။

မေး – KNU က ထိန်းချုပ်ထားတဲ့ ဧရိယာအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ဘာတွေလုပ် ဆောင်ထားပါ သလဲ။

ဖြေ- အဓိကကတော့ ကာကွယ်ရေးကို အဓိကထားပြီးတော့ အထူးသဖြင့် နယ်စပ်မှာ ရှိတဲ့ ရွာတွေမှာ ပညာပေးတဲ့ပုံစံပေါ့၊ နောက်ပြီးတော့ အဓိက သူတို့ ပညာပေးတာကတော့ ဒီ social isolation ပေါ့ ၊ distancing နဲ့ ကျနော်တို့ သီးသီးခြားခြားနေပေါ့။ ကျနော်တို့ self – isolation လိုဟာမျိုးတွေပေါ့။ ဆိုတော့ အဲလိုပုံစံမျိုးနဲ့ အပြင်က ပြန်လာတယ်ဆိုရင် ချက်ချင်း အိမ်ထဲမ၀င်ဖို့ စသဖြင့်ပေါ့နော်။ WHO က သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေ အတိုင်းပါပဲ အဲဒါကို အဓိက advocacy ပေါ့။

မေး – ဒေသအတွင်းက ရောဂါပိုးကူးစက်မှု အခြေအနေကရော ဘယ်လိုရှိနေသလဲ။

ဖြေ – လောလောဆယ်တော့ ထွေထွေထူးထူးတော့ ဘာမှမရှိပါဘူး။ ဘာမှ မရှိတဲ့အတွက်ကြောင့်ပဲ အထူးသဖြင့် social – distancing လို့ခေါ်တဲ့ လူမှု ဆက်ဆံရေး ပိုင်းဆိုင်ရာ အသွားအလာတွေ ခေတ္တရပ်ဆိုင်းထားဖို့ ၊ တစ်နေရာနဲ့ တစ်နေရာ သွားလာတဲ့ ဟာတွေကို ရပ်ထားတဲ့ဟာမျိုးတွေတော့ စည်းကမ်းချက်ထုတ်ပြီးတော့ အသွားအလာ သေရေးရှင်ရေး မလိုအပ်ဘဲနဲ့ မလုပ်ဖို့ပေါ့။

မေး – KNU ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေ ဖက်မှာရော လူသူ သွားလာလှုပ်ရှားမှုတွေ ရှိသလား။ အဲဒီဒေသ တွေမှာ ရောဂါကာကွယ်ရေးအတွက် ဘာတွေလုပ်ဆောင်ထားသလဲ။

ဖြေ – ထွေထွေထူးထူးကို အုတ်နှင့်သောင်းနှင့် ကူးတာ ဖြတ်တာတွေတော့ မရှိပါဘူး။ ပုံမှန်အတိုင်းပါပဲ။ အဓိကကတော့ နယ်စပ် တပ်မဟာတွေဖြစ်တဲ့ KNU တပ်မဟာတွေ ဖြစ်တဲ့ ဒီဖားအံ ခရိုင်တို့ တပ်မဟာ ၆၊ တပ်မဟာ ၇ နဲ့ တပ်မဟာ ၄ ပေါ့။ အထူးသဖြင့် နယ်စပ်ပိုင်းဆိုင် ရာတော့ နည်းနည်း ပိုပြီးတော့ medic တွေက အားစိုက်ပြီးတော့ နယ်စပ်မျဉ်းတစ်လျှောက်မှာ ရှိတဲ့ ရွာတွေ သွားပြီးတော့ ကျနော်တို့ advocacy လုပ်တာ။ သူတို့ ဘယ်လိုသတိထားရမလဲ၊ နေထိုင်ရမလဲ ဆိုတာ အသိပညာ ပေးတာတို့ လုပ်တာ ရှိပါတယ်။

မေး – မတ်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ တစ်နိုင်ငံလုံး အပစ်ရပ်ဖို့ တောင်းဆိုထားတာတွေ့ရတယ်။ အဲဒီ အချက်ကို ထုတ်ပြန်ချက်ထဲမှာ ဘာကြောင့် ထည့်သွင်းရတာလဲ။

ဖြေ – ကိုရိုနာ ဗိုင်းရပ်စ်က pidemic လို့ ခေါ်တဲ့ ကပ်ဆိုးကြီးဖြစ်နေတာကိုး။ ဆိုတော့ ကပ်ဆိုးကြီး ဖြစ်နေတဲ့ အချိန်မှာ ကျနော်တို့ အားလုံး လူသားဆန်ဆန် ဒီကပ်ဆိုးကြီးကို အတူတကွ တိုက်ဖျက်ကြဖို့ လို တာပေါ့။ အဲတော့ ဒီကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ စာထဲမှာလည်း တိုက်တာခိုက် တာတွေ ပစ်တာခတ်တာတွေ ရပ်စဲပြီးတော့ အကုန်လုံးအတူတကွ ဒီကပ်ဆိုးကြီးကို အတူတကွ ဝိုင်း၀န်း တွန်းလှန်တိုက်ဖျက်တဲ့ နေရာမှာ အဲဒီအင်အားတွေကို အသုံးပြုသွားမယ်ဆိုရင် ပိုပြီးတော့ ကောင်းမယ်ဆိုတဲ့ အကြံပြုချက်ကို အခြေခံပြီး ကျနော်တို့ နိုင်ငံမှာလည်း အထူးသဖြင့် ပြောချင်တာက IDPs တွေပေါ့။ IDPs တွေက နဂိုကတည်းကိုက သူတို့ရဲ့ ကျန်းမာရေးနဲ့ လူမှုရေး အနေအထားတွေက တကယ်ကို အခြေခံပဲရှိပါတယ်။ အဲဒီတော့ ဒီကပ်ဆိုးတွေ မတော်တဆများ ၀င်သွားခဲ့မယ်ဆိုရင်တော့ ထိန်းရသိမ်းရတာ အရမ်းခက်ပါလိမ့်မယ်။ အထူးသဖြင့် ဒီမှာလည်း IDPs တွေ ရှိနေတုန်းပဲ၊ ရှမ်းမြောက်မှာလည်း ရှိတယ်၊ ရခိုင်ဖက်မှာလည်း ရှိတယ်။ ဆိုတော့ အထူးသဖြင့် ဒီလိုတိုက်တာ ခိုက်တာတွေကို အပစ်ခတ်ရပ်ခြင်းအားဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အကြံပြုချက်အတိုင်း စစ်တပ်နဲ့ အစိုးရ အနေနဲ့ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးကို ကြိုတင်ကန့်သတ်ချက်မရှိဘဲနဲ့ ကြေငြာလိုက်ခြင်းအားဖြင့် ပြည်တွင်းနေရပ် စွန့်ခွာ တိမ်းရှောင်နေရတဲ့ ပြည်သူလူထုတွေ အတွက်လည်း ပိုပြီးတော့ သက်သက်သာသာ ဖြစ်လာမယ်။ ပြီးတော့ မလိုအပ်တဲ့ တိုက် တာခိုက်တာဆိုတဲ့ ဒီ Institution တွေရဲ့ ဒီလုပ်ဆောင်ချက်တွေကိုလည်း လူသား အချင်းချင်း ဒီကပ် ဆိုးကို ကာကွယ်ဖို့အတွက် အထောက်အကူပေးတဲ့ နေရာမှာ ပြန်လည်အ သုံးပြုနိုင်မယ်ဆိုရင် ပိုပြီးတော့ သင့်တော်မယ်ဆိုတဲ့ အခြေခံကိုလည်း ပြောချင်တာ ဖြစ်ပါတယ်။

မေး – တစ်နိုင်ငံလုံး အပစ်ရပ်ဖို့က အစိုးရနဲ့ တပ်မတော်ကိုပဲ တောင်းဆိုချင်တာလား သို့မဟုတ် တစ်ခြား လက်နက်ကိုင် အဖွဲ့တွေကိုရော တစ်စုံတစ်ရာ တောင်းဆိုချင်တာတွေရှိသလား။

ဖြေ – ကျနော်တို့ မြင်တာက တကယ်လို့ တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံး အနေနဲ့ အပစ်ခတ်ရပ်စဲရေး ကိုသာ ကြေငြာလိုက်မယ်ဆိုရင် ကျန်တဲ့ တိုင်းရင်းသားတွေ အနေနဲ့က ရပ်တန့်ဖို့ အဆင်သင့်ပဲဆိုတာ ကျနော်တို့ နားလည်ပါတယ်။ ဆိုတော့ အကုန်လုံးက ကိုယ့်နေရာ ကိုယ် နေနေရတယ်ဆိုတော့ တကယ်လို့ တိုက်တာခိုက် တာတွေ ဒီထိုးစစ်တွေ မရှိဘူးဆိုရင်တော့ ပစ်ခတ်တာ ရပ်ထားပြီးသားပဲ ဖြစ်ပါလိမ့်မယ် ။ အဲလိုပဲ မြင်တဲ့ အတွက်ကြောင့် ဒီအစိုးရနဲ့ တပ်မတော်အနေနဲ့ သဘောထား ကြီးကြီးနဲ့ တစ်နိုင် ငံလုံး အပစ်ခတ်ရပ်စဲရေးကို ကြေငြာလိုက်တယ်ဆိုရင်တော့ အထူးသဖြင့် ဒီကပ်ဆိုးကို ကြုံတွေ့ရတဲ့ ပြည်သူ လူထုတွေ မကဘဲနဲ့ IDPsရှိရာ ဒေသမှာလည်း ပိုမိုပြီး ဒီရောဂါကူးစက်ရေးအတွက် ပိုမိုစိတ်ချနိုင်မယ်။ နောက်ပြီးတော့ နိုင်ငံရေးအရလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အတွေးအခေါ် အယူအဆတွေ ပိုပြီးတော့ ခိုင်မာလာမယ်။ အဲတော့ ဒါတွေက ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပေးမှာ ဖြစ်ပါတယ်။

မေး – ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ကမ္ဘာ့ အရပ်ရပ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့ ပြောဆို လိုက်တဲ့ နောက်ပိုင်း အစိုးရက ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့နဲ့ မတရားအသင်းအဖြစ် ကြေငြာ လိုက်တယ်ဆိုတော့ ရခိုင်ဖက်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်သလား။ KNU အနေနဲ့ ဘယ်လို သုံးသပ်သလဲ။

ဖြေ – ဒီလိုအချိန်မှာ နိုင်ငံတကာ မိသားစုထဲမှာ ရှိနေတဲ့ မြန်မာနိုင်ငံ အနေနဲ့လည်း တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ကပ်ဆိုးကြီးကို တွန်းလှန်တဲ့ နေရာမှာ အတူတကွ ပါ၀င်ပါတယ်ဆိုတဲ့ အနေအထားကို ပြသတဲ့ အနေနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ကြေငြာလိုက်တာက အင်မတန် ကောင်း မွန်သင့်လျော်တဲ့ ကိစ္စရပ်တစ်ခုလို့ မြင်ပါတယ်။ အမှန်ကတော့ ဒီကိစ္စတွေက နိုင်ငံရေး ပြဿနာတွေကြီးပါပဲ။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းနဲ့သာ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ အဲတော့ နိုင်ငံရေးအရ တစ်နိုင်ငံလုံးကို လွှမ်းခြုံပြီးတော့ တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့အတွက် တိကျ တဲ့ မူဝါဒတွေ အခြေခံဖို့လိုပါတယ်။ အဲဒီ တိကျတဲ့ မူဝါဒတွေ မရှိဘဲနဲ့ နိုင်ငံရေး ပြဿနာကြောင့်ဖြစ်ပေါ်တဲ့ နိုင်ငံရေး အခြေခံတွေ အပေါ်မှာ နိုင်ငံရေးအရ မဖြေရှင်းဘဲနဲ့ ဒီလိုအင်အားသုံးပြီး ဖြေရှင်းတဲ့ ပုံစံမျိုးတွေကတော့ ရေရှည်မှာ အားလုံးအတွက် မကောင်းဘူး။ အထူးသဖြင့် ကျနော်တို့ နဂိုကတည်းက ကပ်ဆိုး အနေအထားမှာ ကြုံတွေ့နေရတဲ့ ကာလမှာ အခုလိုမျိုး IDP တွေ ပိုပြီးမှ ဒုက္ခရောက်လာမယ့် ပုံစံမျိုးတွေ ကို မြင်တွေ့ရလာနိုင်ပါတယ်။ ဒါတွေက အင်မတန် စိုးရိမ်စရာကောင်းပါတယ်။

မေး – ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကာကွယ်မှု အပိုင်းမှာ သော်လည်းကောင်း လက်ရှိ ရခိုင်မှာ ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေအပေါ်မှာ သော်လည်ကောင်း ဘာများ ဖြည့်စွတ်ပြောစရာ များရှိသေးလဲ။

ဖြေ – အဓိကကတေ ပေါ်လစီက လူလုပ်တာပဲလေ၊ လူက ပြန်ခြေဖျက်လို့ ရပါတယ်။ တစ်နိုင်ငံလုံး ရဲ့ ရှေ့ရေး အမှန်တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးကို အခြေ ခံတဲ့ မူဝါဒမျိုးကို ပြန်လည် ပြင်ဆင်လိုက်မယ်ဆိုရင်တော့ နိုင်ငံအတွက် အနာဂတ်ဟာ ပိုပြီးတော့ ကောင်းလာလိမ့်မယ်။ အထူးသဖြင့် တာ၀န်ရှိတဲ့ နိုင်ငံတော် အစိုးရသာမကဘူး၊ တပ်မတော်သော်လည်း ကောင်း လေးလေး နက်နက်နဲ့ အမျိုးသား ရင်ကြားစေ့ရေးကို အခြေခံတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးတည်တဲ့ လုပ်ရပ်တွေနဲ့ မူဝါဒတွေကို ချဖို့ ကျနော်တို့ တိုက်တွန်းလိုပါတယ်။

အားမီ(NMG)-မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here