ပလက်၀ ပြည်သူ့ဆေးရုံတွင် Covid-19 စောင့်ကြည့်လူနာ (၄) ဦးရှိ၊ အခြေခံဆေးဝါးများ လိုအပ်နေ

0
122

၂၉ မတ် ၂၀၂၀။

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်၀မြို့ပြည်သူ့ဆေးရုံတွင် နိုင်ငံခြားမှပြန်လာသည့် Covid-19 စောင့်ကြည့်လူနာ (၄) ဦးရှိပြီး အခြေခံဆေးဝါးများလည်းလိုအပ်နေသည်ဟု သိရသည်။

ပလက်၀မြို့နယ်တွင် တရုတ်နိုင်ငံမှ ပြန်လာသူ (၁၈) ယောက်၊ စကာၤပူနိုင်ငံမှ (၃) ယောက်နှင့် ကာတာနိုင်ငံမှ (၁) ယောက် စုစုပေါင်း (၂၂) ယေက်ကို ပလက်ဝပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ်ထားရှိကာ စောင့်ရှောက်လျက်ရှိသည်။

ယင်းတို့နက် (၁၇) ဦးမှာ စောင့်ကြည့်ရက်ကာလ (၁၄) ရက်ကျော်လွန်ပြီဖြစ်ပြီး ရောဂါလဏ္ခာတစ်စုံတစ်ရာ မတွေ့ရှိရသည့်အတွက် ပြန်လွှတ်လိုက်ပြီဟု ပလက်၀ပြည်သူ့ဆေးရုံမှ ယာယီတာ၀န်ခံ ဒေါက်တာအေးကျော်ကပြောသည်။

ယခုလက်ရှိ ပလက်၀ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာ (၄) ဦးသာကျန်ရှိတော့ပြီး တစ်ဦးမှာ ဆမီးမြို့တွင် Home Quarantine အဖြစ် စောင့်ကြည့်လျက်ရှိကာ ၎င်းတို့၏ ကျန်းမာရေးအခြေအနေသည်လည်း ကောင်းမွန်သည့်အတွက် မကြာမီရက်ပိုင်းအတွင်း စောင့်ကြည့်လူနာအဖြစ်မှ လွတ်မြောက်ကြတော့မည်ဟု ဒေါက်တာအေးကျော်ကဆက်ပြောသည်။

“အခုဆေးရုံမှာရှိတဲ့သူတွေဟာ ဒီနေ့ဆိုရင် အဖျားလုံး၀မရှိတော့ဘူး၊ ချောင်းဆိုတာ၊ နှာစီးတာမရှိဘူး၊ နောက်ထပ် (၃) ရက်လောက်ဆိုရင် စောင့်ကြည့်လူနာအဖြစ်ကနေလွတ်တော့မှာပါ’’ ဟု ဒေါက်တာအေးကျော်ကပြောသည်။

ပလက်၀မြို့နယ်သည် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားနေသည့်ဒေသဖြစ်ပြီး ယခုလက်ရှိတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့်အပြင် ညမထွက်ရအမိန့်လည်း ထုတ်ပြန်ထားသည့်ဒေသဖြစ်သည်။

ထို့အပြင် တိုက်ပွဲများကြောင့် ရေလမ်း၊ ကုန်လမ်း အစရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်လျက်ရှိသည့်အပြင် ပလက်၀မြို့နယ်တွင် ဆန်၊ ဆီ၊ ဆား စသည့် အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများလည်း ပြတ်လတ်တော့မည်ဟုသိရသည်။

ပလက်၀မြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစိုးသက်၀င်းက “အဓိက ကတော့ ကိုဗစ်ကာကွယ်ဖို့ နှာခေါင်းစီး (Mask) တို့၊ လက်ဆေးရည် (Handgel) တို့၊ အပူချိန်တိုင်းတဲ့ သာမိုမီတာတို့လိုအပ်တယ်၊ လတ်တလောသုံးဖို့တော့ရှိတယ်၊ ဒါပေမယ့် ကြာလာရင် ပြတ်လတ်တော့မယ့်အနေအထားမှာရှိနေတယ်’’ ဟုပြောသည်။

ပလက်၀မြို့နယ်သည် အင်တာနက်လိုင်းများဖြတ်တောက်ခံထားသည့်အတွက် Covid-19 နဲ့ပတ်သက်၍ ကျန်းမာရေး၀န်ကြီးဌာနထုတ်ပြန်သော အသိပညာပေးမှုများ၊ ရောဂါအခြေအနေနှင့်ပတ်သက်သော သတင်းများကို ဒေသခံပြည်သူများမှ သိရှိ၍မရနိုင်သည့်အတွက် လက်ကမ်းစာစောင်များ၊ အသံချဲ့စက်များဖြင့် မြို့ပေါ်ရပ်ကွက်တွင် လိုက်လံဆော်သြနေကြရသည်ဟုသိရသည်။

ပလက်၀မြို့နယ် အင်တာနက်လိုင်းများပိတ်ထားသော်လည်း ပြည်နယ်အစိုးရမှ COVID-19 နှင့်ပတ်သက်ပြီး ဖုန်းဖြင့်သော်လည်းကောင်း၊ မြို့နယ်များထံ တရား၀င်စာများဖြင့် ရောဂါကာကွယ်ရေး အသိပညာပေးမှုများ လုပ်ဆောင်နေကြောင်း ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် စည်ပင်၀န်ကြီး ဦးစိုးထက်ကပြောသည်။

“အင်တာနက်မရရင်လည်း ကျနော်တို့ ပြည်နယ်ကနေပြီးတော့ မြို့နယ်တွေကို တရား၀င်စာတွေနဲ့ ပို့တာတွေရှိတယ်၊ မတူပီကနေတဆင့် ပြန်ဖြန့်ပေးရမှာ အင်တာနက်မရပေမဲ့ ကျနော်တို့ ဖုန်းလိုင်းတွေရှိတယ်၊ ကြေးနန်းပို့တဲ့လမ်းကြောင်းရှိတယ်၊ တယ်လီဖုန်းနဲ့ပြောဆိုပြီးတော့ ဒီလိုလမ်းညွှန်တာတွေရှိတယ်၊ အခုက တယ်လီဖုန်းလိုင်းတွေရနေတဲ့အတွက် အဲဒီတာ၀န်ရှိတဲ့လူတွေကို ပြည်နယ်ကနေ တိုက်ရိုက် လမ်းညွှန်ချက်တွေပေးနေတာတွေရှိပါတယ်၊ အင်တာနက်လိုင်းပေါ်တင်လို့မရပေမဲ့ ကြေးနန်းလမ်းလည်းရှိပါတယ်” ဟု စည်ပင်၀န်ကြီး ဦးစိုးထက်ကပြောသည်။

ကမ္တာတလွှားလက်ရှိပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါသည် မြန်မာနိုင်ငံတွင်လည်း (၈) ဦးတွေ့ထားပြီဖြစ်ပြီး (၁) ဦးမှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံတွင် သီးသန့်ကုသလျက်ရှိကြောင်း၊ ရန်ကုန်မြို့တွင် (၅) ဦး၊ နေပြည်တော်တွင် (၁) ဦး၊ မန္တလေးမြို့တွင် (၁) ဦး တွေ့ရှိထားကြောင်း ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။

လားနွန် (ခိုနူမ်းသုန်) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here