KIO/KIAနယ်မြေမှ AA ပြောင်းရွှေ့ရန် တပ်သတိပေး

0
84

၃ဝ မတ် ၂၀၂၀

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နယ်မြေအတွင်းက ရကိ္ခုင့်တပ်တော်(AA) ကို ပြောင်းရွှေ့ခိုင်းရန် မြောက်ပိုင်းတိုင်း စစ်ဌာချုပ် တိုင်းမှူးက ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် PCG မှ တဆင့် ပြောဆိုလိုက်သည်။

PCG အကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာ က “ဒီလ၂၀ ရက်နေ့မှာ မြောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကနေပြီး ကျနော်တို့ကို ခေါ်ယူပြီး ကေအိုင်အိုကို အကြောင်းကြားခိုင်းတာ ရှိပါတယ်။ AA အဖွဲ့ကို အဲမှာ မရှိဖို့အတွက် အကြောင်းကြားတဲ့တာ ရှိပါတယ်။ အဲဒါကတော့ အခု KIO ကိုတော့ တိုက်မှာ မဟုတ်ဘူး၊ KIO နဲ့ ပြဿနာ မရှိပေမယ့် KIO ဌာနချုပ်မှာ AA အဖွဲ့တွေက ရှိနေတယ်ဆိုတော့ သူတို့အနေနဲ့တော့ AA ကိုတိုက်ထုတ်မှာ ဖြစ်တဲ့ အတွက်ကြောင့် AA ရှိနေရင်တော့ AA ကို တိုက်မှာ ဖြစ်တယ်။ ဒါကြောင့် AA ကိုတော့ အဲမှာ မနေဖို့ အတွက် မောင်းထုတ်ဖို့အတွက် KIO ကို ပြောခိုင်းဖို့ သွားပြောဖို့အတွက်ဆိုပြီး ကျနော်တို့ကို ပြောလိုက်တာ ရှိတယ်။ အဲဒီအပေါ်မှာ ပြောတဲ့ အတိုင်း ပဲ ကျနော်တို့ကလည်း KIO ကိုလည်း AA အဖွဲ့ကို အဲမှာ မရှိဖို့ အတွက် အကြောင်းကြားတဲ့တာ ရှိပါတယ်” ဟု ဆက်ပြောသည်။

ရက္ခိုင့်တပ်တော် AA အနေဖြင့် လိုင်ဇာတွင် စစ်သင်တန်းလေ့ကျင့်မှုသာရှိပြီး ၎င်းတို့၏ ဌာနချုပ်မှာ လိုင်ဇာ တွင် မရှိဘူးဟုလည်း PCG က ပြောသည်။

“ကျနော်တို့ သိရသလောက်ကတော့ အဲမှာ စစ်သင်တန်းတက်တာပေါ့ သင်တန်းတက်ပြီးနေတယ် ဆိုတာ ကတော့ သိရတာပေါ့။ ဌာနချုပ်ကတော့ အဲမှာ မရှိဘူးလို့တော့ ထင်တာပဲ” ဟု ဦးလမိုင်ဂွန်ဂျာ က ဆက် ပြောသည်။

မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရ က ထုတ်ပြန်ကြေညာပြီးနောက် AA အား KIO နယ်မြေအတွင်းမှ မောင်းထုတ်ရန် ဖိအားပေးခြင်းဖြစ်နိုင်သည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ကတော့ “မနှစ်က ဆွေးနွေးပွဲတွေမှာတုန်းကတော့ AA ဟာ လိုင်ဇာမှာပဲ ရှိတယ်၊ ရှိရမယ်လို့ ပြောခဲ့ပြီးတော့ ဒီနှစ်ကြတော့ လိုင်ဇာမှာ မရှိရဘူးလို့ ပြောလာတာကတော့ အပြောင်းအလဲတစ်ခုလို့ ပြောရမှာပေါ့။ ဒါလည်း AA ကို မတရားအသင်းကြေညာတာ၊ အကြမ်းဖက်အဖွဲ့ ကြေညာတာတွေနဲ့ ပတ်သက်တယ်လို့ ထင်တယ်။ နောက်တစ်ခုကတော့ AA အနေနဲ့ လိုင်ဇာ အခြေပြုပြီး တော့ လေ့ကျင့်ရေးလုပ်နေတာတွေ ထောက်ပို့လုပ်နေတာတွေ ဖြတ်တောက်ဖို့ စဉ်းစားတယ်နဲ့ တူပါတယ်။ အဲ့ဒီအခြေခံအပေါ်မှာ ဒီလိုဖိအားပေးတာတွေ ပေါ်ထွက်လာတယ်လို့ပဲ ပြောရမှာပဲ” ဟု ပြောသည်။

လက်ရှိသွားနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများအားပါ တစ်စုံတစ်ရာ ထိခိုက်မှုရှိနိုင်သည်ဟု အကျိုးဆောင်များနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က တစ်စုံတစ်ရာ မသိရသေးဘူးဟု ပြောသည်။

AA အား KIO နယ်မြေအတွင်းမှ မောင်းထုတ်ရန် ဖိအားပေးလာသည့် အခြေအနေများနှင့် ပတ်သက်၍ KIO ပြန်ကြားရေးအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

PCG အနေဖြင့် KIO အား အကြောင်းကြားခဲ့ရာတွင် “အဲဒါကတော့ သူတို့အနေနဲ့တော့ ဘာပဲဖြစ်ဖြစ် AA အဖွဲ့ကလည်းပဲ သူတို့ FPNCC အဖွဲ့၀င်တွေ ဖြစ်တဲ့အတွက်ကြောင့် သူတို့နဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့မှ အဲမှာမနေအောင် တစ်စုံတစ်ခုတော့ ဖြစ်လာမယ်ဆိုတဲ့ အကြောင်းတော့ အကြောင်းပြန်တာပေါ့” ဟု ဦးလမိုင်ဂွန်ဂျာ က ပြောသည်။

မတ်လ ၂၃ ရက်နေ့က ရက္ခိုင့်တပ်တော် ULA/AA အား မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရ က ထုတ်ပြန်ကြေညာထားသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်နှင့် ရက္ခိုင့်တပ် တော် ULA/AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ က ထုတ်ပြန်ထားသည်။

ULA/AA သည် ဒေသခံပြည်သူများအား အကာအကွယ်ရယူ၍၊ တပ်မတော်စစ်ကြောင်းများ၊ မြန်မာနို်င်ငံ ရဲ တပ်ဖွဲ့ဝင်များ၊ လုံးခြုံးရေးစခန်းများစခန်းများကို တိုက်ခိုက်ခြင်း၊ အစိုးရဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေး မှူးများနှင့် ဒေသခံပြည်သူများအား သတ်ဖြတ်ခြင်းအပြင် ကျေးရွာများအတွင်း မိုင်းထောင်ခြင်း၊ ပစ်ခတ်ခြင်း၊ ဖောက်ခွဲခြင်းများ ပြုလုပ်နေသည့်အတွက် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာရခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ၊ ရက္ခိုင့်တပ်တော်(ULA/AA)၊ တအာန်း(ပလောင်)လက်နက်ကိုင်အဖွဲ့(PSLF/TNLA ) နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့(NMDAA)တို့သည် အစိုးရ၊ တပ်မတော်တို့နှင့် Bilateral အပစ်ရပ်လက်မှတ်ရေး ထိုးနိုင်ရေးဆွေးနွေးနေသည့် အဖွဲ့များ ဖြစ်ကြသည်။

အားမီ(NMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here